“အိပ်မက်လမ်းဆုံ” လို့ နာမည်ကျော်တဲ့ ချန်ပီယံလိဂ် Week 5 မှာ ဘယ်သူတွေ ဘာဖြစ်ကြမလဲ ?

ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၅ ကို လမ်းဆုံ လမ်းခွဲ လို့ ခေါ်ကြပါတယ် ။ ဘာလို့လည်း ဆိုတော့ ဒီပွဲမှာ ဘယ်အသင်းတွေ က ချန်ပီယံလိဂ် အိပ်မက် ကို ဆက်မက်ကြပြီး ဘယ်သူတွေ က ယူရိုပါလိဂ် အိပ်မက် ကို ပြောင်းမက် ရတော့မယ် ဆိုတာကို ပီပီပြင်ပြင် မြင်တွေ့ ရနိုင်မှာ ဖြစ်လို့ ပါပဲ ။

အုပ်စု ပွဲစဉ် ၄ အပြီးမှာတော့ ဘိုင်ယန်မြုးနစ် ၊ ယူဗင်တပ် ၊ လီဗာပူး နဲ့ အိုင်ယက်စ် တို့ဟာ နောက်တဆင့် တက်ဖို့ လုံလောက်တဲ့ ရမှတ်တွေကို ရယူ ပိုင်ဆိုင် ထားနိုင်ခဲ့ ပါပြီ ။

ကျန်တဲ့ ၁၂ နေရာ အတွက် ဘယ်အသင်းတွေ မှာ မျှော်လင့်ချက် ရှိနိုင်မလဲ ၊ ဘယ်အသင်းတွေ က အုပ်စု တတိယ အဖြစ် နဲ့ ယူရိုပါလိဂ် ကို ဦးတည်ဖို့ ဖြစ်လာ နိုင်မလဲ ဆိုတာကို ဒီတပတ် မှာ ကစားမယ့် ပွဲစဉ်တွေ က တစိတ် တပိုင်း ဖော်ပြ ပေးနေမှာပါ ။

အုပ်စု A မှာတော့ ဒီတပတ် မှာ မန်စီးတီး နဲ့ PSG တို့ ထိပ်တိုက် တွေ့ ကြမှာပါ ။ ဒီပွဲမှာ နိုင်တဲ့ အသင်း အုပ်စု ကနေ လွန်မြောက်မှာပါ ။ မန်စီးတီး ကတော့ သရေဆိုရင်လည်း နောက်တဆင့် တက်ပါပြီ ။ ဘာလို့လည်း ဆိုတော့ နောက်ဆုံးပွဲစဉ်မှာ PSG နဲ့ ဘရုဂေး တို့ ကစားကြမှာ ဖြစ်တာကြောင့် ပါပဲ ။

တကယ်လို့ ကလပ် ဘရုဂ် ရှုံးသွားခဲ့မယ် ဆိုရင်တော့ အစ်တီဟတ်ကွင်းက စူပါစတားတို့ရဲ့ အားပြိုင်မှု ဟာ ဘယ်လို ရလဒ်ထွက်ပေါ်လာပါစေ ၊ အရေးကြီးတော့မှာ မဟုတ်ပါဘူး ။

အုပ်စု B မှာတော့ နောက်တဆင့် တက်သွားတဲ့ လီဗာပူး ဆီက ညှာတာမှုတွေ ကို ပေါ်တို နဲ့ အေစီမီလန် တို့ မျှော်လင့် နေကြမလား မသိပါဘူး ။

ဒီတပတ် မှာ အက်သလက်တီကို မက်ဒရစ် က အေစီမီလန် ကို ဧည့်ခံရမှာ ဖြစ်ပြီး ပေါ်တိုက အန်ဖီးလ် ကို သွား ကစားရမှာပါ ။

ဒီအုပ်စု ဒီအပတ်မှာ အဖြေပေါ်နိုင်မယ့် တခုတည်းသော နည်းကတော့ ပေါ်တို က အဝေးကွင်းမှာ လီဗာပူး ကို နိုင်ပြီး အက်သလက်တီကို မက်ဒရစ် က အိမ်ကွင်းမှာ အေစီမီလန် ကို ရှုံးနိမ့် မှပဲ ဖြစ်မှာပါ ။

အဲ့ဒိလိုမှ မဟုတ်ရင်တော့ အေတီကို မက်ဒရစ် နဲ့ ပေါ်တို တို့ ကစားမယ့် အုပ်စု နောက်ဆုံးပွဲဟာ ဗိုလ်လုပွဲ တပွဲလို ပြင်းထန် နေတော့မှာပါ ။

အိုင်ယက်စ် နောက်တဆင့် တက်နေပြီ ဖြစ်တဲ့ အုပ်စု C မှာတော့ ဒေါ့မွန် နဲ့ စပို့တင်း တို့က ၆ မှတ်စီ အပြိုင် ဖြစ်နေပြီး ဘက်ဆစ်တက် က အမှတ်လုံး၀ မရသေးပါဘူး ။

အခုအပတ် မှာ ၆ မှတ် ၂ သင်း ( စပို့တင်း – ဒေါ့မွန် ) စာရင်းရှင်း ကြမှာပါ ။ တကယ်လို့ ဘက်ဆစ်တပ် သာ ပထမဆုံး ချန်ပီယံလိဂ် နိုင်ပွဲကို အိုင်ယက်စ် ဆီက ရခဲ့မယ် ဆိုရင်တော့ နောက်ဆုံးပွဲစဉ် မှာ အလှည့်အပြောင်းတွေ မြင်ကောင်း မြင်ရ နိုင်ပါတယ် ။

အုပ်စု D မှာတော့ အဖွင့် ၂ ပွဲ ဆက်တိုက် နိုင်ပြီး အားလုံးကို အံ့အားသင့်စေခဲ့တဲ့ ချန်ပီယံလိဂ် မျက်နှာသစ် အသင်းလေး ရှရစ် ဟာ ဒီတပတ် မှာ ရီးရဲမက်ဒရစ် ကို ဧည့်ခံ ရပါမယ် ။ လက်ရှိ ရီးရဲ ရဲ့ ခြေတက်နေပုံမျိုးနဲ့ အဝေးကွင်းမှာ အမှတ်လျော့ဖို့ မရှိပါဘူး ။ နိုင်ခဲ့ရင် နောက်တဆင့် တက်ပြီမို့ အန်ဆယ်လော့တီ ကလည်း အမှားခံမှာ မဟုတ်တာ သေချာပါတယ် ။

ဒါပေမယ့် ရှက်တာဒိုးနက်သာ အင်တာမီလန် ကို မနိုင်ခဲ့ဘူး ဆိုရင်တော့ မျက်နှာသစ် အသင်းလေး ရှရစ် အတွက် ( ရီးရဲ ကို ရှုံးခဲ့ရင်တောင်မှ ) သမိုင်းဝင် အောင်ပွဲတခုကို ရယူသွား နိုင်မှာပါ ။

အုပ်စု E မှာတော့ ဘာစီလိုနာ တို့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့် ရထားပါတယ် ။ ဘွန်ဒစ်လီဂါ အရှုံးကို ချန်ပီယံလိဂ် မှာ ပြန်ပေါက်ကွဲ ပြနိုင်တဲ့ ဘိုင်ယန်မြုးနစ် ကို ဒိုင်နမိုကိဗ် ဘယ်လိုမှ ခုခံ ကစားနိုင်မှာ မဟုတ်ဘူးလို့ တွက်ကြည့်လိုက်မယ် ဆိုရင် နူးကမ့်မှာ ကစားမယ့် ဘာစီလိုနာ – ဘင်ဖီကာ ပွဲက အဆုံးအဖြတ် ဖြစ်လာမှာပါ ။

နိုင်ရင် ဘာစီလိုနာ တို့ တက်ပါပြီ ။ သရေ သို့ ရှုံးခဲ့ရင်တော့ အခြေအနေ မကောင်းပါဘူး ၊ ဘာလို့လည်း ဆိုတော့ နောက်ဆုံးပိတ် ပွဲမှာ ဘိုင်ယန် နဲ့ ကစားရမှာ ဖြစ်နေလို့ ပါပဲ ။

အုပ်စု F မှာတော့ အုပ်စု ထိပ်က မန်ယူနိုက်တက် နဲ့ အုပ်စု အောက်ဆုံးက ယန်းဘွိုင်းစ် တို့ အကြား ၄ မှတ်သာ ကွာဟနေမှုဟာ နောက်ဆုံး အချိန်အထိ အကျိတ်အနယ် အလှည့်အပြောင်းတွေကို မြင်ရနိုင်တယ်လို့ ပြောနေ သလိုပါပဲ ။

ဒီတပတ်မှာ နည်းပြ ဆိုးရှား မရှိတော့တဲ့ ယူနိုက်တက် ဟာ စပိန်မြေကို သွားပြီး ဗီလာရီးရဲ နဲ့ ရင်ဆိုင်ရ မှာပါ ။

