အာဖရိကဖလားပြိုင်ပွဲကို လီဗာပူးနည်းပြ စော်ကားခဲ့တယ်ဆိုပြီး ဂျာနယ်လစ် တစ်ဦးရဲ့ စွပ်စွဲမှုကို တုန့်ပြန်လိုက်တဲ့ ကလော့

လီဗာပူး မန်နေဂျာ ယာဂန်ကလော့ဟာ အာဖရိကဖလား ပြိုင်ပွဲကို အရေးမပါတဲ့ ပြိုင်ပွဲလေးလို့ ပြောဆိုကာ လေးစားမှု မရှိတဲ့ လုပ်ရပ်ကို ပြုလုပ်ခဲ့တယ်လို့ ဂျာနယ်လစ် တစ်ဦးက စွပ်စွဲပြောဆို ခဲ့ပါတယ်။ ပေါ်တိုနဲ့ ချန်ပီယံလိဂ် ပွဲစဉ် မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျာနယ်လစ် တစ်ဦးဟာ လာမည့်မတ်လထိ နိုင်ငံတကာ ပွဲစဉ်တွေ မရှိတဲ့ အပေါ် မေးမြန်းခဲ့ရာမှာ ကလော့ဟာ ဇန်နဝါရီမှာ သူ့အသင်းရဲ့ ကစားသမား တစ်ချို့ကို အာဖရိကဖလား ပြိုင်ပွဲအတွက် စေလွှတ်ပေးရမယ့် အပေါ် ပြန်လည် ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

ကလော့က “လာမည့်မတ်လထိ နိုင်ငံတကာ ပွဲစဉ်တွေ လာတော့မှာ မဟုတ်ဘူးဆိုတဲ့ ပြောဆိုမှုတွေကို ကျွန်တော် မကြာခဏ ကြားနေရပါတယ်။ ဒါပေမယ့် ဇန်နဝါရီမှာ အာဖရိကမှာ ကျင်းပမယ့် ပြိုင်ပွဲလေး ရှိနေပါတယ်။ ကျွန်တော် ဒါကို ပြောချင်ပါတယ်။” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ပေါ်တိုကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် အပြီးမှာ ၎င်းရဲ့ ပြောဆိုမှု အတွက် အာဖရိကက လူတွေကို တောင်းပန်သွားမှာလား ဆိုပြီး repoter ဖြစ်သူက မေးမြန်းခဲ့ပါတယ်။

ဒါနဲ့ ပက်သက်ပြီး လီဗာပူး နည်းပြက “ကျွန်တော်ဘက်က ဒီလိုမျိုး မရည်ရွယ်ခဲ့ပါဘူး။ ရိုးရိုးသားသား ပြောရရင် ဒါကို စော်ကားပြောဆိုတယ် ဆိုပြီး ခင်ဗျားတို့ ဘာကြောင့် ယူဆနေသလဲ ဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော် ဒီလိုမျိုး ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ စိတ်ထဲမှာ အာဖရိကဖလားကို ‘ပြိုင်ပွဲလေး’ ဒါမှမဟုတ် အာဖရိကတိုက်ကို ‘တိုက်သေးသေးလေး’ ဆိုပြီး စော်ကားတဲ့ စိတ်နဲ့ ပြောဆိုဖို့ လုံး၀ကို စိတ်ကူး မရှိခဲ့တာပါ။

ကျွန်တော့်ရဲ့ ဆိုလိုရင်းကို ခင်ဗျားတို့ သတင်းစာ ရှင်းလင်းပွဲ အပြည့်အ၀ ကြည့်ခဲ့မယ်ဆိုရင် မှန်ကန်တဲ့ ပုံစံနဲ့ နားလည်နိုင်မှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အခုကနေ မတ်လ မတိုင်မီ အထိ နိုင်ငံတကာပွဲစဉ်တွေ မရှိဘူးလို့ ပြောဆိုတဲ့ အပေါ် ပြန်လည် တုန့်ပြန်ခဲ့တာ ဖြစ်လို့ပါ။ ‘oh! ဇန်နဝါရီမှာ ပြိုင်ပွဲလေးတစ်ခု ရှိတာပဲ’ လို့ ကျွန်တော် ပြောခဲ့ပေမယ့် ဒါဟာ အရေးမပါတဲ့ ပြိုင်ပွဲလေးလို့ ကျွန်တော် ဆိုလိုခဲ့တာ မဟုတ်ပါဘူး။ ဒါဟာ ပြိုင်ပွဲတစ်ခု အဖြစ် ရှိနေဆဲပါ။ အခုဟာက ဆိုလိုရင်းနဲ့ တစ်ခြားစီ ဖြစ်နေပါတယ်။ ဒါဟာ ကြီးကြယ်တဲ့ ပြိုင်ပွဲတစ်ခုပါ။ ကျွန်တေ်ာတို့ ဒီပြိုင်ပွဲအတွက် ကိုယ့်ရဲ့ အကောင်းဆုံး ကစားသမားတွေကို လက်လွှတ်ပေးရမှာပါ။

ကျွန်တော်ဟာ အင်္ဂလိပ်လူမျိုး မဟုတ်ပါဘူး။ အကယ်၍ ခင်ဗျားတို့ဘက်က ကျွန်တော့်ကို အဆိုးဘက်ကနေ တွေးပြီး နားလည်ချင်တယ်ဆိုရင် ခင်ဗျားတို့ ဒါကို တစ်ချိန်လုံး လုပ်နိုင်ပါတယ်။ ကျွန်တော်ကတော့ ဒီလိုမျိုးကို လုံး၀ကို မတွေးခဲ့တာပါ။ ခင်ဗျားတို့ ဘာကြောင့် ဒါကို စော်ကားပြောဆိုတယ် ဆိုပြီး ယူဆနေသလဲ ဆိုတာ ကျွန်တော် နားလည်လို့ မရပါဘူး။ ဒါဟာ လုံး၀ မအိုကေပါဘူး။ ကျွန်တော် ဒီလို စော်ကားပြောဆိုမှုမျိုး ဘယ်တော့မှ မလုပ်ပါဘူး။

ဒါပေမယ့် လူတစ်ချို့က အခု ဒီလို ယူဆနေပါတယ်။ ကျွန်တော် ဆိုလိုတာက ဒါမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် အခု ခင်ဗျားတို့ ဒါကို ပိုမို ကြီးမားအောင် လုပ်နေပါတယ်။ ရိုးရိုးသားသား ပြောရရင် ကျွန်တော် ဒါကို သိပ်တော့ မကြိုက်ပါဘူး။” လို့ ပြောလိုက်ပါတယ်။

SM