အာဆင်နယ် ၂-၀ နယူးကာဆယ် ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၆ ချက်

ပရီးမီးယားလိဂ် ပွဲစဉ်(၁၃) ရဲ့ အစောဆုံး ပွဲစဉ်ဖြစ်တဲ့ အာဆင်နယ် နဲ့ နယူးကာဆယ် အသင်းပွဲကတော့ ပြီးဆုံး သွားခဲ့ပါပြီ ။ အိမ်ရှင် အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ တစ်ပတ်က လီဗာပူး ကို ဂိုးပြတ် ရှုံးနိမ့် ခဲ့မှုကနေ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး နယူးကာဆယ် အသင်းကို နှစ်ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ် ။

ပထမပိုင်းမှာ နှစ်ဖက် အသင်း ဂိုးသမားတွေ လက်စွမ်းပြ ကာကွယ် နေခဲ့သလို အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်း ဟာလည်း အပိုင်အခွင့်အရေးကို ဖြုန်းတီး ပစ်ခဲ့ပါတယ် ။ ဒုတိယပိုင်းမှာမှ အာဆင်နယ် အသင်းဟာ သွင်းဂိုးတွေ ရရှိပြီး နယူးကာဆယ် အသင်းကို အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းအတွက် အဖွင့်ဂိုးဟာ စမစ်ရို ၊ ဆာကာ ၊ တာဗာရက်စ် တွဲလုံးကနေ ရရှိ ခဲ့တာ ဖြစ်ပြီး ဆာကာ က ဘယ်ခြေနဲ့ သွင်းယူ ပေးခဲ့တာပါ ။ ဒုတိယဂိုးကတော့ ဆာကာ နေရာ လူစားဝင်လာတဲ့ မာတီနယ်လီ က တိုမီယာစု ရဲ့ ပေးပို့မှုကို မြေမကျ ကန်သွင်းယူ ခဲ့တာပါ ။

ဒီနေ့ နိုင်ပွဲကြောင့် အာဆင်နယ် အသင်းဟာ အဆင့် ၄ က ဝက်စ်ဟမ်းနဲ့ ရမှတ်တူ အဆင့် ၅ နေရာမှာပဲ ဆက်လက် ရပ်တည်နေပါတယ် ။ အာဆင်နယ် ၂-၀ နယူးကာဆယ် ပွဲမှ ထူးထူးခြားခြား ပြောစရာ ဖြစ်ခဲ့တဲ့ အချက်များကို ဖော်ပြ ပေးလိုက်ပါတယ် ။

၁ ။ အိုဇေးလ် အတိုင်း အောင်ပွဲ ခံခဲ့တဲ့ ဆာကာ

အာဆင်နယ် အသင်းရဲ့ လူငယ် ကစားသမားလေး ဆာကာ ဟာ အသင်း အတွက် ဦးဆောင်ဂိုးသွင်းအပြီးမှာ အိုဇေးလ် အောင်ပွဲ ခံနေကြပုံစံအတိုင်း အောင်ပွဲ ခံသွားခဲ့ပါတယ် ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အိုဇေးလ် ရဲ့ အာဆင်နယ် ကစားသမားဘဝ နောက်ဆုံးဂိုးဟာ နယူးကာဆယ် ဘက်ကို သွင်းယူ ခဲ့တာပါ ။

ဒီနေ့ သွင်းဂိုးဟာ ဆာကာ တစ်ယောက် အမ်းမရိတ်မှာ သွင်းယူတဲ့ ၅ ဂိုးမြောက် သွင်းဂိုး ဖြစ်ပြီး ဘယ်ခြေ ၂ ဂိုး ၊ညာခြေ ၂ ဂိုး နဲ့ ခေါင်းတိုက်ဂိုး တစ်ဂိုး ပါဝင်ပါတယ် ။ ဒါပေမယ့် ဒီနေ့ ပွဲမှာ ဆာကာ ဟာ ဒဏ်ရာ ရသွားပုံရပြီး မန်ယူနိုက်တက် နဲ့ ပွဲမှာ ပါဝင် ကစားနိုင်မလား ဆိုတာတော့ သတင်းတွေ ဆက်လက် စောင့်ကြည့်ရမှာပါ ။ ဆာကာ ဟာ BT Sports ရဲ့ MOTM ကိုလည်း ရရှိ သွားခဲ့ပါတယ် ။

၂ ။ Instant Impact မာတီနယ်လီ

ဒဏ်ရာ ရသွားတဲ့ ဆာကာ နေရာမှာ လူစားဝင် ကစားတဲ့ မာတီနယ်လီ ဟာ ကွင်းထဲ ဝင်လာပြီး မိနစ်ပိုင်း အကြာမှာပဲ အသင်းအတွက် အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူ ပေးနိုင်ခဲ့ပါတယ် ။ ဒီရာသီ ပရီးမီးယားလိဂ်မှာ မာတီနယ်လီ ရဲ့ ပထမဆုံး သွင်းဂိုးလည်း ဖြစ်ပါတယ် ။ ဒီနေ့ပွဲမှာ ဂါဘီ ရဲ့ နေရာလွတ် ရှာဖွေ နိုင်ပုံဟာ အထင်ကြီးစရာ ဖြစ်ခဲ့ပြီး ပရိသတ်တွေရဲ့ သဘောကျ ကြိုက်နှစ်သက်မှုကို ရရှိ ခဲ့ပါတယ် ။

၃ ။ ခံစစ် အစွန်လူ နှစ်ဦးရဲ့ ဂိုးဖန်တီးမှု

ပထမပိုင်းမှာ တိုမီယာစု နဲ့ တာဗာရက်စ် တို့ဟာ သူတို့ရဲ့ မတိကျတဲ့ ဂိုးပေါက် ကန်သွင်းမှုကြောင့် ပရိသတ်တွေရဲ့ ငြိုငြင်မှု နဲ့ ရင်ဆိုင် ခဲ့ရပါတယ် ။ ဒုတိယပိုင်းမှာတော့ တာဗာရက်စ် ဟာ ပထမပိုင်းကနဲ့ ခြားနားတဲ့ ကစားသမား ဖြစ်သွားခဲ့ပြီး ဆာကာ ရဲ့သွင်းဂိုး ကို ဖန်တီး ပေးနိုင်ခဲ့ပါတယ် ။

ဒါ့အပြင် တာဗာရက်စ် ဟာ ပြိုင်ဘက် ဂိုးဧရိယာ အတွင်း ဘောလုံး ထိချက် ၇ ကြိမ် ၊ ဂိုးပေါက် ကန်သွင်းမှု ၆ ကြိမ် ပြုလုပ်ခဲ့ပြီး တခြား အာဆင်နယ် ကစားသမား အားလုံးထက် သာလွန် ခဲ့ပါတယ် ။

တိုမီယာစု ဟာလည်း နယူးကာဆယ် နဲ့ ပွဲမှာ ဘောလုံး ပေးပို့မှု တိကျနှုန်း ၈၉% ၊ ဘောလုံး ထိချက် ၉၆ ကြိမ် ၊ ထိပ်တိုက် တွေ့ဆုံမှုမှာ အသာရမှု ၇ ကြိမ် ၊ ဖြတ်တင်ဘော ၅ ကြိမ် ၊ ဘောလုံး ဖျက်ထုတ်မှု ၃ ကြိမ် ၊ အခွင့်အရေး ဖန်တီးမှု ၃ ကြိမ် ၊ ဂိုးကန်သွင်းမှု ၃ ကြိမ် ၊ ပြိုင်ဘက် ဂိုးဧရိယာ အတွင်း ဘောလုံး ထိချက် ၃ ကြိမ် ၊ ဂိုးဖန်တီးမှု တစ်ကြိမ် လုပ်နိုင်ခဲ့ပါတယ် ။

၄ ။Clean-Sheet ထပ်ရပြန်တဲ့ ရမ်စ်ဒဲလ်

ရမ်စ်ဒဲလ် ဟာ နယူးကာဆယ် နဲ့ ပွဲမှာ ရှယ်ဗေး ရဲ့ အားပါ ပြင်းထန်တဲ့ ဂိုးကန်သွင်းချက် အပါအဝင် ပြိုင်ဘက် ကစားသမားရဲ့ဂိုးကန်ချက်တွေကို လက်စွမ်းပြ ကာကွယ်ကာ Clean-Sheet ထပ်မံ ရယူ သွားခဲ့ပါတယ် ။

ရမ်စ်ဒဲလ် အတွက်တော့ ဒီရာသီ ပရီးမီးယားလိဂ် ၆ ပွဲမြောက် Clean-sheet ရတာ ဖြစ်ပြီး အရင်နှစ်တွေတုန်းက သူ့ရဲ့ တစ်ရာသီလုံး Clean-sheet မှတ်တမ်းကို ၁၀ ပွဲထဲနဲ့ ကျော်ဖြတ် ပြနိုင်ခဲ့တာပါ ။

၅ ။ Imposter ဖြစ်ခဲ့ပြန်တဲ့ အူဘာမီယန်း

ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ် အသင်းနဲ့ အစေးမကပ် ဖြစ်နေတဲ့ အူဘာမီယန်း ဟာ ဒီနေ့ပွဲမှာလည်း အပိုင်အခွင့်အရေး တစ်ကြိမ်ကို တိုင်ထိအောင် ကန်ခဲ့ပြန်ပါတယ် ။ ဒုတိယပိုင်းမှာတော့ အာတီတာ ဟာ အူဘာ ကို ထုတ်ပြီး လာကာဇက် ကိုလူစားဝင် ကစားစေခဲ့ပါတယ် ။ ဒီနေ့ပွဲ အပြီးမှာလည်း အူဘာ ရဲ့ အသင်းအတွက် ပေးဆပ် ကစားမှု နဲ့ အသင်းခေါင်းဆောင် လက်ပတ် နဲ့ ထိုက်တန်မှု ရှိမရှိ အပေါ် မေးခွန်းထုတ်လာခဲ့ကြပါတယ် ။

၆ ။ နယူးကာဆယ် နဲ့ ပွဲအပြီး အာဆင်နယ်အသင်း ရရှိခဲ့တဲ့ မှတ်တမ်းကောင်းများ

* အာဆင်နယ် အသင်းဟာ နယူးကာဆယ် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံ ကစားတဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲစလုံး နိုင်ပွဲ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ် ။ အဆိုပါ ၆ ပွဲမှာ အာဆင်နယ် အသင်းဟာ ၁၃ ဂိုး အထိ သွင်းပြီး ပေးဂိုး လုံးဝ မရှိခဲ့ပါဘူး ။

* နယူးကာဆယ် နဲ့ ပွဲမှာ အာဆင်နယ် အသင်းဟာ အပိုင် အခွင့်အရေး ၆ ကြိမ် အထိ ရခဲ့ပြီး ၂၀၁၉ ခုနှစ်တုန်း ဖူလ်ဟမ် နဲ့ ပွဲ(၁၀ ကြိမ် ) နောက်ပိုင်း အများဆုံး စံချိန်လည်း ဖြစ်ပါတယ် ။

* အာဆင်နယ် အသင်းဟာ ဒီရာသီ အိမ်ကွင်းမှာ ၁၆ မှတ် အထိ ရယူထားနိုင်ပြီး အိမ်ကွင်း ရမှတ် အများဆုံး အသင်း အဖြစ် ရပ်တည် နေပါတယ် ။

SM