အာဆင်နယ် အသင်းအတွက် ပြန်ကစားပေးရဖို့ ရှိသလား ဆိုတဲ့ အပေါ် ငြင်းဆန် ပယ်ချ ခဲ့ခြင်း မရှိတဲ့ ဝဲလ်ရှား

ဂန်းနား ကွင်းလယ်လူဟောင်း ဂျက်ဝဲလ်ရှား ဟာ လာမယ့်နှစ် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အာဆင်နယ် နဲ့ စာချုပ်ချုပ်ဆိုပြီး ကစားပေးဖို့ ရှိသလား ဆိုတာကို ငြင်းဆန် ပယ်ချ သွားခဲ့ခြင်း မရှိဘဲ ဖြစ်ကောင်း ဖြစ်နိုင်ကြောင်း ဆိုပါတယ် ။

ဝဲလ်ရှား ဟာ အာဆင်နယ် အသင်း လူငယ် အကယ်ဒမီ ကို ကိုးနှစ်သား အရွယ်တုန်းက စတင် ရောက်ရှိ လာတာ ဖြစ်ပြီး အသင်းကြီး အတွက် အသက် ၁၆ နှစ် အရွယ်မှာတင် ပွဲထွက် ကစားခွင့် ရခဲ့ပါတယ် ။ ဝဲလ်ရှား ဟာ အရည်အသွေးကောင်းတွေ ရှိတဲ့ ကစားသမား တစ်ဦး ဖြစ်ပေမယ့် ဒဏ်ရာ ပြဿနာတွေရဲ့ နှိပ်စက်မှုကြောင့် ထိပ်တန်းအဆင့်ကို မရောက်ခဲ့သူပါ ။

ဝဲလ်ရှား ဟာ အာဆင်နယ် အသင်း အတွက် ပွဲပေါင်း ၁၉၇ ပွဲ ကစားခဲ့ပြီး အက်ဖ်အေဖလား ၂ ကြိမ် ရယူ နိုင်ခဲ့ပါတယ် ။ ဝဲလ်ရှား ဟာ ၂၀၁၈ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ ကာလမှာ အာဆင်နယ် ကနေ ဝက်စ်ဟမ်း အသင်းကို အလွတ် ပြောင်းရွှေ့ ကြေး နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ် ။ အဲ့ဒီနောက်မှာတော့ ဝဲလ်ရှား ဟာ ဘုန်းမောက် အသင်းမှာ သွားကစားခဲ့ပြီး ခုချိန်မှာ အသင်းလက်မဲ့ ဖြစ်နေသူပါ ။

ပြီးခဲ့တဲ့ လပိုင်းမှာ အာဆင်နယ် အသင်းဟာ ဝဲလ်ရှား ကို အသင်း နဲ့ အတူ လေ့ကျင့်ခန်း ဆင်းဖို့ ဖိတ်ခေါ် ခဲ့ပါတယ် ။ ဝဲလ်ရှား ဟာ အာဆင်နယ် အသင်း နဲ့ အတူ အပတ်စဉ် လေ့ကျင့်ခန်း ဆင်းခဲ့သလို လူငယ် အသင်းပွဲတွေကိုလည်း မာတီဆက်ကာ နဲ့ အတူ အားပေး ကြည့်ရှု့ ခဲ့ပါတယ် ။

လာမယ့် ဇန်နဝါရီ မှာ အာဆင်နယ် အသင်းဟာ သူတို့ရဲ့ ကွင်းလယ်လူတွေ ဖြစ်တဲ့ ပါတေး နဲ့ အယ်နီနီတို့ကို အာဖရိနိုင်ငံများ ဖလား အတွက် ဂါနာ နဲ့ အီဂျစ် ထံ စေလွှတ်ရဖို့ ရှိနေတာကြောင့် ကွင်းလယ် အင်အား ဖြည့်တင်းဖို့ လိုအပ် နေပါတယ် ။

ဒါကြောင့် အာဆင်နယ် အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ စွမ်းဆောင်ရည် အကောင်းဆုံး ဖြစ်နေတဲ့ ဝဲလ်ရှား ကို ပြန်ခေါ်သင့်တယ်လို့ အကြံပေးမှုတွေ ရှိနေကြပါတယ် ။ အသက် ၂၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဝဲလ်ရှား ဟာလည်း အာဆင်နယ် အတွက် ကစားပေးချင်ကြောင်း talkSPORT နဲ့ အင်တာဗျူးမှာ အရိပ်အမြွက် ပြောကြား သွားခဲ့ပါတယ် ။

” ကျွန်တော် အာဆင်နယ် အသင်း နဲ့ အတူ လေ့ကျင့်ခန်း ဆင်းဖြစ်တာက သူတို့ရဲ့ နွေးထွေးကြင်နာစွာ ဖိတ်ခေါ်မှုကြောင့်ပါ ။ သူတို့နဲ့ လေ့ကျင့်ခန်း ဆင်းပြီး ကိုယ့်ကိုယ်ကိုယ် ကြံ့ခိုင်မှု ပြည့်ဝအောင် လုပ်နိုင်ခဲ့ပါတယ် ။ ”

” ကျွန်တော် ပထမ အသင်းကြီးနဲ့ လေ့ကျင့်ခန်း ဆင်းဖြစ်ခဲ့ပါတယ် ၊ သူတို့မှာ ကွင်းလယ် ကစားသမားတွေ အများကြီးပါ ၊ မိတ်လန်နိုင်းလ်စ် လို ကစားသမားလည်း ရှိနေပါတယ် ။ ”

အာဆင်နယ် ယူ ၂၃ အတွက် ကစားပေးဖို့ ဖြစ်လာနိုင်သလား ဆိုတဲ့ မေးခွန်းကိုတော့ ” ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။ ” လို့ ဝဲလ်ရှား က ဖြေကြား ခဲ့ပြီး အသင်းကြီးအတွက် ကစားရဖို့ အခွင့်အရေး ရလာနိုင်သလား ဆိုတာတော့ သူ မသိကြောင်း ပြန်လည် ဖြေကြား သွားခဲ့ပါတယ် ။

SM