၀က်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ လီဗာပူး ကစားသမား ၂ ဦးရဲ့ performance ကို ဝေဖန်ခဲ့ကြတဲ့ ကာရေဂါ နဲ့ ရက်နက်

Sky Sports ရဲ့ pundit တွေ ဖြစ်ကြတဲ့ ဂျေမီကာရေဂါနဲ့ ဂျေမီရက်နက် တို့ဟာ မနေ့ညက ၀က်ဟမ်းကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူး ကစားသမား ၂ ဦးရဲ့ performance နဲ့ ပက်သက်ပြီး ဝေဖန်သွားခဲ့ပါတယ်။ လီဗာပူးဟာ စနေနေ့က ဘန်လေနဲ့ သရေကျခဲ့တဲ့ ထိပ်ဆုံးက ချဲလ်ဆီးနဲ့ ၁ မှတ်အကွာကို ရောက်နိုင်မယ့် အခွင့်အရေး ရှိခဲ့ပေမယ့်လည်း ခံစစ်ကစားပုံ အမှားတွေ အပြင် တိုက်စစ်မှုးတွေရဲ့ အခွင့်အရေး ဖြုန်းတီးမှုတွေကြောင့် လန်ဒန်စတေဒီယမ်မှာ ရှုံးနိမ့်ခဲ့ကာ အဆင့် ၄ နေရာကို ကျဆင်းသွားခဲ့ပါတယ်။

ပွဲအစ ၄ မိနစ်မှာတင် အလီဆွန်ဟာ ၀က်ဟမ်းရဲ့ ထောင့်ကန်ဘောကို မရှင်းထုတ်နိုင်ခဲ့တာကြောင့် own goal ဖြစ်သွားခဲ့ပါတယ်။ အလက်ဇန်းဒါးအာနိုးက ပထမပိုင်း မပြီးခင် ဖရီးကစ်ကနေ တဆင့် လှလှပပ ပြန်လည် ချေပဂိုးသွင်းခဲ့တာကြောင့် ၁-၁ ဖြစ်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ၀က်ဟမ်းရဲ့ ကစားပုံ ကောင်းလာခဲ့သလို လီဗာပူး ကတော့ ဘောလုံး ပေးပို့မှု အမှားအယွင်းတွေနဲ့ အတူ ဖန်တီးမှုပိုင်းမှာ ရုန်းကန်ခဲ့ရသလို ကွင်းလယ်နဲ့ ခံစစ်ကလည်း ပြိုင်ဘက်အတွက် ကျော်ဖြတ်ရ လွယ်ကူနေခဲ့ပါတယ်။

ဒါ့ကြောင့်ပဲ ပါဘလိုဖော်နယ်ဟာ ဂျရော့ဘို၀င်ရဲ့ တန်ပြန်တိုက်စစ်ကနေ ဖန်တီးပေးခဲ့မှုကို အဆုံးသတ်ခဲ့ပြီး ပွဲချိန် ၇၄ မိနစ်မှာ ဇူးမားက ထောင့်ကန်ဘောကနေ တဆင့် ၀က်ဟမ်းအတွက် တတိယမြောက်ဂိုးကို သွင်းယူခဲ့ပါတယ်။ လူစား၀င် ကစားသမား အိုရီဂီက ချေပဂိုး ပြန်လည် သွင်းယူခဲ့တာကြောင့် ပွဲဟာ ပြန်လည် အသက်၀င်ခဲ့ပြီး ပွဲချိန် ၉၁ မိနစ်မှာ မာနေးရဲ့ အပိုင်အခွင့်အရေး လွဲချော်မှုကြောင့် ၃-၂ နဲ့ ပွဲပြီးခဲ့ပါတယ်။

အဆိုပါ ပွဲစဉ်အပြီးမှာ ကာရေဂါက “အမှန်ပါပဲ။ ဖော်နယ်ရဲ့ ကန်ချက်ကို အလီဆွန် အနေနဲ့ ကာကွယ် နိုင်ခဲ့သင့်ပါတယ်။ သူ့အနေနဲ့ ၀က်ဟမ်းတို့ ရခဲ့တဲ့ သွင်းဂိုး ၃ ဂိုး စလုံးမှာ ဒီထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်တယ်ဆိုတာ သံသယ ဖြစ်စရာ မရှိပါဘူး။ ဒါပေမယ့် လီဗာပူးတို့ ဒီလို ခံစစ်ပိုင်း အမှားအယွင်းတွေ ဖြစ်နေတာ နည်းနည်း ကြာနေပါပြီ။ ကျွန်တော်သာ ဒီနေရာမှာ ဆိုရင် ဘယ်သူကို အပြစ်တင်သွားရမလဲ ဆိုတာတောင် သိမှာ မဟုတ်ပါဘူး။ လီဗာပူးဟာ ခံစစ် မှတ်တမ်း ကောင်းမွန်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။

လီဗာပူး ခံစစ်ပိုင်း အနေနဲ့ ဖော်နယ်ရဲ့ သွင်းဂိုးမှာ ဘာကြောင့် လူကျွံဘော ဖမ်းကစားခဲ့သလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ မာတစ်ဟာ ဘောလုံးကို ရှင်းထုတ်ဖို့ တက်သွားခဲ့ပြီး ဗန်ဒိုက် ကတော့ လူကျွံဘော ဖမ်းကစားဖို့ အတွက် hold the line လုပ်ခဲ့ပါတယ်။ ဒီနေရာမှာ ဖြစ်နိုင်တဲ့ အရာ ၂ ခု ပဲ ရှိပါတယ်။ ပြိုင်ဘက်ကို လူကျွံဘော ဖမ်းနိုင်ရင်ဖမ်း မဖမ်းနိုင်ရင်တော့ ပြိုင်ဘက်ဟာ လွတ်လွတ်ကျွတ်ကျွတ် အခွင့်အရေး ရသွားမှာပါ။ ဒါဟာ မျှတတဲ့ တိုက်ပွဲတော့ မဟုတ်ပါဘူး။

ဒီနေရာမှာ ကျွန်တော်သာ ဆိုရင်တော့ နောက်ကို ဆုတ်ပြီး ပြေးမှာ ဖြစ်ပါတယ်။ လူကျွံဘော ဖမ်းကစားတဲ့ အတွက် ကိုယ်တွေ ဘာရနိုင်မလဲ? ဘာမှ မရနိုင်ပါဘူး။ ဂိုးပေါက်နဲ့ ကိုက် ၆၀ အကွာလောက်မှာ ဘောလုံးရတာပဲ ရှိပါတယ်။ မဟုတ်ရင် ပြိုင်ဘက်က ဂိုးသမားနဲ့ တစ်ဦးချင်း လွတ်လွတ်ကျွတ်ကျွတ် အခွင့်အရေး ရသွားမှာပါ။ လီဗာပူးဟာ ဒါမျိုးကို အတော်လေး လုပ်ခဲ့ပါတယ်။ လီဗာပူးနဲ့ ရင်ဆိုင် ကစားရတဲ့ အခါ ပြိုင်ဘက် အသင်း အနေနဲ့ ဂိုးသမားနဲ့ တစ်ဦးချင်း ရင်ဆိုင်ရတဲ့ အခိုက်အတန့်မျိုး ရနိုင်တယ်လို့ ကျွန်တော် အမြဲ ခံစားမိပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ဆက်လက်ပြီး ရက်နက်က “ဖော်နယ်ရဲ့ သွင်းဂိုးမှာ မာတစ်ရဲ့ လုပ်ဆောင်မှုကို ကျွန်တော် နားမလည်နိုင်ပါဘူး။ သူဟာ ကိုယ့်ရဲ့ ဂိုးပေါက်ကို ဆင်းပြေးသွားရမယ့် အစား ဘာကြောင့်များ ဘောလုံးဆီကို ပြေးပြီး ဖျက်ထုတ်ဖို့ ကြိုးစားခဲ့သလဲ ဆိုတာ စဉ်းစား မရပါဘူး။ ဖော်နယ်က ခံစစ်စည်းကို ကျော်ပြေးဖို့ လုပ်နေချိန်မှာ မာတစ်ဟာ ဘောလုံးဆီကို သွားဖို့ မြောနေခဲ့ပါတယ်။ နောက်ကိုဆုတ်ပြီး ဂိုးပေါက်ကို ပြန်ပြေးရမှာပါ။ အဲဒီအစား သူဟာ ဘောလုံးဆီကို ပြေးသွားခဲ့ပါတယ်။ ဒါဟာ ကြီးမားတဲ့ အမှားပါ။ ဂိုးသမား အနေနဲ့ ဒီထက် ပိုကောင်းအောင် ကာကွယ်နိုင်ခဲ့သင့်ပါတယ်။ အလီဆွန် အတွက် ကတော့ စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့တဲ့ နေ့တစ်နေ့ ပါပဲ။” လို့ ဆိုခဲ့ပါတယ်။

SM