အေတီကို ထက် နိုင်ပွဲဆာလောင်စိတ်တွေ ပြင်းပြနေရမယ်လို့ အသင်းသားတွေကို တိုက်တွန်းလိုက်တဲ့ ကလော့ပ်

 

လီဗာပူး အသင်းရဲ့ နည်းပြကြီး ယာဂန် ကလော့ပ် က ဒီညမှာ ရင်ဆိုင် ကစားရမယ့် ပြိုင်ဘက် အေတီကို ဟာ ချန်ပီယံလိဂ် ဗိုလ်စွဲဖို့တောင် ရေပန်းအစားဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်နေတဲ့အတွက် ၊ အဲဒီလို အသင်းမျိုးကို အနိုင်ယူပြမယ် ဆိုရင် သူတို့ထက် ပိုပြီး နိုင်ပွဲ ဆာလောင်နေတဲ့ စိတ်ဓါတ်မျိုးတွေ ပြသနိုင်ရမယ်လို့ အသင်းသားတွေကို တိုက်တွန်း လိုက်ပါတယ်။

အန်ဖီးလ်မှာ ဒီနှစ်သင်း နောက်ဆုံး ထိပ်တိုက်တွေ့ဆုံခဲ့စဉ်က လီဗာပူးဟာ တဖက်သတ် နီးပါး အသာစီးနဲ့ ကစားပြနိုင်ခဲ့သည့်တိုင်အောင် ၊ ဂိုးသမား အန်ဒရီယန် ရဲ့ အားနည်းချက်တွေ ကြောင့် အချိန်ပို သွင်းဂိုးတွေ နဲ့ အရှုံးပေးထားရပါတယ်။

“ အေတီကို က လက်ရှိ လာလီဂါ ချန်ပီယံ ပါ။

သူတို့ အသင်းကို အကဲခတ် သုံးသပ်ကြည့်လိုက်တော့ ခံစစ်ကနေ တိုက်စစ်အထိ ကစားပုံအရရော ၊ စွမ်းဆောင်ရည်ပိုင်းမှာပါ အရည်သွေးမြင့်လွန်းတာကြောင့် ဒီရာသီမှာလဲ ချန်ပီယံဆု ကို ကာကွယ်ပြနိုင်လိမ့်မယ် ထင်ပါတယ်။ ကျနော် ကတော့ သူတို့ဟာ ချန်ပီယံလိဂ် ဖလားကြီးကိုတောင် ဆွတ်ခူးဖို့ ရေပန်းအစားဆုံး အသင်းတွေထဲက တသင်းအဖြစ် သတ်မှတ်ထားတာပါ။

ထိပ်တန်း အသင်းကြီး ဖြစ်တဲ့ အပြင် ၊ ကမ္ဘာပေါ်မှာ အင်အား အကောင်းဆုံး အသင်းတွေထဲက တစ်သင်းလဲ ဖြစ်ပါတယ်။ သူတို့ရဲ့ စွမ်းဆောင်ရည်တွေ ဘောလုံးရာသီတိုင်းနီးပါး တသမတ်တည်း ရှိနေတာမို့ ၊ ကျနော်တို့က လေးစားမှု အပြည့်အ၀ ထားပြီးသားပါ။

ဒါပေမယ့် လေးစားမှု ထားတယ် ဆိုတာက ကျနော်တို့ရဲ့ မျှော်လင့်ချက်တွေကို လျှော့ချပစ်လိုက်တယ်လို့ ကောက်ချက်မချစေချင်ပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်း သူတို့နဲ့ ထိပ်တိုက် ရင်ဆိုင် ကစားရတိုင်း လီဗာပူး ကလဲ ဘယ်လို စွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားတယ် ဆိုတာ ပြသနိုင်ခဲ့သလို ၊ မကြာခင်က ကစားခဲ့တဲ့ မက်ထရိုပိုလီတာနို ကွင်းကြီးထဲမှာလဲ ပြသနိုင်ခဲ့ပါတယ်။

