ဧည့်သည် ပရိသတ်တွေအတွက် ဒေါပွစရာ ဖြစ်ခဲ့ရတဲ့ အတ္တလန္တာ 2 – 2 ယူနိုက်တက် ပွဲစဥ်မှ သုံးသပ်ချက် နဲ့ Rating များ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ ချန်ပီယံလိဂ် အုပ်စု ပွဲစဥ် 4 အဖြစ် အီတလီမြေမှာ အတ္တလန္တာ အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး တစ်ဖက် 2 ဂိုးစီ သရေ ရလဒ် ရယူသွားနိုင်ခဲ့ကာ အုပ်စု F ရဲ့ အမှတ််ပေးဇယားကို ဆက်လက် ဦးဆောင် သွားနိုင်ခဲ့ပါတယ် ။ ဒီရလဒ်ကြောင့် ယူနိုက်တက်တို့ နောက်တစ်ဆင့် တက်ရောက်နိုင်ခြေ မြင့်တက်သွားခဲ့ရပါပြီ ။

အတ္တလန္တာလို အသင်းကို အခုလို အဝေးကွင်းမှာ သရေ ရလဒ် ထွက်ပေါ်အောင် ကစားတာကို ရလဒ် ဆိုးရွားတယ်လို့ ခေါ်လို့တော့ မရနိုင်ပါဘူး ။ ဒါပေမဲ့ ပေးလိုက်ရတဲ့ ဂိုးတွေကို ကြည့်လိုက်ရင်တော့ ပရိသတ်တွေ အတွက် ဒေါပွစရာ ဖြစ်နေမှာ အသေအချာပါပဲ ။ ဒီပွဲမှာ ယူနိုက်တက်တို့ 3-4-1-2 ကစားကွက်ကိုပဲ ခင်းခဲ့ကြပြီး စပါးနဲ့ ပွဲမှ လင်ဒီလော့ဖ် ၊ ဖရက်ဒ် ၊ ကာဗာနီ တို့ရဲ့ နေရာမှာ ဘိုင်လီ ၊ ပေါ့ဂ်ဘာ နဲ့ ရပ်ရှ်ဖို့ တို့ ပါဝင်ခဲ့ကြပါတယ် ။

ဒီပွဲစဥ်ရဲ့ ပွဲချိန် 5 မိနစ်မှာပဲ တော်မီနေးဟာ ဂိုးပေါက် ကန််သွင်းခွင့် ရရှိခဲ့ပေမဲ့ ကံဆိုးစွာပဲ ဂိုးတိုင် ထိမှန်ခဲ့ပြီး ဂိုးကံခေသွားခဲ့ရပါတယ် ။ အဲ့ဒီနောက် ပွဲချိန် 10 မိနစ် အတွင်း ယူနိုက်တက် တို့ရဲ့ ကစားပုံ ကောင်းခဲ့သေးပြီး အတ္တလန္တာကို ဖိအားပေး ကစားနိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ထူးခြားမှု မရှိခဲ့ပါဘူး ။ အဲ့ဒီနောက် ပွဲချိန် 12 မိနစ်မှာပဲ ယူနိုက်တက််တို့ ဂိုးပေးခဲ့လိုက်ရပါတယ် ။

ယူနိုက်တက်တို့ အဖွင့်ဂိုး ပေးဆောင်ရာမှာ တော်မီနေးဆီမှာပဲ ဘောလုံးက ရခဲ့သင့်ပါတယ် ။ ဒါပေမဲ့ သူ့ဆီက ဘောလုံး လွတ်သွားခဲ့ရပါတယ် ။ အဲ့ဒီချိန် ဘစ်ဆာကာမှ အားကြိိုးမာန်တက် လိုက်လု ၊ ဖိအားပေးလို့ ရနိုင်ခဲ့သေးပေမဲ့ အနည်းငယ် နှေးကွေးနေခဲ့ပါတယ် ။ အဲ့ဒီနောက် အီလီစစ်ရဲ့ ကန်ချက်ကို မက်ဂွားယား ၊ လုခ်ရှောတို့ ပိတ်ဆို့နိုင်ခွင့် ရှိခဲ့ပေမဲ့ မပိတ်နိုင်ခဲ့ကြပြန်ပါဘူး ။

