အိုးထရပ်ဖို့ဒ်ကနေ တက်နိုင်သမျှ အမြန်ဆုံးထွက်ခွာရန် ယူနိုက်တက်စတားတစ်ဦးကို တိုက်တွန်းလိုက်တဲ့ ဘော့စနစ်

သရဲနီ ဂိုးသမားဟောင်း တစ်ဦးဖြစ်သူ မက်ဘော့စနစ်က မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒင်းဟန်ဒါဆန် အနေနဲ့ အိုးထရပ်ဖို့ဒ်ကနေ တက်နိုင်သမျှ အမြန်ဆုံး ထွက်ခွာသွားသင့်တယ်လို့ ဆိုလိုက်ပါတယ်။ အင်္ဂလန် လက်ရွေးစင် ဟန်ဒါဆန်ဟာ ဒီရာသီ မန်ယူနိုက်တက် အတွက် တစ်ပွဲသာ ကစားရသေးကာ အဆိုပါ ပွဲစဉ်ဟာ ၀က်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလား ပွဲစဉ်ပဲ ဖြစ်ပါတယ်။

ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ ရာသီက ပွဲထွက် ကစားသမား နေရာအတွက် ဒီဂီယာကို ကောင်းကောင်း ခြိမ်းခြောက်နိုင်ခဲ့သူ ဖြစ်ပေမယ့် ဒီရာသီ အစပိုင်းမှာ ဒဏ်ရာ ရနေမှုနဲ့ ဒီဂီယာ ပုံမှန် လက်စွမ်း ပြန်လည် ပြသမှုတွေကြောင့် အိုးထရပ်ဖို့ဒ်မှာ နေရာပျောက်ကာ ပွဲကစားခွင့် မရသလောက် ဖြစ်နေပါတယ်။ ယူနိုက်တက် ဂိုးသမားဟောင်း ဖြစ်သူ ဘော့စနစ်က ဟန်ဒါဆန် အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီက အိုးထရပ်ဖို့ဒ် ကနေ ထွက်ခွာဖို့ မကြိုးစားခဲ့တဲ့ အကြောင်းရင်းကို သူ့ဘက်က အပြည့်အ၀ နားလည်ကြောင်း ပြောလိုက်ပြီး လက်ရှိ အချိန်မှာတော့ အင်္ဂလန် ဂိုးသမား အနေနဲ့ အိုးထရပ်ဖို့ဒ် ကနေ ထွက်ခွာဖို့ အချိန် ကျရောက်နေပြီလို့ အကြံပေးသွား ပါတယ်။

ဘော့စနစ်က “ကျွန်တော် ကတော့ သူ ယူနိုက်တက် ကနေ ထွက်ခွာသင့်တယ်လို့ ထင်ပါတယ်။ သူဟာ အသင်း တစ်သင်းမှာ ပုံမှန် ပွဲထွက် ကစားခွင့် ရဖို့ လိုအပ်တဲ့ အသက်အရွယ် အပိုင်းအခြားကို ရောက်ရှိနေပါပြီ။ ဒါကို သူ့ဘက်ကလည်း သိနေမှာပါ။ သူဟာ ပြီးခဲ့တဲ့ ရာသီက ဒီဂီယာကို ကျော်ကာ ပွဲထွက်ခွင့်တွေ ရခဲ့တာကြောင့် ဒီရာသီ အခြေအနေတွေ ဘယ်လို ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ချင်တဲ့ အတွက် နွေရာသီတုန်းက ယူနိုက်တက် ကနေ ထွက်ခွာဖို့ မကြိုးစားခဲ့တာကို ကျွန်တော် နားလည်ပါတယ်။

ဒီဂီယာဟာ ဒီရာသီမှာ အကောင်းဆုံး လက်စွမ်းပြနေခဲ့ပါတယ်။ ဒါကတော့ သံသယ ဖြစ်စရာ မရှိပါဘူး။ မန်ချက်စတာစီးတီး နဲ့ ပွဲစဉ်က ဒုတိယမြောက် ဂိုးတော့ မပါဘူးပေါ့ဗျာ။ သူ ဒီဂိုးကို ကာကွယ် နိုင်ခဲ့သင့်တယ်ဆိုတာ ကိုယ့်ကိုကိုယ် သိနေမှာပါ။ ဒါပေမယ့် ဒင်းဟန်ဒါဆန် ရဲ့ ဘက်ကနေ ကြည့်မယ် ဆိုရင် သူ့အနေနဲ့ ပုံမှန် ပွဲကစားခွင့် ရတဲ့ အသင်းတစ်သင်းကို ပြောင်းရွေ့ ကစားဖို့ အချိန် ရောက်နေပါပြီ။” လို့ ဆိုသွားပါတယ်။

ဟန်ဒါဆန်ဟာ မန်ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၂၇ ပွဲ ၀င်ကစားခဲ့သူ ဖြစ်ပြီး ၎င်းကို ဆော်ဒီကျောထောက်နောက်ခံ စီးပွားရေး အုပ်စု ပိုင်ဆိုင်ထားတဲ့ နယူးကာဆယ် အသင်းက ခေါ်ယူရန် ချိတ်ဆက်နေတယ်လို့ သိရပါတယ်။

ဒါနဲ့ ပက်သက်ပြီး ဘော့စနစ်က “နယူးကာဆယ်ဟာ ငွေကြေးများစွာ သုံးစွဲကာ ကစားသမား အားဖြည့်မှုတွေ လုပ်သွားမယ့် အသင်းပါ။ ဒါပေမယ့် သူတို့ဟာ လက်ရှိမှာ တန်းဆင်းအန္တရာယ်ကို ကျရောက်နေပါတယ်။ သူတို့ဟာ အက်ဒီဟောင်းကို မန်နေဂျာသစ် အဖြစ် ခန့်အပ်ခဲ့ပြီး ကစားသမား အင်အား ဖြည့်တင်းရာမှာ အသင်းရဲ့ ကျောရိုးတွေကို မှန်ကန်စွာ အားဖြည့်ဖို့ လိုအပ်ပါတယ်။ ဂိုးသမားဟာ ဒီနေရာမှာ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ ဒင်းဟန်ဒါဆန် အနေနဲ့ နယူးကာဆယ် ဒါမှမဟုတ် ပုံမှန်ကစားခွင့် ရနိုင်မယ့် တစ်သင်းသင်းကို တက်နိုင်သမျှ အမြန်ဆုံး ပြန်ရွေ့သင့်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM