အီတလီတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက် မအောင်ခဲ့သည့်တိုင် ၊ လုံးဝ လေသံ မလျှော့ခဲ့တဲ့ မန်ချီနီ

မနေ့ည က ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား အတွက် ခြေစစ်ပွဲ အုပ်စု အဆင့် နောက်ဆုံးပွဲ တပွဲမှာ ယူရို ၂၀၂၀ ချန်ပီယံ ဖြစ်ခဲ့တဲ့ အီတလီ အသင်း ဟာ မြောက်အိုက်ယာလန် အသင်းကို အဝေးကွင်း မှာ ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့လို့ ၊ အုပ်စုတွင်း အဆင့် ၂ နေရာမှာသာ ရပ်တည်နိုင်ခဲ့ကာ ၊ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း မရှိပါဘူး ။

ဒီအတွက်ကြောင့် အီတလီ ဟာ အခြား ဥရောပဇုန် အုပ်စု ဒုတိယ အသင်းတွေ ဖြစ်ကြတဲ့ ပေါ်တူဂီ ၊ ပိုလန် ၊ ဆွီဒင် ၊ ဖင်လန် ၊ စကော့တလန် ၊ ဝေးလ်းစ် ၊ ရုရှား ၊ မြောက်မက်ဆီဒိုးနီးယား အသင်းတွေ နည်းတူ ကာတာ ကမ္ဘာ့ဖလားသို့ သွားရောက် နိုင်ဖို့ လက်မှတ် တစောင်ကို play-off အဆင့်ကနေ ရှာဖွေ ရတော့မှာ ဖြစ်ပါတယ် ။

အီတလီတို့ အနိုင်မရခဲ့ပေမယ့် ၊ မနေ့ကပွဲ မတိုင်မီ ရမှတ်တူ အုပ်စု ဒုတိယ နေရာမှာ ရှိနေခဲ့တဲ့ ဆွစ်ဇာလန် အသင်း ဟာ ဘူလ်ဂေးရီးယား အသင်း ကို ၃ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာကြောင့် ၊ ကမ္ဘာ့ဖလား တိုက်ရိုက် ခြေစစ်ပွဲ အောင်သွားခဲ့ပြီ ဖြစ်ပါတယ် ။

အခုလို အီတလီ အသင်း တိုက်ရိုက် ခြေစစ်ပွဲ မအောင်ခဲ့ခြင်း အဓိက သက်ရောက်ခဲ့တဲ့ အချက် တချက် က အနီးကပ် ပြိုင်ဖက် ဆွစ်ဇာလန် ကို ၂ကျော့လုံး မှာ သရေသာ ကစားနိုင်ခဲ့ခြင်း ဖြစ်ပြီး ၊ ထို ၂ပွဲလုံးမှာ အနိုင်ရဖို့ ပင်နယ်တီ အခွင့်အရေး တကြိမ်စီ ရခဲ့ပေမယ့် ၊ ချဲလ်ဆီးနဲ့ အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဂျော်ဂျင်ဟို က ဖြုန်းတီးပစ်ခဲ့ပါတယ် ။

ဂျော်ဂျင်ဟို ဟာ ယူရို ၂၀၂၀ ဖိုင်နယ် ပင်နယ်တီ အဆုံးအဖြတ်မှာလည်း အင်္ဂလန်ဖက်ကို ဂိုးဝင်အောင် မသွင်းနိုင်ခဲ့ပေမယ့် ၊ ထိုစဉ် က ဂိုးပေါက် တာဝန်ယူခဲ့တဲ့ ဒွန်နာရမ်မာ က လက်စွမ်းပြကာ ၊ ဖလား ယူပေးခဲ့လို့ ၊ ၄င်းအနေနဲ့ ဘာမှ ဝေဖန်မခံခဲ့ရတာ ဖြစ်ပါတယ် ။

သို့ပေမယ့် အခုအခါ ကမ္ဘာ့ဖလား တိုက်ရိုက် ခြေစစ်ပွဲ မအောင်ခဲ့ရာမှာတော့ ၊ ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီ လွဲချော်မှု ၂ကြိမ် က အီတလီကို ပေးဆပ်မှု ကြီးမားစေခဲ့တယ်လို့ အများက ဆိုကြပါတယ် ။ အထူးသဖြင့် Ballon D’Or ဆု အတွက် ရေပန်းအစားဆုံး ကစားသမား ၃ဦး စာရင်းမှာ ပါဝင်နေချိန် ၊ ၄င်းရဲ့ လတ်တလော စွမ်းဆောင်ရည် က လူတွေကို ထိုဆု ရဖို့ ထိုက်တန်မှု ရှိမရှိနဲ့ ပတ်သက်ပြီး ပိုမို သံသယ ဝင်စေခဲ့ပြီ ဖြစ်ပါတယ် ။

