Age is just a number ဖြစ်ကြောင်းပြသပြီး ဘယ်တော့မှ နားမယ်ဆိုတာ ဖွင့်ပြောလာတဲ့ ဇလာတန်

 

အေစီမီလန် အသင်းရဲ့ တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ် ဟာ ယမန်နေ့ ညက ကစား ခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ဆရာဟောင်း မော်ရင်ဟို ရဲ့ ရိုးမား အသင်း ဘက်ကို ဖရီးကစ် ကနေ ဂိုးသွင်းယူခဲ့ ပါတယ် ။

ဒီဂိုး ဟာ ဇလာတန် အတွက် ပရို ကစားသမား ဘ၀ မှာ ဂိုး ၄၀၀ မြောက်ခဲ့သလို စီးရီးအေ ကစားသမားဘ၀ ဂိုး ၁၅၀ ပြည့် သွင်းဂိုးလည်း ဖြစ်ခဲ့ ပါတယ် ။

ဇလာတန် ဟာ အောက်တိုဘာ အစောပိုင်း တုန်းက အသက် ၄၀ ပြည့်မြောက် ခဲ့သူ ဖြစ်ပြီး ခုချိန်ထိ ဂိုးသွင်း အား ကောင်းနေဆဲ ဖြစ်ပါတယ် ။

မနေ့ညက သူ့ရဲ့ ဂိုးဟာ ဆရာဟောင် မော်ရင်ဟို ရဲ့ စီးရီးအေ အိမ်ကွင်း ၄၂ ပွဲဆက်တိုက် ရှုံးပွဲ မရှိတဲ့ မှတ်တမ်းကောင်းကိုလည်း ရိုက်ချိုး သွားခဲ့ ပါတယ် ။

“အခုလို အကြာကြီး ကစားနိုင်တဲ့ အဓိက လျှို့ဝှက်ချက် ကတော့ စိတ် ပါပဲ ။ ၄၀ ဆိုတာဟာ ကိန်းဂဏန်း တခုပါပဲ ဆိုတာကို သက်သေပြဖို့ ကျွန်တော် ကြိုးစား နေတာပါ ။

ကျွန်တော် ချစ်တဲ့ ဘောလုံးမှာ ကျွန်တော် ဆက်ပြီး ကစားနိုင်သေးတယ် ဆိုတာ ကိုပေါ့ ။

ငယ်ငယ် တုန်းကလို ပုံစံမျိုး နဲ့တော့ မကစားနိုင်တော့တာ အသေအချာပဲလေ ၊ ဒါပေမယ့် အခုချိန်မှာ အရင် ကထက် ပိုပြီး အတွေ့အကြုံ များလာတယ် ၊ ပိုပြီး ခေါင်းသုံး ကစားလာနိုင်တယ် ။ ပိုတိုးတက်လာတယ် လို့ ခံစားမိ ပါတယ်”

“ကျွန်တော့ အနေအထား ကိုတော့ ဘာမှ သံသယ မရှိပါဘူး ။ ခုချိန်ထိ ကျွန်တော် က အကောင်းဆုံး တယောက်ပါပဲ ။ ဒီအတွက် ဘာမှ သက်သေပြစရာလည်း မလိုပါဘူး ။

ခုချိန် မှာ ကျွန်တော် နားဖို့ စိတ်ကူးမရှိပါဘူး ။ နားပြီးမှ နောင်တ ရတာမျိုးလည်း မဖြစ်ချင်လို့ပါ ။

ကျွန်တော့ကို ကန်မထုတ် မချင်း ကျွန်တော် ကစားနေဦး မှာပါပဲ ။ တနေ့မှာတော့ ကျွန်တော် ရပ်ရမယ့် အချိန် ရောက်လာမှာပါ ။ အဲ့ဒိ အချိန်ကျရင် ကျွန်တော် နောင်တကင်းကင်း နဲ့ အနားယူ သွားမှာပါ” လို့ ဇလာတန် က ပွဲ အပြီးမှာ ပြောဆို သွားခဲ့ ပါတယ် ။

အေစီမီလန် ဟာ ဒီနိုင်ပွဲကြောင့် စီးရီးအေ အမှတ်ပေး ဇယား မှာ ၃၁ မှတ် နဲ့ အဆင့် ၁ နေရာက နာပိုလီ နဲ့ ရမှတ်တူ ရပ်တည် နေခဲ့ ပါတယ် ။

မီလန် ဟာ ဥရောပ ( ချန်ပီယံလိဂ် ) မှာ အခြေအနေ မကောင်းပေမယ့် ပြည်တွင်း မှာတော့ ဝေးကွာ နေတဲ့ ဆုဖလားကြီး ကို ပြန်လည် ရယူဖို့ အားခဲ ထားပြီး အသင်းရဲ့ အနေအထားဟာလည်း ဒီဘက်နှစ်တွေ မှာ အတောင့်တင်းဆုံး အခြေအနေ ရှိနေတယ်လို့ အီတလီ သတင်းစာတွေက သုံးသပ် ထားကြပါတယ် ။

အေစီမီလန် ဟာ လာမယ့် ချန်ပီယံလိဂ် မှာ ပေါ်တို အသင်းနဲ့ ရင်ဆိုင် ရမှာ ဖြစ်ပြီး အဲ့ဒိ နောက်မှာတော့ မြို့ခံ ပြိုင်ဘက် အင်တာမီလန် နဲ့ မီလန်ဒါဘီ ကို လာမယ့် ပိတ်ရက် မှာ ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ် ပါတယ် ။

 

SPORTS MYANMAR