အိုးထရက်ဖိုဒ့် သူ့လူကိုယ့်ဘက်သားများ ၊ ကွင်းထဲက အကောင်းဆုံး ပေါ်တူဂီသား တို့နဲ့ . . .အပြာရောင်လွှမ်းခဲ့တဲ့ မန်ချက်စတာ ဒါဘီ က စိတ်ဝင်စားစရာ အချက် ၅ ချက်

 

အိုးထရက်ဖိုဒ့် ကွင်းထဲက မန်ချက်စတာ ဒါဘီ ကတော့ ပြီးသွားခဲ့ ပါပြီ ။ မန်စီးတီး က ၂ – ၀ နဲ့ နိုင်ခဲ့တဲ့ ဒီပွဲမှာ ဧည့်သည် စီးတီး ဟာ အိမ်ရှင် ယူနိုက်တက် ကို ခြေစွမ်း အပြတ်အသတ် နဲ့ အသာစီး ရယူပြီး ကစားသွား နိုင်ခဲ့ ပါတယ် ။

အထူးသဖြင့် ပထမပိုင်းမှာ မန်စီးတီး ဟာ ယူနိုက်တက် ကို တောက်လျောက် ဖိကစားခဲ့ပြီး တဒိုင်းဒိုင်း ကန်သွင်းခဲ့ ပါတယ် ။ ဒီဂီယာ ကတော့ စီးတီး ရဲ့ ကန်ချက်တွေကို ပုတ်ထုတ် ခဲ့ရတဲ့ အပြင် လင်ဒီလော့ဖ် ရဲ့ O.G တလုံးကိုပါ ကာကွယ်ပေး ခဲ့ရပါတယ် ။

ယူနိုက်တက် ဟာ စပါး ၊ အတ္တလန်တာ တို့နဲ့ ပွဲမှာ သုံးခဲ့တဲ့ နောက်တန်း ၅ ယောက် ကစားကွက် ကို ပြန်သုံးခဲ့ ပေမယ့် ဒီကနေ့မှာ အမြီးအမောက် မတည့်ဘဲ စီးတီး ကစားကွက် အောက်ကို ရောက်ခဲ့ ပါတယ် ။

စီးတီး ဘက်မှာသာ အဆုံးသတ် ကောင်းတဲ့ တိုက်စစ်မှူး တယောက်ပါခဲ့ရင် ဒီထက် ဂိုးပြတ် မှာပါ ။

ဒါပေမယ့် ဂွာဒီယိုလာ ကတော့ ၂-၀ ကိုလည်း ကျေနပ် မှာပါပဲ ။ နောက်ဆုံး မှာတော့ ဒီနှစ် ပရီးမီးယားလိဂ် ဟာ မြင်း ၃ ကောင် ( ချဲလ်ဆီး ၊ လီဗာပူး ၊ မန်စီးတီး ) ပြေးတဲ့ ပွဲ ဖြစ်သွားခဲ့ပြီ ဆိုတာ သေချာခဲ့ပါပြီ ။

ဒီညပွဲမှာ မြင်တွေ့ ခဲ့ရတဲ့ စိတ်ဝင်စားစရာ အချက်တွေ ကတော့ . . .

၁ ။ လူမှန် နေရာမှန် ပြန်ရောက်သွားတဲ့ အဲရစ် ဘိုင်လီ

ယူနိုက်တက် ခံစစ်မှာ စင်းလုံချော နောက်ခံလူရယ်လို့ မရှိပါဘူး ။ အားလုံးက သူမသာ ကိုယ်မသာ ၊ ကြွေတလှည့် ကြက်တခုန် ၊ တနေ့ရွှေ တနေ့ငွေတွေ ချည်းပါပဲ ။ ဒါကို အဲရစ် ဘိုင်လီ က နောက်တခါ သက်သေ ပြသွားခဲ့ ပြန်ပါပြီ ။

အတ္တလန်တာ နဲ့ ပွဲမှာ ပြိုင်ဘက် တိုက်စစ်မှူး ဇာပါတာ က ထုတ်ဖော် ချီးကျူး ရလောက်အောင် ကောင်းပြ ခဲ့တာကြောင့် ယူနိုက်တက် ပရိသတ်တွေ ရဲ့ အထင်ကြီးမှု ကို ရခဲ့တဲ့ ဘိုင်လီ ဟာ ဒီနေ့ ပွဲမှာတော့ သူဟာ အခြား အသင်းဖော်တွေနဲ့ ထူးမခြားနား ဆိုတာကို O.G တဂိုး နဲ့ အသိပေးသွားခဲ့ ပါတယ် ။

အတ္တလန်တာ က ခြေစွမ်းကို ကြည့်ပြီး ဘိုင်လီ ကို သုံးသင့်တယ် ဆိုတဲ့ အသံတွေ လည်း လုံး၀ ကို တိတ်ဆိတ် သွားတော့ တာပါပဲ ။

၂ ။ ယူနိုက်တက် အိမ်ကွင်း မဟုတ်တော့တဲ့ အိုးထရက်ဖိုဒ့်

မနှစ်က ကတည်းက မန်ချက်စတာ ယူနိုက်တက် ဟာ အိမ်ကွင်းထက် အဝေးကွင်း ရလဒ်တွေ ပိုကောင်း နေခဲ့တာပါ ။

ဒီနှစ် မှာတော့ အခြေအနေက ပိုလို့ ဆိုလာခဲ့ပါတယ် ။

ဒီည ရှုံးပွဲ အပါအဝင် နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း အမှတ်ပေးပွဲ ၄ ပွဲမှာ ယူနိုက်တက် တို့ သရေ ၁ ပွဲသာ ရခဲ့ပြီး ၃ ပွဲ ရှုံးခဲ့ ပါတယ် ။ ၁ ဂိုးသာ သွင်းနိုင်ခဲ့ပြီး ၉ ဂိုးအထိ ပေးခဲ့ရတာပါ ။

အိုးထရက်ဖိုဒ့် ဟာ တချိန်ကလိုမျိုး ပြိုင်ဘက်တွေ ကြောက်ရွံ့ ရတဲ့ ကွင်းတခု အဖြစ်ကနေ သာသာယာယာ လမ်းလျောက် အပန်းဖြေနိုင်တဲ့ ပန်းခြံ တခုအဆင့်ကို ရောက်မှန်းမသိ ရောက်လို့ နေခဲ့ပါပြီ ။

ဒါတွေက ဆိုးရှား နဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေရဲ့ အားထုတ်မှု ရလဒ်တွေပါပဲ ။

၃ ။ သူစိမ်းဆန်လွန်းတဲ့ မက်ဂွဲယား နဲ့ ရှော

လုခ်ရှော နဲ့ ဟယ်ရီ မက်ဂွဲယား တို့ တွဲဆော့လာတာ ၃ နှစ်ကျော်ခဲ့ ပါပြီ ။ ၂ ယောက်စလုံးက အင်္ဂလိပ်တွေပါ ၊ ဘာသာစကား အခက်အခဲလည်း ရှိစရာ အကြောင်းမရှိပါဘူး ။

ဒါပေမယ့် သူတို့ ၂ ယောက် အကြားက နားလည်မှု ကတော့ တော်တော်လေးကို လွဲချော်နေပါတယ် ။

ဒီနေ့ ပွဲက ဒုတိယဂိုးမှာ ဒီဂီယာက ရှင်းထုတ်ဖို့ အော်ဟစ် နေပေမယ့် အင်္ဂလန် လက်ရွေးစင် ခံစစ်သမား ၂ ယောက်ကတော့ အလွဲလွဲ အချော်ချော် လုပ်သွားခဲ့ ပါတယ် ။

မက်ဂွဲယား က မမီမကမ်းနဲ့ လိုက်တယ် ၊ ဒါကို ရှော ကလည်း ပေါ့ပေါ့ဆဆ လွှတ်ပေး ခဲ့ ပါတယ် ။

ဘာနာဒို ဆေးလ်ဗား ရဲ့ ပိတ်သွင်းချက်က အားပျော့ပေမယ့် မထင်မှတ်တဲ့ အနေအထားကနေ ဝင်လာတာကြောင့် ပထမပိုင်း တပိုင်းလုံး လက်စွမ်းပြနေတဲ့ ဒီဂီယာ မျက်နှာပျက်စရာ ဖြစ်ခဲ့ရပါတယ် ။

ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကင်း ကတော့ ပထမပိုင်း အပြီးမှာပဲ “ကျွန်တော်တော့ လက်လျော့လိုက်ပြီ” လို့ကို ထုတ်ပြော သွားခဲ့တာပါ ။

