အားလုံးသိပြီးသား အမှန်တရားကို အခုမှ ဝန်ခံလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မ​နေ့ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ မန်စီးတီး အသင်းကို ဧည့်ခံရင်း မန်ချက်စတာ ဒါဘီ ပွဲစဥ် နွှဲခဲ့ရပြီး 0 – 2 ဆိုတဲ့ ရလဒ် နဲ့ စိတ်ပျက်ဖွယ် ရှုံးနိမ့်သွားခဲ့ရပါတယ် ။ ထို့အတူ ယူနိုက်တက်ရဲ့ အိမ်ကွင်းမှတ်တမ်းလည်း စုတ်သထက် စုတ်ချာသွားခဲ့ရပါတယ် ။

ဒီပွဲမှာတော့ ပွဲကစားချိန် 7 မိနစ်မှာပဲ မန်စီးတီး နောက်ခံလူ ကန်ဆယ်လိုဟာ တောင်ပံ ကနေ ဖြတ်တင်ဘော ပေးပို့ခဲ့ရာ ယူနိုက်တက် နောက်ခံလူ အဲရစ် ဘိုင်လီ က ဖျက်ထုတ်ဖို့ ကြိုးစားခဲ့ပေမဲ့ ထိထိမိမိမရှိခဲ့ပဲ ဘောလုံးဟာ ကိုယ့်ဂိုးဖက်သာ ရောက်ရှိသွားခဲ့ပြီး own goal ဖြစ်သွားခဲ့ရပါတယ် ။

အဲ့ဒီနောက် ပထမပိုင်း ပွဲစဥ် ပြီးဆုံးခါနီးမှာပဲ ကန်ဆယ်လိုက နောက်တစ်ကြိမ် ဖြတ်တင်ဘော ပေးခဲ့ရာ ယူနိုက်တက် နောက်ခံလူ လုခ်ရှော က ဟန့်တားနိုင်ခွင့် ရှိနေခဲ့ပေမဲ့ ဂိုးအောက်ဘော ဖြစ်ပါစေဆိုပြီး လွှတ်ပေးခဲ့ရာမှာ ဘာနာဒို ဆေးလ်ဗားက အမြန်ရောက်လာခဲ့ပြီး ပိတ်သွင်းရင်း ဒုတိယမြောက် ဂိုးကို ရရှိစေခဲ့တာပဲ ဖြစ်ပါတယ် ။

အဆိုပါ ရလဒ်ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင််းဟာ အမှတ်ပေးဇယား အဆင့် 5 နေရာမှာပဲ ဆက်လက် ရှိနေနိုင်ဆဲ ဖြစ်ခဲ့ပေမဲ့ မန်စီးတီး အသင်းကတော့ အဆင့် 2 နေရာကို တက်လှမ်း သွားနိုင်ခဲ့ ပါတယ် ။ ဒီပွဲမှာ ယူနိုက်တက် အသင်းနဲ့ ပတ်သက်လို့ တကယ့်ကို ပြောစရာ ဖြစ်သွားခဲ့ရတာကတော့ ကစားပုံပါပဲ ။

ဒီပွဲမှာ ယူနိုက်တက် အသင်းရဲ့ ကစားပုံတွေဟာ အတော်လေး စုတ်ချနေခဲ့ပြီး ဘောလုံးကိုင်ကစားတဲ့ မန်စီးတီး အသင််းရဲ့ စိတ်ကြိုက် ချယ်လှယ် ကစားမှုကို ခံခဲ့ရပါတယ် ။ ဒါဟာ နှစ်သင်း အကြားမှာ ခြားနားချက် ဘယ်လောက်အထိ ကွာဟနေပြီလဲ ဆိုတာကို သိသာပေါ်လွင် စေခဲ့တဲ့ ပွဲစဥ်ပဲ ဖြစ်ခဲ့ရပါတယ် ။

ယူနိုက်တက် ပရိသတ် အပါအဝင် ဘောလုံး ပရိသတ် အများစုကတော့ လက်ရှိ ရာသီရဲ့ စွမ်းဆောင်ရည်ကို ကြည့်ရုံနဲ့ နှစ်သင်းအကြား ခြားနားချက်တွေ ဘယ်လောက်ထိ ရှိနေပြီလဲဆိုတာ သိနှင့်ပြီးသားပါ ။ အခုတော့ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ကလည်း သူတို့ရဲ့ အသင်းဟာ မန်စီးတီးနဲ့ တူညီတဲ့ အဆင့်မှာ မရှိကြောင်း ဝန်ခံသွားခဲ့လိုက်ပါတယ် ။

” ဒီနေ့တော့ ကျွန်တော်တို့က သူတို့တွေနဲ့ တူညီတဲ့ အဆင့်တစ်ခုမှာ ရှိမနေကြဘူး ဆိုတာကို မန်စီးတီး အသင်းက ပြသသွားခဲ့ပါတယ် ။ သူတို့ ကောင်းကောင်း ကစားပြနိုင်ခဲ့ကြပါတယ် ။ သူတို့တွေဟာ ကျွန်တော်တို့တွေ ဘောလုံး လိုက်လုယူလို့ မရအောင်ထိ လုပ်ပြနိုင်ခဲ့ကြပါတယ် ။ ဒီအတွက် သူတို့ကို ချီးကျူးရပါ့မယ် ”

” ဒါပေမဲ့ ကျွန်တော်တို့ အသင်းရဲ့ အဆင့်အတန်းကိုလည််း ဆက်လက် မြှင့်တင်သွားဖို့ လိုအပ်နေပါသေးတယ် ။ လက်ရှိအချိန်မှာ ကျွန်တော်တို့ဟာ ထိပ်တန်းအသင်းတွေနဲ့ အလှမ်းဝေးတဲ့ နေရာမှာ ရှိနေကြပါတယ် ။ ဒါ့ကြောင့် ကျွန်တော်နဲ့ ကစားသမားတွေ အပေါ် တောင်းဆိုမှုတွေက မြင့်မားလာမှာပါပဲ ”

” ကျွန်တော်တို့ ဘယ်လို အသင်းမျိုးလဲဆိုတဲ့ နေရာတစ်ခုကို ပြန်ရောက်လာအောင် ကြိုးစားရပါ့မယ် ။ အဲ့တာကို လုပ်ပြဖို့ အတွက် ကစားသမား အင်အားက ကျွန်တော်တို့ဆီမှာ ရှိနှင့်နေပြီးသားပါ ” လို့ ဘရူနို ဖာနန်ဒက်စ် က ဝန်ခံ စကားကို ဆိုလိုက်ရင်း အသင်းဖော်တွေကိုပါ တိုက်တွန်း သွားခဲ့လိုက်ပါတယ် ။

#Sports_Myanmar