အာလင်းဟာလန်း ရဲ့ စံချိန်ကို ရိုက်ချိုးနိုင်ခဲ့တဲ့ ချန်ပီယံလိဂ် မင်းသားသစ် ဆီဘတ်စတီယန် ဟေလာ

ပရီးမီးယားလိဂ် ပရိသတ်တွေ အတွက် ဆီဘတ်စတီယန် ဟေလာ ဆိုတဲ့ အမည်က စိမ်းတဲ့ အမည်တခု မဟုတ်ပါဘူး ။

လွန်ခဲ့တဲ့ နှစ်က အထိ ဟေလာ ဟာ ဝက်စ်ဟမ်း ယူနိုက်တက် မှာ ရှိနေခဲ့သူပါ ။

ဝက်စ်ဟမ်း ကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့ပေမယ့် ဟေလာ တယောက် လန်ဒန် မှာ အဆင်မပြေ ခဲ့ပါဘူး ။

အခုတော့ သူ နယ်သာလန် ကလပ် အိုင်ယက်စ်မှာ စွမ်းရည်ကောင်းတွေကို ထုတ်ဖော် ပြသလို့ နေပါပြီ ။

 

အင်္ဂလိပ် လိဂ်မှာ က အနေအထားတွေ ကိုပဲ ကြည့်ဖြစ်ခဲ့မယ် ဆိုရင်တော့ ဟေလာ အပေါ် အမှတ်တွေ လျော့ပြီး အကဲဖြတ် မိမှာ သေချာပါတယ် ။

ဂျာမန် ကလပ် ဖရန့်ဖွတ် အတွက် ၂ ရာသီမှာ ဂိုး ၃၀ ကျော် သွင်းခဲ့ပြီး ၂ ပွဲ ကို ၁ ဂိုးနှုန်း ရခဲ့တဲ့ ဟေလာ ကို ဝက်စ်ဟမ်း က ပေါင် ၄၅ သန်းပေးပြီး ခေါ်ယူခဲ့ ပါတယ် ။

ဟေလာ အပေါ် မျှော်လင့်ချက် များစွာထားခဲ့ ပေမယ့် တိုက်စစ်မှူးဟာ ၂ ရာသီ အတွင်း ပွဲ ၅၀ သာ ကစားခဲ့ရကာ ၁၀ ဂိုးသာ သွင်းပေး နိုင်ခဲ့ ပါတယ် ။

ဒါကြောင့် ဒီနှစ် ဘောလုံး ရာသီ အစ မှာ ဟေလာ ကို ဝယ်ဈေးရဲ့ ထက်ဝက် ( ပေါင် ၂၂ သန်း ) ကျော်နဲ့ အိုင်ယက်စ် ဆီကို ရောင်းထုတ် ခဲ့ပါတယ် ။

အဲ့ဒါ ဟာ ဆီဘတ်စတီယန် ဟေလာ ကို ပြန်လည် မွေးဖွားဖို့ အစပျိုး လိုက်သလို ပါပဲ ။

ဟေလာ ဟာ နယ်သာလန် ကလပ် မှာ တချိန်တုန်းက ဂိုးသွင်းခြေတွေကို ပြန်ရခဲ့ပြီး အမှတ်ပေးပွဲ ၃၀ ကစားအပြီးမှာ ၁၈ ဂိုးအထိ သွင်းယူ ပေးထားခဲ့ ပါတယ် ။

ဟေလာ ကို ဘောလုံး ကမ္ဘာကြီးက သတိပြုမိ စေခဲ့တာကတော့ ဥရောပ ကလပ် အသင်းတွေရဲ့ အမြင့်ဆုံး ပြိုင်ပွဲ ဖြစ်တဲ့ ချန်ပီယံလိဂ် မှာပါ ။