ဒါ့အပြင် ဒီဂီယာ ကိုယ်တိုင်လည်း ဒီလို ကန်ချက်ကို မဖမ်းယူနိုင်ခဲ့ရင်တောင် ပုတ်ထုတ်ဟန့်တားနိုင်ခဲ့သင့်တဲ့ အနေအထားမျိုး ပိုင်ဆိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ဘောလုံံးက သူနဲ့ထိပြီး ဂိုးထဲကိုဝင်သွားခဲ့ရတာပါ ။ ဒါ့ကြောင့် ခံစစ်ပိုင်း အတွက် တော်မီနေး အပါအဝင် ကစားသမား 6 ဦး ရှိနေတဲ့ကြားက အခုလို အဖွင့်ဂိုးမျိုး ပေးလိုက်ရတာက စိတ်ပျက်စရာ ဖြစ်သွားခဲ့ရ ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 38 မိနစ်မှာ ဒဏ်ရာ ရရှိသွားခဲ့တဲ့ ဗာရန်းရဲ့ နေရာကို မေဆွန် ဂရင်းဝုဒ် ဝင်ရောက်လာခဲ့ပြီး ယူနိုက်တက်ရဲ့ ကစားကွက်ဟာ ကစားနေကျ 4-2-3-1 ဖြစ်သွားခဲ့ရပါတယ် ။ အခုလို ကစားကွက် ပြောင်းလဲလိုက်တာက ယူနိုက်တက်တို့ ဂိုးပြန်ရဖို့ အနေအထားကောင်း ဖြစ်သွားစေခဲ့ပေမဲ့ ခံစစ်ပိုင်း အလေးထား ကစားရတိုင်း မှာလေ့ ရှိတတ်တဲ့ ပေါ့ဂ်ဘာရဲ့ ခြေစွမ်းတွေ ပျောက်ဆုံး သွားခဲ့ရပါတယ် ။

ဒါပေမဲ့ ပထမပိုင်း ပြီးခါနီးမှာ ရော်နယ်ဒိုက အသင်းဖော် ဘရူနို ဖာနန်ဒက်စ် ရဲ့ နောက်ပြန် ဖနောင့်ပေါက် ဘောလုံးချပေးမှုကို အမှားအယွင်းမရှိ ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တဲ့အတွက် ခြေပဂိုး ပြန််လည်ရရှိခဲ့ပြီး ပွဲစဥ်ဟာ စိတ််ဝင််စားစရာ ဖြစ်သွားခဲ့ရပါတယ် ။ ဒါပေမဲ့ ဒုတိယပိုင်းမှာပဲ နောက်ထပ် အမှားတစ်ခုကြောင့် ယူနိုက်တက်တို့ နောက်ထပ်် ဦးဆောင်ဂိုး ပေးခဲ့လိုက်ရပြန်ပါတယ် ။

ဒီပေးဂိုးမှာ ဒီရာသီ အမှားတွေ များနေခဲ့တဲ့ အသင်းခေါင််းဆောင် မက်ဂွားယား ကပဲ ထပ်မှား ခဲ့တာ ဖြစ်ပါတယ် ။ သူ့ အနေနဲ့ လူကျွံသည် ဖြစ်စေ ၊ မကျွံသည် ဖြစ်စေ ပြိုင််ဖက် ကစားသမား ဂိုးရနိုင်ခြေများတဲ့ ဘောလုံး ဆွဲပြေးမှု ပြုလုပ်လိုက်ချိန်မှာ သူ့အနေနဲ့ မရမက လိုက်လံ ဟန့်တားရမှာပါပဲ ။ နောက်ကျမှ ဂိုး ၊ မဂိုး အပေါ် မူတည်ပြီး ကွင်းလယ်ဒိုင်ကို စောဒကတက်လို့ ရပါတယ် ။

