၃ ပွဲဆက် ဂိုးသွင်းနိုင်ပြီးနောက် အင်္ဂလန် လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်မခံရတဲ့ အပေါ် တုန့်ပြန်ပြောကြားလိုက်တဲ့ စမစ်ရို

အင်္ဂလန် လူငယ် ကြယ်ပွင့် စမစ်ရို ဟာ မနေ့ညက ဝက်ဖိုဒ့် နဲ့ ပွဲမှာ အာဆင်နယ် အတွက် သွင်းဂိုး တစ်ဂိုး ထပ်မံ သွင်းယူ နိုင်ခဲ့ပြီးနောက် ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး လေးဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ် ။

စမစ်ရို ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် ဂိုးသွင်းယူ နိုင်ခဲ့တာ ဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၄ ဂိုး ( ပြိုင်ပွဲစုံမှာဆို ၅ ဂိုး) ၊ ဂိုးဖန်တီးမှု ၂ ကြိမ် အထိ ရှိလာခဲ့ပါပြီ ။ ဒါ့အပြင် စမစ်ရို ဟာ အနယ်ကာ ၊ ရေယက်စ် ၊ ဖာဘရီဂက်စ် တို့ နောက်ပိုင်း ပရီးမီးယားလိဂ် ၃ ပွဲဆက် ဂိုးသွင်းနိင်တဲ့ အသက် ၂၁ နှစ်အောက် အာဆင်နယ် ကစားသမား ဖြစ်လာခဲ့ပါတယ် ။

စမစ်ရို ဟာ စက်တင်ဘာလ အစကတည်းက ပရီးမီးယားလိဂ် မှာ သွင်းဂိုး တိုက်ရိုက် ပါဝင် ပတ်သက်မှု ၆ ကြိမ် အထိ ရှိခဲ့ပြီး တခြား အင်္ဂလန် ကစားသမားတွေ အားလုံးထက် သာလွန် နေပါတယ် ။ ဒါပေမယ့် စမစ်ရို ဟာ အယ်ဘေးနီးယား ၊ ဆန်မာရီနို တို့နဲ့ ကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွက် အင်္ဂလန် အသင်း လူစာရင်းမှာ အရွေး မခံခဲ့ရပါဘူး ။

ဝက်ဖိုဒ့် နဲ့ ပွဲအပြီး အင်တာဗျူးမှာ စမစ်ရို က အင်္ဂလန် လက်ရွေးစင် အသင်းကြီးမှာ ရွေးချယ် မခံခဲ့ရတဲ့ အပေါ် ” ကျွန်တော် ကတော့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး အပြင်းအထန် ကြိုးစား အားထုတ်ဖို့က အရေးကြီးတယ်လို့ ထင်ပါတယ် ။ နိုင်ငံအသင်းအတွက်ဆို ဘယ်သူပဲ ခေါ်ခေါ် ကျွန်တော်ကတော့ ဝမ်းပန်းတသာ သွားရောက် ပူးပေါင်းမှာပါ ။ ”

” ဒီနေ့ပွဲက ကျွန်တော်တို့ အတွက် ခက်ခဲ ခဲ့ပါတယ် ၊ ဝက်ဖိုဒ့် က အင်အား တောင့်တင်းတဲ့ အသင်းတစ်သင်းပါ ၊ အနိုင် ၃ မှတ် ရတဲ့ အတွက် ဝမ်းသာပါတယ် ။ ဂိုးသွင်းနိုင်ခဲ့တဲ့ အတွက်လည်း ပျော်ရွှင်ရပါတယ် ၊ ဒီလို ဂိုးသွင်းနိုင်ဖို့လည်း လေ့ကျင့်ရေးကွင်းမှာ အမြဲ လေ့ကျင့် ခဲ့ပါတယ် ။ ”

” အိမ်ကွင်း ပရိသတ်ရှေ့မှာ ဂိုးသွင်းနိုင်ပြီး အနိုင် ၃ မှတ် ရခဲ့တာက တကယ့်ကို စပါယ်ရှယ်ပါပဲ ၊ ကျွန်တော်တို့ တစ်သင်းလုံး ၃ မှတ်ရဖို့ ရေကန်ရေခမ်း ကြိုးစား ကစား ခဲ့ကြပါတယ် ၊ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကြသလို တစ်ယောက် နဲ့ တစ်ယောက်လည်း ယုံကြည်မှု ရှိကြပါတယ် ၊ မိသားစုတွေလိုပါပဲဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဝက်ဖိုဒ့် နဲ့ ပွဲက စမစ်ရို ရဲ့ စွမ်းဆောင်ရည် မှတ်တမ်းကတော့ ၈၆ မိနစ် ကစား ၊ သွင်းဂိုး ၁ ဂိုး ၊ ဘောလုံးထိချက် ၄၃ ကြိမ် ၊ ဘောလုံး ပေးပို့မှု ၂၃ ကြိမ်(တိကျမှု ၉၅.၈%) ၊ အဝေးဘော ပေးပို့မှု ၁ ကြိမ် ( တိကျမှု ၁၀၀%) ၊ အမြင့်ဘော အသာရမှု ၁ ကြိမ် ( ၁၀၀%) ၊ ဘောလုံး ရှင်းထုတ်မှု ၁ ကြိမ် နဲ့ ဘောလုံးဖျက်ထုတ်မှု ၁ ကြိမ် လုပ်နိုင် ခဲ့ပါတယ် ။

SM