ဟေလာ ဟာ သူ့ရဲ့ ပထမဆုံးသော ချန်ပီယံလိဂ် ပွဲဦးထွက်မှာ ပေါ်တူဂီ ကလပ် စပို့တင်း ဘက်ကို ၄ ဂိုး သွင်းယူပြီး အားလုံးကို အံ့အားသင့် စေခဲ့ ပါတယ် ။

အချို့ ကတော့ ဒါဟာ အလယ်အလတ် ကစားသမား အချို့ရဲ့ ဟုန်းခနဲ ထတောက်တဲ့ မီးတောက်လေး တခုမျှသာလို့ သုံးသပ်ကာ ဟေလာ ရဲ့ စွမ်းဆောင်မှု အပေါ် သံသယဝင်ခဲ့ ကြပါတယ် ။

ဒါပေမယ့် ဟေလာ ကတော့ သူဟာ ကောက်ရိုးမီး မဟုတ်ကြောင်းကို နောက်ထပ် သွင်းဂိုးတွေ နဲ့ ထပ်မံ သက်သေ ပြသသွားခဲ့ ပါတယ် ။

မနေ့ညက ကစားခဲ့တဲ့ ဘက်ဆစ်တပ် နဲ့ ပွဲ အပြီးမှာတော့ ဟေလာ ဟာ ဒေါ့မွန် တိုက်စစ်မှူးလေး အာလင်း ဟာလန်း ရယူ ထားတဲ့ မှတ်တမ်းကောင်း တခုကို ရိုက်ချိုး နိုင်ခဲ့ပါတယ် ။

ဟာလန်း ဟာ ချန်ပီယံလိဂ် ကို သြစတြီးယား ကလပ် ဆဲလ်ဘတ် နဲ့ စတင် ပါဝင် ကစားတဲ့ နှစ်မှာ အုပ်စု ပွဲစဉ် ၅ အပြီး ၈ ဂိုး သွင်းယူကာ မှတ်တမ်းကောင်း စိုက်ထူး ထားခဲ့တာ ဖြစ်ပါတယ် ။

ဒီမှတ်တမ်း ကောင်းကို ဆီဘတ်စတီယန် ဟေလာ က ၉ ဂိုးနဲ့ ရိုက်ချိုး သွားခဲ့ပါပြီ ။

 

ဟေလာ ဟာ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်တိုင်းမှာ အိုင်ယက်စ် အတွက် ဂိုးသွင်း ပေးခဲ့ ပါတယ် ။ ပွဲစဉ် ၅ အပြီးမှာတော့ ဟေလာ ဟာ သွင်းဂိုး ၉ ဂိုး နဲ့ ချန်ပီယံလိဂ် ဂိုးသွင်းရှင် စာရင်းမှာ ဘိုင်ယန်တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါ့စကီး နဲ့ အတူ ရပ်တည်လို့ နေနိုင်ခဲ့ ပါတယ် ။

သူ့ရဲ့ ဂိုးတွေဟာ အိုင်ယက်စ် ကို အုပ်စု အဆင့်ကနေ လွတ်မြောက်အောင် ကူညီပေးနိုင်ခဲ့ ပါတယ် ။

လာမယ့် အုပ်စု နောက်ဆုံးပွဲ မှာတော့ အိုင်ယက်စ် ဟာ စပို့တင်း နဲ့ ယှဉ်ပြိုင် ကစားရမှာပါ ။

ဒီပွဲမှာရော ဟေလာ ဂိုးသွင်းနိုင်ဦးမလား . . .

သူ့ရဲ့ သွင်းဂိုးတွေ နဲ့ အိုင်ယက်စ် ကို ဘယ်အဆင့်အထိ ရောက်အောင် ကူညီပေးနိုင်မလဲ . . .

 

သေချာတာကတော့ ဟေလာ ဟာ ဥရောပထိပ်တန်း တိုက်စစ်မှူး စာရင်းထဲကို ပြန်လည် ဝင်ရောက်လာခဲ့ပါပြီ ။

 

SPORTS MYANMAR