ပွဲအပြီး RAI Sport နဲ့ တွေ့ဆုံခဲ့ရာမှာတော့ ၊ အီတလီ နည်းပြ ရော်ဘတ်တို မန်ချီနီ ကတော့ play-off ကစားရမည့်တိုင် ၄င်းတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မယ် ဆိုပြီး အကောင်း မြင်ထားဆဲ ဖြစ်သလို ၊ ကာတာ ကမ္ဘာ့ဖလား မှာလည်း ၄င်းတို့ဟာ ဗိုလ်စွဲနိုင်ဖို့ မျှော်လင့်လို့ ရသေးကြောင်း တုန့်ပြန် ပြောဆိုခဲ့ပါတယ် ။

မန်ချီနီ က ” ကျွန်တော်တို့ အခုအခါမှတော့ ဘာမှပြန်ပြင်လို့ မရတော့ပါဘူး ။ မတ်လမှာ ကျွန်တော်တို့ play-off ကစားရမှာ ဖြစ်ပြီး ၊ အဲဒီပွဲမှာ အကောင်းဆုံး ပေးဆပ် ကစားဖို့ပဲ ရှိပါတော့တယ် ။ လောလောဆယ်မှာ ကျွန်တော်တို့ အသင်း ဟာ ဘောလုံး ပိုင်ဆိုင်မှု အသာစီးနဲ့ လွှမ်းမိုး ကစားနိုင်ပေမယ့် ၊ ဂိုးသွင်းနိုင်ဖို့ ရုန်းကန်နေရပါတယ် ။ ”

” မြောက်အိုက်ယာလန် ဟာ ဒီနေ့မှာ တသင်းလုံး ခံစစ်ပိတ် ကစားခဲ့တာကြောင့် ၊ ကျွန်တော်တို့ဟာ ဘယ်နေရာကနေပဲ ဖြစ်ဖြစ် ၊ ထိုးဖောက်ရ ခက်ခဲ့ပါတယ် ။ ဟိုးအရှေ့မှာ ကတည်းက ကျွန်တော်တို့ တိုက်ရိုက် ခြေစစ်ပွဲ အောင်ဖို့ ကောင်းခဲ့တာကြောင့် ၊ အခုလို အနေအထား အထိ ရောက်လာတာ စိတ်မကောင်းစရာပါပဲ ။ ”

” အရင်လို ဟန်ချက်နဲ့ ပြင်းပြတဲ့ စိတ်ဓာတ်အားကို ပြန်ရဖို့ လိုနေပါတယ် ။ အဆုံးအဖြတ် ဖြစ်ခဲ့တဲ့ ပွဲ ၂ပွဲမှာ ကျွန်တော်တို့ ပင်နယ်တီ ၂ခါ လွဲခဲ့ပါတယ် ။ ဒါပေမယ့် ဒါဟာ အဲဒီပွဲတွေမှာ ကျွန်တော်တို့ အနိုင်ရဖို့ အခွင့်အရေး ရှိခဲ့တယ် ဆိုတာကို ဖော်ညွှန်းနေပါတယ် ။ ”

” အခုတော့ ကျွန်တော်တို့ မတ်လမှာ ကစားမယ့် play-off ပွဲကို ယုံကြည်မှု အပြည့်နဲ့ ရင်ဆိုင်ဖို့ အတွက် ပြင်ဆင်ရပါတော့မယ် ။ ကမ္ဘာ့ဖလား ဝင်ခွင့် တနေရာကို ကျွန်တော်တို့ ရနိုင်ဦးမှာ ဖြစ်ပြီး ၊ အဲဒီမှာ ချန်ပီယံ ဖြစ်ဖို့လည်း မျှော်လင့်လို့ ရပါသေးတယ် ။ ဘယ်လို ပုံစံနဲ့ပဲ ဖြစ်ဖြစ် ဝင်ခွင့်ရဖို့က အရေးကြီးပါတယ် ။ play-off ကနေ ဝင်ရမယ့် အတွက် ရှက်နေစရာ မလိုပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR