အိုလေဂန်နာ ဆိုးရှား လက်ထက် မန်ချက်စတာ ယူနိုက်တက် ရဲ့ အကောင်းဆုံး ၅ ပွဲ

နောက်ဆုံးမှာတော့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ ဖြစ်စေချင် နေတဲ့ ဆန္ဒ တခု ပြီးမြောက် သွားခဲ့ ပါပြီ ။

အသင်းရဲ့ ရလဒ်တွေ ဆက်တိုက ဆိုးရွား နေသည့်တိုင် အထုတ်မခံ ရဘဲ ဘုတ်အဖွဲ့ ၊ အသင်းပိုင်ရှင်တွေရဲ့ ထောက်ခံမှုကို ရရှိ ထားတဲ့ နည်းပြ အိုလေ ဂန်နာ ဆိုးရှား ဟာ ဝက်ဖိုဒ့် အသင်းကို ၄-၁ နဲ့ ရှုံးနိမ့် ခဲ့တဲ့ စနေနေ့ ညက ပွဲ အပြီးမှာတော့ အိုးထရက်ဖိုဒ့် ပဲ့ကိုင်ရှင် ဘ၀ အဆုံးသတ် သွားခဲ့ရ ပါတယ် ။

လက်ရှိ မှာတော့ မိုက်ကယ်ကာရစ် က ယာယီ ကိုင်တွယ် နေပြီး နည်းပြသစ် ခန့်အပ် နိုင်ဖို့ ကို အရှိန် အဟုန်နဲ့ လုပ်ဆောင် နေတယ်လို့ သိရ ပါတယ် ။

ဆိုးရှား ဟာ မန်ချက်စတာ ယူနိုက်တက် ကို ပွဲပေါင်း ၁၆၈ ပွဲ ကိုင်တွယ် ခဲ့ပါတယ် ။ အဲ့ဒိ အထဲမှာ ၉၂ ပွဲ အနိုင် ရခဲ့ပြီး ၄၁ ပွဲ ရှုံးကာ ၃၅ ပွဲ သရေကျခဲ့ ပါတယ် ။ နိုင်ပွဲ ရာနှုန်း အရ ကြည့်ရင်တော့ မိုရက်စ် ၊ ဗန်ဟား ၊ မော်ရင်ဟို တို့ထက် ပိုကောင်းခဲ့တယ်လို့ ဆိုရမှာပါ ။

ဒီ နိုင်ပွဲ ၉၂ ပွဲမှာ ယူနိုက်တက် ပရိသတ်တွေ ရင်ထဲ စွဲနေ စေမယ့် အမှတ်တရ ပွဲကောင်းတွေ ရှိခဲ့ ပါတယ် ။ အဲ့ဒိ အထဲက အကောင်းဆုံးလို့ ပြောနိုင်တဲ့ ပွဲတွေ ကတော့ –

၅ ။ မန်ချက်စတာ ယူနိုက်တက် ၂ – ၀ မန်စီးတီး

ကိုဗစ် ကပ်ဆိုးကြီးကြောင့် ဘောလုံးပွဲတွေ ရပ်နား ၊ ပရိသတ်တွေ မပါဘဲ ပြန်လည် စတင် ခဲ့ရမှု မတိုင်ခင် နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ ယူနိုက်တက် ဟာ ဆူညံတဲ့ အိမ်နီးနားချင်းတွေကို အနိုင် ကစားပြခဲ့ ပါတယ် ။

ဂွာဒီယိုလာ ရဲ့ စီးတီး တိုက်စစ်ဟာ ယူနိုက်တက် ခံစစ်ကို မထိုးဖောက် နိုင်ဘဲ အိုးထရက်ဖိုဒ့် မှာ ဆိုးရှား ရဲ့ ဗျူဟာက အလုပ်ဖြစ်ခဲ့ ပါတယ် ။

ပထမပိုင်းမှာ အန်တိုနီ မာရှယ် က ဖာနန်ဒက်စ် အကွက်မြင်မြင် ဖန်တီးပေး လိုက်တဲ့ တည်ကန်ဘော ကနေ ယူနိုက်တက် အတွက် ဦးဆောင်ဂိုးကို စသွင်းပေး ခဲ့ပါတယ် ။

ဒုတိယပိုင်း မှာတော့ ယူနိုက်တက် ဟာ ဦးဆောင်ဂိုးကို ထိန်းကစားရင်း ပွဲပြီးခါနီးကို ရောက်လာခဲ့ ပါတယ် ။

နောက်ဆုံး မိနစ်မှာတော့ စီးတီး ဂိုးသမား အီဒါဆင် ရဲ့ မသေသပ်တဲ့ ကန်တင်မှုကတဆင့် တော်မီနေး က ဂိုးသမား မရှိတဲ့ ဂိုးပေါက်ထဲကို အဝေးကနေ လှမ်းကန်ကာ ပွဲသိမ်းဂိုးကို သွင်းယူ ပေးသွားခဲ့ ပါတယ် ။

ဒီပွဲ မှာ ယူနိုက်တက် ဟာ မြို့ခံ ပြိုင်ဘက် အပေါ်မှာ ထိုက်ထိုက်တန်တန် အနိုင် ရခဲ့ပြီး ဆိုးရှား ဟာလည်း ချီးကျုး ပြောဆိုမှုတွေ ရရှိခဲ့ ပါတယ် ။

၄ ။ မန်ချက်စတာ ယူနိုက်တက် ၆-၂ လိဒ်ယူနိုက်တက်

မာဆယ်လို ဘီယေဆာ ရဲ့ လိဒ် ဟာ လျှင်လျှင်မြန်မြန် စီးဆင်းနိုင်တဲ့ တိုက်စစ် ကစားပုံကြောင့် နာမည်ရခဲ့ ပါတယ် ။ ဒါကြောင့် အိုးထရက်ဖိုဒ့် မှာ ကစားမယ့် ပွဲဟာ သူတပြန် ကိုယ်တပြန် နဲ့ အကျိတ်အနယ် ရှိပြီး လိဒ် ဟာ ယူနိုက်တက် ကို အခက်တွေ့ စေလိမ့်မယ်လို့ သုံးသပ် ခဲ့ကြပါတယ် ။

ဒါပေမယ့် တကယ်တမ်း ကစားချိန် မှာတော့ ယူနိုက်တက် ဟာ အာဆင်နယ် ကို ၈-၂ နဲ့ အနိုင်ရပြီး နောက်ပိုင်း ပထမဆုံး အကြိမ် ၆ ဂိုး သွင်းနိုင်ခဲ့တာ ဖြစ်သလို လိဒ် အတွက်လည်း နည်းပြ ဘီယေဆာ လက်ထက် မှာ ပထမဆုံး ၆ ဂိုးပေး ရတဲ့ ပွဲလည်း ဖြစ်သွား စေခဲ့ ပါတယ် ။

၃ ။ မန်ချက်စတာ ယူနိုက်တက် ၅ – ၀ လိုက်ပ်ဇစ်

ဂျာမန် နည်းပြ နာဂယ်စမန်း ( လက်ရှိ ဘိုင်ယန် ) ရဲ့ လမ်းညွှန်မှုတွေနဲ့ အတူ လိုက်ပ်ဇစ် ဟာ ဥရောပ မှာ အလေးထား အသိအမှတ်ပြုရတဲ့ အသင်း တသင်း ဖြစ်လာခဲ့ ပါတယ် ။

ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် အုပ်စုမှာ လိုက်ပ်ဇစ် ဟာ ယူနိုက်တက် နဲ့ အတူ ကျရောက် ခဲ့ပြီး အိုးထရက်ဖိုဒ့် ကို အကောင်းဆုံး ယှဉ်ပြိုင် ကစားဖို့ တက်ကြွစွာ ရောက်လာခဲ့ ပါတယ် ။

ဒါပေမယ့် အိမ် အပြန် မှာတော့ လိုက်ပ်ဇစ် ကို ယူနိုက်တက် က ဒဏ်ရာတခု လက်ဆောင်ပေး ခဲ့ပါတယ် ။

မားကပ် ရက်ဖိုဒ့် ရဲ့ ဟက်ထရစ် နဲ့ အတူ အန်တိုနီ မာရှယ် ၊ မေဆင် ဂရင်းဝုဒ် တို့က အိုးထရက်ဖိုဒ့် မှာ ဖျော်ဖြေနိုင်စွမ်း အပြည့် နဲ့ အနိုင် ကစားပြခဲ့ပါတယ် ။

ဒါပေမယ့် နောက်တကျော့ မှာတော့ ယူနိုက်တက် တို့ ဂျာမန်မြေပေါ်မှာ လိုက်ပ်ဇစ် ကို ရှုံးခဲ့ပြီး အဲ့ဒိ အရှုံးဟာ ချန်ပီယံလိဂ် အုပ်စုကနေ ထွက်ခွာရစေခဲ့ ပါတယ် ။

၂ ။ မန်ချက်စတာ ယူနိုက်တက် ၉ – ၀ ဆောက်သမ်တန်

ဒီနှစ် ဖေဖော်ဝါရီ အစပိုင်းမှာ မန်ချက်စတာ ယူနိုက်တက် ဟာ ဆောက်သမ်တန် ကို အိုးထရက်ဖိုဒ့်မှာ ဧည့်ခံ ကစားခဲ့ ပါတယ် ။

ပွဲအစ ၂ မိနစ်မှာတင် ဆောက်သမ်တန် ဘက်က တယောက် ထုတ်ခံ ခဲ့ရပြီး ၁၀ ယောက်တည်း နဲ့ ဆက် ကစားခဲ့ရ ပါတယ် ။

ဒါဟာ ဆိုးရှား ရဲ့ အသင်းကို ဂိုးမုန်တိုင်း ထန်သွားစေဖို့ အစပြု ခဲ့တာပါပဲ ။

ပထမပိုင်း အပြီးမှာတင် ယူနိုက်တက် ဟာ ဧည့်သည် အသင်းကို ၄ ဂိုးပြတ် နဲ့ အနိုင်ယူထားခဲ့ ပါတယ် ။ ဒုတိယပိုင်း မှာလည်း ပွဲပြီးခါနီး အထိ ဂိုးတွေ ဆက်တိုက် သွင်းကာ ၉ ဂိုးပြတ် အနိုင် ရရှိခဲ့ ပါတယ် ။

ယူနိုက်တက် အတွက် ကစားသမား ၇ ယောက်က ၉ ဂိုး သွင်းပေး ခဲ့တာ ဖြစ်ပြီး အသင်းရဲ့ သမိုင်းတလျောက် အကြီးမားဆုံး နိုင်ပွဲစံချိန်ဟောင်းကို လိုက်မီ သွားနိုင်ခဲ့ ပါတယ် ။

၁ ။ PSG ၁-၃ မန်ချက်စတာ ယူနိုက်တက်

အိုလေဂန်နာ ဆိုးရှား ယာယီ နည်းပြ အဖြစ် နဲ့ ကိုင်တွယ် တဲ့ ပွဲတွေဟာ ယူနိုက်တက် ပရိသတ်တွေ အတွက် စိတ်ကျေနပ် စရာ အပေးနိုင်ဆုံး အချိန်တွေ ဖြစ်ခဲ့ ပါတယ် ။

အဲ့ဒိ ကျေနပ်လောက် စရာတွေ ရဲ့ အစကတော့ ပြင်သစ် ထိပ်သီး PSG ကို အဝေးကွင်းမှာ အနိုင် ကစားခဲ့ တာပါပဲ ။

နေမာ ၊ ဘာပေ တို့ရဲ့ PSG ဟာ ချန်ပီယံလိဂ် ၁၆ သင်းဆင့် ရဲ့ ပထမအကျော့ မှာ အိုးထရက်ဖိုဒ့် ကိုလာပြီး ၂-၀ နဲ့ အနိုင် ကစားပြခဲ့ ပါတယ် ။ ဒုတိယ အကျော့ မကစားခင်မှာ ယူနိုက်တက် ဘက်က အဓိက ကစားသမား အတော်များများ ဒဏ်ရာပြဿနာတွေ ကြုံနေခဲ့ရ ပါတယ် ။

ဒါကြောင့် ပြင်သစ် မြေပေါ်မှာ ကစားမယ့် ဒုတိယ အကျော့မှာ ယူနိုက်တက် တို့ အခွင့်အရေး ရှိလာဖို့ မျှော်လင့်သူ မရှိသလောက် ဖြစ်ခဲ့ရ ပါတယ် ။

ဒါပေမယ့် ဆိုးရှား ရဲ့ ကစားသမားတွေဟာ မထင်မှတ်တာကို လုပ်ပြခဲ့ ပါတယ် ။

ရိုမီရို လူကာကူ ရဲ့ သွင်းဂိုး ၂ ဂိုး ဟာ ယူနိုက်တက် ကို မျှော်လင့်ချက်တွေ ရှင်သန် စေခဲ့ ပါတယ် ။ ၂-၁ အနေအထား မှာ ဒီယေဂို ဒါးလော့ ရဲ့ ကန်ချက် ကင်ပန်ဘီ လက်နဲ့ ထိသွားခဲ့ပြီး ချန်ပီယံလိဂ် ရဲ့ ပထမဆုံးသော VAR ဆုံးဖြတ်ချက် ( ပင်နယ်တီ ) ကို ဖြစ်လာစေခဲ့ ပါတယ် ။
အဲ့ဒိ ပင်နယ်တီ ကို ရက်ဖိုဒ့် က အမှားအယွင်း မရှိ ကန်သွင်း ခဲ့ပြီး လူမစုံတဲ့ ယူနိုက်တက် ဟာ ပြင်သစ် မြေပေါ် မှာ ၃-၁ နဲ့ အနိုင် ရရှိခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၃-၃ ( အဝေးဂိုး အသာ ) နဲ့ ကွာတား ဖိုင်နယ် အဆင့်ကို တက်လှမ်း သွားနိုင်ခဲ့ ပါတယ် ။

ပရိသတ်ကြိး တို့ရဲ့ ဆိုးရှား လက်ထက် က ယူနိုက်တက် အသင်းရဲ့ အကြိုက်ဆုံး ပွဲက ဘယ်ပွဲတွေ ဖြစ်နေမလဲဗျာ . . .

 

SPORTS MYANMAR