အာဆင်နယ် အသင်းဟာ ကစားသမား တစ်ဦးအပေါ် အားကိုးလွန်းနေကြောင်း ဝေဖန်လိုက်တဲ့ ယူနိုက်တက် ကစားသမားဟောင်း

မန်ယူနိုက်တက် ကစားသမားဟောင်း ပေါလ်ပါကား က အာဆင်နယ် အသင်းဟာ လူငယ် ကြယ်ပွင့် စမစ်ရို အပေါ် မှီခို အားကိုးလွန်းနေတာဟာ ရှက်စရာ ကိစ္စ တစ်ရပ် ဖြစ်ကြောင်း ဝေဖန် ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ရာသီအစ သုံးပွဲဆက် ဂိုးမသွင်းနိုင်ဘဲ ရှုံးပွဲ ကြုံတွေ့ ခဲ့ရပြီးနောက်ပိုင်းကတည်းက ရလဒ်ကောင်းတွေ ဆက်တိုက် ရယူ ထားနိုင်ပြီး ပြိုင်ပွဲစုံ ရှုံးပွဲ မရှိတာ ၉ ပွဲဆက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ လက်ရှိ အချိန်မှာ အမှတ်​ပေး ဇယား အဆင့် ၆ နေရာမှာ ရပ်တည် နေပြီး အဆင့် ၄ နေရာက အသင်း နဲ့ ၃ မှတ်သာ ကွာဟပါတယ် ။ အာဆင်နယ် အသင်းဟာ ဒီတစ်ပတ်မှာတော့ တန်းတက် ဝက်ဖိုဒ့် နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။

ပေါလ်ပါကား က ဝက်ဖိုဒ့် နဲ့ ပွဲမတိုင်မှီမှာ စမစ်ရို ဟာ အာဆင်နယ် အသင်း ရဲ့ တာဝန် အတော်များများကို ထမ်းပိုး နေရကြောင်း နဲ့ အသင်း ခေါင်းဆောင် အူဘာမီယန်း ဟာလည်း ခုထိ အကောင်းဆုံး ပုံစံ မရသေးကြောင်း ဝေဖန်လိုက်ပါတယ် ။

ပါကား က BonusCodeBets မှာ ” အူဘာမီယန်း က သူ့ရဲ့အမူအကျင့်ဆိုးတွေကြောင့် ဒေါ့မွန်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၁၈ လ အတွင်း အတော်လေး ရုန်းကန် ခဲ့ရပါတယ် ။ အာဆင်နယ် ကို ပြောင်းလာတော့လည်း ဒီအကျင့်ဆိုးကို သယ်လာပါတယ် ။ ”

” အာဆင်နယ် က အူဘာမီယန်း ကို စာချုပ်ချုပ် ခေါ်ယူလိုက်တဲ့ အချိန်ကတည်းက အူဘာ ရဲ့ ခြေစွမ်းက မတည်ငြိမ်တာပါ ။ ဒါကိုတောင်မှ အာဆင်နယ် က သူ့ကို အသင်း ခေါင်းဆောင် လက်ပတ် ပေးလိုက်ပါတယ် ၊ ဒါပေမယ့် အဓိက အချက်က သူက အသင်းသားတွေကို ဦးဆောင် နိုင်သူ မဟုတ်ပါဘူး ။ ”

” အာဆင်နယ် က သူ့ကို အသင်းခေါင်းဆောင် ခန့်လိုက်တာက သူ့ရဲ့ တန်ကြေး လစာ ဒါမှမဟုတ် သူ အသင်းမှာ ပျော်ရွှင်အောင်ကြောင့် ဖြစ်နိုင်ပါတယ် ။ သူက အသင်းကို ဦးဆောင်နိုင်သူ မဟုတ်တာတော့ အသေအချာပါပဲ ။သူက အသင်းခေါင်းဆောင် ပီသသူ မဟုတ်ပါဘူး ၊ ဒါပေမယ့် သူက ဂိုးသွင်းနိုင်တော့ ပရိသတ်တွေက သဘောကျကြပါတယ် ။ ”

” အမ်မလီ စမစ်ရို က အံ့ဖွယ် စွမ်းဆောင်ရည်တွေ ပြသ နေပါတယ် ၊ ဆာကာ ကလည်း ကောင်းကောင်းမွန်မွန် ကစားနေနိုင်ပေမယ့် စမစ်ရို လောက်တော့ မဟုတ်ပါဘူး ။ အာဆင်နယ် က ပြိုင်ဘက် ခံစစ်ခြမ်းဘက်ဆီ ဘောလုံးရောက်ဖို့ရာ စမစ်ရို တစ်ဦးတည်းကို အားကိုးနေရတာက ရှက်စရာပါပဲ ။ ”

” စမစ်ရို က holding player လည်း မဟုတ် central attacking player လို့လည်းခေါ်လို့ မရတဲ့ ကွင်းလယ် ကစားသမား တစ်ဦးပါ ။ သူက ကွင်းထဲက နေရာတိုင်းမှာ ရှိချင်နေသူ ဖြစ်ပြီး နေရာအနှံ့ မှာ ဘောလုံး လက်ခံ ကိုင်ကစားနိုင်သူပါ ။ နောက်ပြီး ဘောလုံး မရှိတဲ့ အချိန်မှာလည်း ပြေးလွှား နေရာယူပြီး ဂိုးသွင်းချင်စိတ်ရှိသလို ၊ လိုအပ်လာရင်လည်း ခံစစ်ကိုလည်း ဆင်းကူချင်သူပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM