အာတီတာကို ‘tactical genius’ လို့ ချီးကျူးလိုက်ပြီး သူ့အတွက် အခက်ခဲဆုံး ပြိုင်ဘက် ကစားသမား နာမည်ကို ပြောကြားလိုက်တဲ့ ဆာကာ

အာဆင်နယ် အသင်း ရဲ့ လူငယ် ကြယ်ပွင့် ဘူကာရို ဆာကာ က သူ့ရဲ့နည်းပြ အာတီတာ ဟာ နည်းစနစ် ပိုင်းဆိုင်ရာမှာ ဉာဏ်ကြီးရှင် တစ်ဦး ဖြစ်တယ်လို့ ချီးကျူး လိုက်ပါတယ် ။

ရာသီ အစ သုံးပွဲဆက် ရှုံးပွဲ ကြုံတွေ့ပြီးနောက်ပိုင်းမှာ အာဆင်နယ် အသင်းဟာ ရလဒ်ကောင်းတွေ ဆက်တိုက် ရယူ နိုင်ခဲ့ပြီး ဒီတစ်ပတ်မှာလည်း နယူးကာဆယ် အသင်းကို အနိုင်ယူကာ ထိပ်ဆုံးက ချဲလ်ဆီး နဲ့ ၆ မှတ်အကွာ အဆင့် ၅ မှာ ရပ်တည် နေပါတယ် ။

ဒီရာသီ အာဆင်နယ် အသင်း လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်ရှိလာမှုမှာ အဓိက ကျတဲ့ ကစားသမား တစ်ဦး ဖြစ်တဲ့ ဆာကာ ကတော့ သူတို့ရဲ့ နည်းပြ အာတီတာ ကို နည်းစနစ် ဆရာတစ်ဆူလို့ LADbibile နဲ့ အင်တာဗျူးမှာ ချီးကျူး သွားခဲ့ပါတယ် ။

” နည်းစနစ်ပိုင်း အရဆိုရင် သူ(အာတီတာ) က အတော်လေး genius ဖြစ်တဲ့သူပါ ။ ပြိုင်ဘက် အသင်းတွေကို ပါးနပ်မှု ရှိရှိ နဲ့ ဘယ်လို အနိုင်ယူရမလဲ ဆိုတာ ကောင်းကောင်း သိပါတယ် ၊ နောက်တန်းကနေ ဘယ်လို တည်ကစားရင် အကောင်းဆုံး ဖြစ်မလဲ ၊ ပြိုင်ဘက်ကို ဘယ်လို အကောင်းဆုံး ဖိအားပေးရမလဲ ကောင်းကောင်း သိသူပါ ။ ”

” သူ့ရဲ့ သိရှိမှုတွေက ကျွန်တော်တို့လို ကစားသမားတွေအတွက် အများကြီး အထောက်အကူ ဖြစ်ပြီး အနိုင်ရဖို့ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာ သိစေပါတယ် ။ သူ အသင်းကို ရောက်လာတဲ့ နောက်ပိုင်း သူ့ကြောင့် ကျွန်တော်အများကြီး တိုးတက် လာခဲ့ပါတယ် ၊ အဲ့ဒီ အတွက် သူ့ကို ကျေးဇူး တင်ရမှာပါ ။ ”

အဲ့ဒီနောက် ရင်ဆိုင် ကစားခဲ့ဖူးသမျှ ပြိုင်ဘက်တွေထဲမှာ အခက်ခဲဆုံး ပြိုင်ဘက် က ဘယ်သူလဲ ဆိုတဲ့ မေးခွန်းကို ဆာကာ က မန်ချက်စတာစီးတီး နဲ့ အင်္ဂလန် နောက်ခံလူ ဝေါလ်ကာ ဖြစ်ကြောင်း ပြန်လည် ဖြေကြား သွားခဲ့ပါတယ် ။

” ကိုင်လီ ဝေါလ်ကာ က ကျွန်တော် ရင်ဆိုင်ဖူးသမျှထဲမှာ ကစားရ အခက်ခဲဆုံးသူပါပဲ ၊ ဘာကြောင့်လဲ ဆိုတာကတော့ ကျွန်တော် အထူးတလည် ရှင်းပြ နေစရာ မလိုအောင် အားလုံး သိပြီးသား ဖြစ်ကြမှာပါ ။ ” လို့ ဖြေကြား သွားခဲ့ပါတယ် ။

ဆာကာ ဟာ မနေ့က ကစားခဲ့တဲ့ နယူးကားဆယ် နဲ့ ပွဲမှာ အာဆင်နယ်အတွက် ဦးဆောင်ဂိုးကို သွင်းယူ ပေးခဲ့ပေမယ့် ဒဏ်ရာ ရသွားတာကြောင့် လူစားလဲ ခဲ့ရပါတယ် ။ အာတီတာ ကတော့ ဆာကာ ရဲ့ ဒဏ်ရာကို စမ်းသပ် စစ်ဆေးကြည့်ရဦးမှာ ဖြစ်ကြောင်း ပွဲအပြီး အင်တာဗျူးမှာ ဖြေကြား ခဲ့ပါတယ် ။

SM