၄ ။ အိုလေးဘက်မှာ ရှိနေကြသူများ

မန်ချက်စတာ ယူနိုက်တက် ရဲ့ ရလဒ်တွေ ဒီလောက် ဆိုးရွားနေလို့ အားလုံးက ဆိုးရှား ကို ထွက်သွား စေချင် နေကြပြီလား . . . မထင်ပါနဲ့ ။ ဒီနေ့ အိုးထရက်ဖိုဒ့် ကွင်းထဲမှာ အိုလေ ဂန်နာ ဆိုးရှား ရဲ့ အမည်ကို မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ ရှိတဲ့ ပွဲကြည့်စင် ဘက်ကနေ ကြားနေရတုန်း ပါပဲ ။

တဘက် မန်စီးတီး ပရိသတ်တွေ ဘက်ခြမ်းမှာလည်း ဆိုးရှား ကို ဆက်ထားဖို့ သီဆို အော်ဟစ် နေခဲ့ကြတာပါ ။

ယူနိုက်တက် ဘုတ်အဖွဲ့ ကလည်း ဆိုးရှား ကို ထုတ်ဖို့ အလောတကြီး ဆုံးဖြတ်မှာ မဟုတ်ပါဘူးလို့ အတွင်းသတင်း ပေါက်ကြား ထားပါတယ် ။

ကမ္ဘာကြီး ၂ ခြမ်းကွဲရင်တောင် အိုလေ ဂန်နာ ဆိုးရှား ဘက်မှာ ရှိနေမယ့်သူက မနည်းမနောပါပဲ ။

၅ ။ ကွင်းထဲက အကောင်းဆုံး ပေါ်တူဂီသား

ဒီနေ့ညမှာ ပေါ်တူဂီသား ၅ ယောက်ထိ ဝင် ကစားခဲ့ ပါတယ် ။ အင်္ဂလိပ်တွေပြီးရင် အရေအတွက် အများဆုံးပါ ။

မန်ချက်စတာ ယူနိုက်တက် က ပေါ်တူဂီသား ၂ ယောက် ကတော့ ခြေမပေါဘဲ ဆိုးရွားတဲ့ ညနေခင်း ဖြစ်ခဲ့ ပါတယ် ။ ရိုနယ်ဒို ကတော့ စီးတီး ဘက်ကို ယူနိုက်တက် ရဲ့ တခုတည်းသော ဂိုးပေါက်တည့်မှု ဖြစ်တဲ့ ဘယ်ခြေနဲ့ မြေမကျ ကန်သွင်းခဲ့လို့ ဖာနန်ဒက်စ် ထက် သာသေးတယ်လို့ ဆိုရမှာပါ ။

စီးတီး ခံစစ်မှာ ပေါ်တူဂီသား ရူဘင် ဒီယာ့စ် ပုံစံကောင်း ပြခဲ့ပြီး ဂျွန်စတုန်း နဲ့ အတူ ရိုနယ်ဒို ကို ထိန်းချုပ် နိုင်ခဲ့ ပါတယ် ။

သူ့ထက် ပိုကောင်းခဲ့သူက ဘာနာဒို ဆေးလ်ဗား ဖြစ်ပြီး အရေးပါတဲ့ ဒုတိယဂိုး ကို သွင်းပေးခဲ့တာပါ ။

ပေါ်တူဂီသား အားလုံးထဲမှာ အကောင်းဆုံး ကစားခဲ့သူကတော့ ကန်ဆယ်လို ပါပဲ ။ ကြားရက် က ချန်ပီယံလိဂ် မှာ စီးတီး အတွက် ၃ ဂိုး ဖန်တီးပေး ခဲ့တဲ့ ကန်ဆယ်လို ဟာ ဒီကနေ့ ပွဲမှာလည်း စီးတီး ရတဲ့ ဂိုး ၂ ဂိုး စလုံး ကို ဖြတ်တင်ပေးပို့ ခဲ့ ပါတယ် ။

ပွဲချိန် တလျောက်လုံး မှာလည်း ဘယ်တောင်ပံ ကနေ တိုက်စစ်ရော ခံစစ်ပါ အကောင်းဆုံး ကစားခဲ့တဲ့ ကန်ဆယ်လို ကတော့ ဒီကနေ့ ညနေခင်းရဲ့ အကောင်းဆုံး ပေါ်တူဂီသား တင်မက ပွဲရဲ့ Man of the Match ဖြစ်ဖို့တောင် ထိုက်တန်တယ်လို့ ဆိုရမှာပါ ။

 

SPORTS MYANMAR