ဒါပေမဲ့ မက်ဂွားယားကတော့ ဒိုင်ကို လူကျွံဘောဆိုပြီး လက်ပြတာလား ၊ ဒါမှမဟုတ် အသင်းခေါင်းဆောင် လက််ပတ်ကြီး အားကိုးပြီး အသင်းဖော်တွေကိုပဲ ပြန်ဆင်း ၊ လိုက်လုခိုင်းတာလား မသဲကွဲတဲ့ အပြုအမူလုပ်လိုက်ချိန်မှာပဲ သူ့ရဲ့ ပြေးနှုန်းဟာ တစ်ချက်ဆိုင်းသွားခဲ့ပါတယ် ။ အကယ်လို့ သူသာ ဟန်ရေး မပြခဲ့ရင် လိုက်မီနိုင်ခြေများခဲ့ပါတယ် ။

ဒီပေးဂိုးမှာလည်း ဒီဂီယာဟာ နေရာယူ မှန်ကန်ခဲ့ပြီး ကာကွယ်နိုင်ခွင့် 50 – 50 အနေအထား ပိုင်ဆိုင်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ မကာကွယ်နိုင်ခဲ့ပါဘူး ။ ဒီအတွက် သူ့ကို အပြစ််တင်တာထက် မက်ဂွားယားရဲ့ နှေးကွေးလေးလံနေမှုက ပိုပြီး အရုပ်ဆိုးစေခဲ့တာ အသေအချာပါပဲ။ ဒါကို VAR နဲ့ ပြန််လည် စစ်ဆေးလိုက်တဲ့ အခါမှာတော့ လူမကျွံခဲ့တဲ့အတွက်် ယူနိုက်တက်တို့ နောက်က ပြန်ကစားခဲ့ရပါတယ် ။

အဲ့ဒီနောက် ဆိုးလ်ရှားက ဂိုးပြန်ရနိုင်ဖို့အတွက် အပြောင််းအလဲ လုပ်ဆောင်တဲ့ အနေနဲ့ ခြေစွမ်း ပျောက်ပြီး ပေးပို့မှုတွေ ညံ့ခဲ့တဲ့ ပေါ့ဂ်ဘာ ၊ ရော်နယ်ဒို နဲ့ တွဲဖက် ကစားနိုင်စွမ်း မရှိခဲ့တဲ့ ရပ်ရှ်ဖို့ တို့ကို ထုတ်ပြီး ကာဗာနီ နဲ့ မာတစ် တို့ကို ထည့်သွင်းခဲ့ပါတယ် ။ အဲ့ဒီနောက် ယူနိုက်တက်တို့ ပွဲစဥ်ကို ပြန်လည်လွှမ်းမိုးနိုင်ခဲ့ကြပေမဲ့ ဂိုးရဖို့ အခက်တွေ့ဆဲ ဖြစ်ခဲ့ရပါတယ် ။

ဒါ့ကြောင့် ပွဲချိန် 87 မိနစ်မှာ ဆိုးလ်ရှားက အနီကဒ် ပြခံရနိုင်ခြေ များနေခဲ့တဲ့ တော်မီနေး နေရာမှာ ဗန်ဒီ ဘိခ် ကို ထည့်သွင်းပြီး ကစားအားကျသွားခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် ရဲ့ နေရာမှာ ဂျေဒန် ဆန်ချိုကို ထည့်သွင်း ကစားစေခဲ့လိုက် ပါတယ် ။ အဲ့ဒီနောက် မကြာမီမှာပဲ အပြောင်းအလဲ ဖြစ်သွားခဲ့ရပါတယ် ။

ဒုတိယပိုင်း ပြီးဆုံးခါနီးမှာ ဂရင်းဝုဒ်ဟာ ပြိုင်ဖက် ဂိုးဧရိယာထဲမှာ ဘောလုံး ရရှိခဲ့ချိန် ကိုယ်တိုင် ဘာမှ လုပ်လို့ မရနိုင်တဲ့ အနေအထားမျိုး ပိုင်ဆိုင်ခဲ့တဲ့အတွက် လေထဲက ဘောလုံးကို အရထိပြီး ရော်နယ်ဒိုဆီ ပေးပို့ခဲ့လိုက်ပါတယ် ။ ဒါကို ရော်နယ်ဒိုက အချိန်မဆိုင်းပဲ မြေမကျ ကန်သွင်းရင််း ဂိုးရယူပေးသွားခဲ့တာပဲ ဖြစ်ပါတယ် ။ ထို့အတူ အိမ်ကွင်းမှာလိုပဲ အဝေးကွင်းမှာပါ ရော်နယ်ဒိုဟာ ဟီးရိုး ဖြစ်သွားခဲ့ရပါတယ် ။

ဒီနေ့ ပွဲစဥ်မှာ ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားသွားနိုင်ခဲ့တဲ့ နောက်တစ်ဦးကတော့ ပွဲထွက်ခွင့်ပြန်ရခဲ့တဲ့ နောက်ခံလူ အဲရစ် ဘိုင်လီ ပဲ ဖြစ်ပါတယ် ။ ဒီပွဲစဥ်မှာတော့ သူဟာ မာကျောတဲ့ ကစားဟန်ကိုပြသရင်း ကောင်းမွန်တဲ့ ပိတ်ဆို့ဟန့်တာမှု ၊ တိကျတဲ့ ဖြတ်ထုတ်မှုတွေကို လုပ်ပြနိုင်ခဲ့ပြီး ပွဲထွက်ခွင့်နဲ့ ထိုက်တန်သူ ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် ပထမဂိုး ရရှိရေးမှာ ဘရူနို ဖာနန်ဒက်စ်ဆီ အကွက်မြင်မြင် ဘောလုံး ပေးပို့ခဲ့သလို နောက်ဆုံး မိနစ် ဂိုးကိုပါ ဖန်တီးပေးခဲ့တဲ့ ဂရင်းဝုဒ် ရဲ့ စွမ်းဆောင်ရည််ကလည်း အားရစရာ ဖြစ်ခဲ့ရပါတယ် ။

ဒီပွဲမှာတော့ ဒီဂီယာဟာ ကောင်းမွန်တဲ့ ဂိုးပေါက် ကာကွယ််မှု 2 ကြိမ် ပြန်လည် လုပ်ပြနိုင်ခဲ့တဲ့အတွက် အမှားတွေကို ဖာထေးသူ ဖြစ်သွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ဒီရာသီမှာ အမှားများနေခဲ့တဲ့ မက်ဂွားယား ၊ ပွဲထွက်ခွင့် ရရှိခဲ့ကြတဲ့ ပေါ့ဂ်ဘာ၊ ရပ်ရှ်ဖို့ တို့ရဲ့ စွမ်းဆောင်ရည်က စိတ်ပျက်ဖွယ်် ဖြစ်သွားခဲ့ရပါတယ် ။ ဒီပွဲမှ ယူနိုက်တက် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို ဖော်ပြပေးလိုက်ပါတယ် ။

ဒီဂီယာ (4)

ဘစ်ဆာကာ (5)
ဘိုင်လီ (8)
ဗာရန်း (5)
မက်ဂွားယား (3)
ရှော (5)

တော်မီနေး (5)
ပေါ့ဂ်ဘာ (2)
ဘရူနို (6)
ရပ်ရှ်ဖို့ (4)
ရော်နယ်ဒို (8)

လူစားဝင် ကစားသမားများ…

ဂရင်းဝုဒ် (7)
မာတစ် (5)
ကာဗာနီ (5)
ဗန်ဒီ ဘိခ် (-)
ဆန်ချို (-)

#Sports_Myanmar