၇ ခုမြောက် ရွှေဘောလုံးဆုနဲ့ ပတ်သက်ပြီး ထင်မြင်ချက်ပေးလိုက်တဲ့ လီယွန်နယ်မက်ဆီ

အာဂျင်တီးနား နဲ့ PSG တိုက်စစ်မှူးကြီး လီယွန်နယ် မက်ဆီ ဟာ မကြာခင် ပေးအပ်တော့မယ့် ရွှေဘောလုံးဆု နဲ့ ပတ်သက်ပြီး သူ့ရဲ့ ထင်မြင် ယူဆချက်ကို အရိုးသားဆုံး ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

မက်ဆီ ဟာ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ကျင်းပမယ့် ၂၀၂၁ ခုနှစ် အတွက် ရွှေဘောလုံး ဆုပေးပွဲ မှာ ဆုရဖို့ ရေပန်း အစားဆုံး ကစားသမား တယောက် အဖြစ် ရှိနေ ပါတယ် ။

မက်ဆီ ဟာ ဘောလုံး လောကရဲ့ ဂုဏ်သိက္ခာမြင့် ဆုတခု ဖြစ်တဲ့ ရွှေဘောလုံး ဆုကို ၆ ကြိမ်နဲ့ အများဆုံး ရယူ ထားနိုင်သူ အဖြစ် ရှိနေပြီး ဒီနှစ်မှာ ထပ်မံ ရရှိခဲ့မယ် ဆိုရင်တော့ ၇ ကြိမ်မြောက် အောင်ပွဲရှင် ဖြစ်လာတော့ မှာပါ ။

မက်ဆီ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ဘာစီလိုနာ အသင်းနဲ့ စပိန် ပြည်တွင်း ရှုံးထွက်ဖလား ကို ရယူ နိုင်ခဲ့သလို ပြည်တွင်း အမှတ်ပေး ပြိုင်ပွဲမှာလည်း ဂိုးသွင်း ဘုရင် ဖြစ်ခဲ့ ပါတယ် ။ ဘောလုံး ရာသီ ၂ ခု အကြားမှာ ကျင်းပ ခဲ့တဲ့ ကိုပါ အမေရိက မှာလည်း အာဂျင်တီးနား နဲ့ အတူ ဗိုလ်စွဲ ခဲ့ပြီး အကောင်းဆုံး ဘောလုံးသမားဆု နဲ့ ရွှေဖိနပ်ဆုတွေကို ရရှိခဲ့ ပါတယ် ။

ဒီရာသီမှာတော့ မက်ဆီ ဟာ ဘာစီလိုနာ ကနေ PSG ကို ပြောင်းရွှေ့ လာခဲ့ပြီး လိဂ်အသစ် မှာ အသင်းသစ် နဲ့ အသားမကျ ဖြစ်နေခဲ့ ပါတယ် ။

ဒါပေမယ့် ရွှေဘောလုံး အတွက် ရေပန်းစားမှု မှာတော့ အမြင့်ဆုံးတွေ ထဲမှာ ပါဝင်နေဆဲ ပါ ။

မက်ဆီ ဟာ လက်ရှိ အချိန်မှာတော့ အာဂျင်တီးနား အသင်းနဲ့ ကမ္ဘာ့ ဖလား ခြေစစ်ပွဲတွေ ပါဝင် ကစားဖို့ မိခင် နိုင်ငံကို ပြန်လည် ရောက်ရှိနေပြီး SPORT သတင်းဌာန နဲ့ အင်တာဗျူးမှာ ရွှေဘောလုံး ဆုနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ထင်မြင်ချက်ကို ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“အရိုးသားဆုံး ပြောရမယ် ဆိုရင်တော့ ( ကျွန်တော် ဆုရလိမ့်မယ်လို့ ) မထင်မိ ပါဘူး ။ ကျွန်တော့ ဘ၀ ရဲ့ အကြီးမားဆုံး အောင်မြင်မှု က အရင်က ပြောခဲ့တဲ့ အတိုင်းပါပဲ ၊ နိုင်ငံ အသင်း နဲ့ ရယူနိုင်တဲ့ အောင်မြင်မှုပါ ။

ရွှေဘောလုံး ကလည်း တခုပြီး တခု ရယူ နိုင်ခဲ့တာဟာ အရမ်းကောင်းတဲ့ အောင်မြင်မှု ဖြစ်စေခဲ့ ပါတယ်”

“တကယ်လို့ နောက်ထပ် ရွှေဘောလုံး တလုံး ထပ်ရောက်လာမယ် ဆိုရင်တော့ တကယ့်ကို မယုံကြည်နိုင် စရာ အရာတခု ဖြစ်လာမှာ ပါပဲ ။ ၇ ခု ဆိုတာက အရမ်းကို ရူးသွပ်ချင်စရာပါ ။ မဟုတ်ခဲ့ ဘူးဆိုရင်လည်း ဘာမှ မဖြစ် ပါဘူး”

“ကျွန်တော့ဘ၀ ရဲ့ အလိုချင်ဆုံး အရာကို ရခဲ့ပြီး ပါပြီ ။ ဘဝမှာ ဖြစ်ခဲ့တာတွေ ၊ ရခဲ့တာတွေ အတွက် အရမ်းကို ကျေနပ် ဝမ်းသာမိ ပါတယ် ။ အခုချိန်မှာ ဘာတွေပဲ ဖြစ်လာ ဖြစ်လာပါ” လို့ မက်ဆီ က ပြောဆို သွားခဲ့ ပါတယ် ။

ရွှေဘောလုံးဆု ကို ကမ္ဘာတဝှမ်းက လက်ရွေးစင် အသင်းခေါင်းဆောင်တွေ နဲ့ နည်းပြတွေ ၊ ဥရောပ တလွှားက နာမည်ကျော် သတင်းဌာနက ဂျာနယ်လစ်တွေ မဲပေး ရွေးချယ် ကြတာပဲ ဖြစ်ပါတယ် ။

ဒီဆု ကို ၁၉၅၆ ခုနှစ်က စတင် ပေးအပ် ခဲ့တာ ဖြစ်ပြီး မနှစ်က ၂၀၂၀ တုန်းကတော့ ကိုဗစ် ကပ်ဘေးကြောင့် ဆုပေးပွဲ ကို ဖျက်သိမ်း ခဲ့ပါတယ် ။

 

SPORTS MYANMAR