ဒီအခွင့်အရေးကို အတ္တလန်တာ အပြည့်အ၀ ယူနိုင်မလား စောင့်ကြည့်ရမှာပါပဲ ။

မန်ချက်စတာ ယူနိုက်တက် ကတော့ နောက်ဆုံးပွဲမှာ ယန်းဘွိုင်းစ် ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်လို့ စပိန်မြေမှာ ရလဒ် မကောင်းခဲ့ရင်တောင် မနှစ်ကလို အဖြစ်ဆိုးမျိုးနဲ့ မကြုံရအောင် စွမ်းဆောင် နိုင်မယ်လို့ မျှော်လင့် နိုင်ပါသေးတယ် ။

ဗီလာရီးရဲ ကတော့ လက်ကျန် ၂ ပွဲ ကနေ ၄ မှတ် ရမယ်ဆိုရင် နောက်တဆင့် တက်ဖို့ လုံလောက်မှာပါ ။ ၃ မှတ်ပဲ ရမယ်ဆိုရင်တော့ အတ္တလန်တာ ဆီက ရမှသာ အလားအလာ ကောင်းနိုင်ပါတယ် ( ယူနိုက်တက် က ဗီလာရီးရဲ ထက် ဂိုးကွာခြားချက် ပိုနိုင်တာကြောင့် )

အတ္တလန်တာ ကတော့ လက်ကျန် ပွဲ ( ယန်းဘွိုင်းစ် ၊ ဗီလာရီးရဲ ) စလုံးကို နိုင်မှသာ နောက်တဆင့် အတွက် လုံး၀ စိတ်အေးရမှာပါ ။

ယန်းဘွိုင်းစ် က အတ္တလန်တာ နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ကို ဆက်တိုက် အနိုင် ကစားပြီး နောက်တဆင့် တက်သွားရင်တော့ ဒီနှစ် ချန်ပီယံလိဂ် ရဲ့ အံ့အားသင့်စရာ အကောင်းဆုံး ဖြစ်လာမှာ အသေအချာပါပဲ ။

အုပ်စု G ကလည်း အုပ်စု F လိုပဲ အကျိတ်အနယ် ရှိနေပါသေးတယ် ။ ဒီတပတ်မှာ ဆဲလ်ဘတ် က လိုင်လီ ကို ဧည့်ခံရမှာ ဖြစ်ပြီး အနိုင် ကစားနိုင်မယ် ဆိုရင် နောက်တဆင့် တက်ပါပြီ ။ ဒါပေမယ့် နောက်ဆုံး ပွဲစဉ် အထိ အကျိတ်အနယ် ရှိနေဦး မှာပါ ။

ဒီအပတ်မှာ ချဲလ်ဆီး တို့ ယူဗင်တပ် ကို ဧည့်ခံရပါမယ် ။ ဒီပွဲ ကို ချဲလ်ဆီး တို့ နိုင်ခဲ့ရင် အုပ်စု H ရဲ့ ပထမ နေရာကို ပြန်ပြီး ရယူ နိုင်မှာ ဖြစ်သလို ပထမ အကျော့က ယူဗင်တပ် ကို ရှုံးခဲ့တဲ့ အကြွေးကိုပါ ဆပ်နိုင်မှာပါ ။ ဒါ့အပြင် ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကိုလည်း တက်ရောက် နိုင်မှာ ဖြစ်ပါတယ် ။

ဒီလို တချက်ခုတ် ၃ ချက်ပြတ်မယ့် အခွင့်အရေးကို လက်ရှိ ချန်ပီယံတို့ အရယူနိုင်မလား ဆိုတာ စောင့်ကြည့် ရမှာပါ ။

မယ်မို နဲ့ ဇင်းနစ် တို့ရဲ့ ပွဲကတော့ ယူရိုပါလိဂ် ဝင်ခွင့် အတွက် အဆုံးအဖြတ် ဖြစ်သွားနိုင်ပါတယ် ။

ဒီနေ့ညက စပြီး အသင်း ၃၂ သင်း ဟာ အိပ်မက် ကိုယ်စီ အတွက် အစွမ်းကုန် ကြိုးစား ကြတော့မှာပါ ။ အဆုံးသတ်မှာ ဘယ်သူတွေ အောင်ပွဲခံ နိုင်ပြီး ဘယ်သူတွေ မျက်ရည်လွယ်ရမယ် ဆိုတာကို သိရဖို့က သိပ်ပြီး မလိုတော့ပါဘူး . . .

 

SPORTS MYANMAR