ဒီလို အသင်းမျိုးကို ရင်ဆိုင် ကစားမယ် ဆိုရင် အရင်ဆုံး ကွင်းတွင်း တိုက်ပွဲမှာ အသာစီးရဖို့ လိုပါတယ်။ ပြီးရင် ပုခုံးချင်းယှဉ်ပြီး တိုက်ခိုက်ရမှာပါ။ အဲဒီ တိုက်ပွဲမျိုးမှာတောင် အသာစီး မရဘူး ဆိုရင်တော့ ၊ ပွဲသိမ်း ခရာမှုတ်တဲ့ အချိန်မှာ နိုင်ပွဲရဖို့ မျှော်လင့်မထားပါနဲ့။

ဒါပေမယ့် ကျနော်တို့ အသင်းဟာ အဲဒီနှစ်ခုစလုံးကို တပြိုင်နက် လုပ်ပြနိုင်တယ် ဆိုတာ အမြဲတမ်း ပြသထားပြီးသားလေ။ ကျနော်တို့ က မာကျောသလို ၊ ပုခုံးချင်း ယှဉ်ပြီးလဲ ကစားနိုင်စွမ်းရှိပါတယ်။

ကျနော်တို့ အနေနဲ့ ကိုယ့်ခြေစွမ်းက လမ်းကြောင်းမှန်ပေါ် ရှိနေရင်တောင် ပြိုင်ဘက်ကို အထင်သေးလို့ မရသလို ၊ လျှော့တွက်လို့လဲ မဖြစ်ပါဘူး။

အန်ဖီးလ်မှာ နောက်ဆုံးအကြိမ် ကစားခဲ့တုန်းက ဆိုရင် အေတီကို က အနိုင်ရသွားတာပါ။ ဒါပေမယ့် အဲဒီညမှာ ပြသခဲ့တဲ့ ကျနော်တို့ရဲ့ ခြေစွမ်းက ချန်ပီယံလိဂ် အကောင်းဆုံး ပွဲတွေထဲက တပွဲလို့တောင် ပြောလို့ရပါတယ်။

သူတို့ အသင်းဟာ နိုင်ပွဲတွေ ဆာလောင်သလို ၊ အမြဲတမ်းလဲ စိတ်ဓါတ်ခိုင်ခိုင် နဲ့ ထားပြီး ကစားတာပါ။ ဒါကြောင့်မို့ အိမ်ရှင် ပရိသတ်တွေ ရဲ့ ရှေ့မှောက်မှ အသာစီးရချင်တယ် ဆိုရင် သူတို့ နဲ့ ယှဉ်ကစားနိုင်ရုံနဲ့ မလုံလောက်ပါဘူး။ သူတို့ထက်ကို ပိုကောင်းနေမှ သင့်ရုံကြမှာပါ။

သူတို့ဟာ ကွင်းထဲမှာ လူလည်ကျချင်သလို ၊ ရက်စက်ပြဖို့လဲ ဝန်မလေးပါဘူး။ ဒါတွေကို ကျနော့် ကစားသမားတွေက ဖြတ်ကျော်ပြနိုင်ရပါမယ်။ သူတို့ က အပြင်းအထန် တိုက်ပွဲဝင်ချိန်မှာ ၊ သူတို့ထက်ကို နှစ်ဆလောက် ကြိုးစားပြရပါမယ်။

အရိုးသားဆုံး ပြောရရင် ဒီပွဲဟာ ပြင်ဆင်ရတာ အခက်ဆုံး ပွဲတွေထဲက တပွဲပါ။ ဒါကြောင့် ဒီလို အတွေ့အကြုံမျိုး ရှိထားတာ ကောင်းတဲ့ အချက်ဖြစ်သလို ၊ ကစားသမားတွေလဲ ဒီအတိုင်း ခံယူထားမယ် ထင်ပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

လီဗာပူး ဟာ ဒီပွဲ အနိုင်ရတာ နဲ့ နောက်တဆင့်ကို တက်ရောက်ဖို့ သေချာ သွားမှာ ဖြစ်ပြီး ၊ အေတီကို ကတော့ တစ်ဖက် က အေစီ မီလန် နဲ့ ပေါ်တို တို့ ရလာဒ်ကို စောင့်ကြည့်ရဦးမှာ ဖြစ်လို့ ဒီပွဲကနေ အမှတ်လျှော့လို့ မရပါဘူး။

ဒီပွဲကို နယ်သာလန် ဒိုင်လူကြီး မက်ခီလီ က တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။

SM