အာဆင်နယ် အသင်းကြီး အတွက် ကစားခွင့် မရသေးတဲ့ လူငယ် ကြယ်ပွင့်တွေထဲမှာ အကောင်းဆုံးကို ရွေးချယ် ပေးလိုက်တဲ့ အိုဒီဂွါဒ်

အာဆင်နယ် အသင်း ရဲ့နော်ဝေ ကွင်းလယ် ကြယ်ပွင့် မာတင် အိုဒီဂွါဒ် က ဂန်းနားတို့ရဲ့ Hale End အကယ်ဒမီမှာ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင် နိုင်မယ့် ကစားသမားတွေ အများအပြား ရှိနေကြောင်း ထုတ်ဖော် ချီးကျူး လိုက်ပါတယ် ။

အဲ့ဒီ အထဲမှာမှ အသက် ၁၈ နှစ် အရွယ် လူငယ် ကွင်းလယ်လူ ချာလီ ပါတီနို ဟာ မဖြစ်မနေ စောင့်ကြည့်သင့်တဲ့ ကစားသမား တစ်ဦး ဖြစ်တယ်လို့ အိုဒီဂွါဒ် က ဆိုပါတယ် ။ ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာလည်း အာဆင်နယ် အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ဆာကာ ၊ စမစ်ရို တို့ဟာ အသင်းကြီးအတွက် အားကိုးရတဲ့ ကစားသမားတွေ ဖြစ်လာခဲ့ပါတယ် ။

အိုဒီဂွါဒ် ကတော့ အာဆင်နယ် အသင်း အကယ်ဒမီမှာ စိတ်လှုပ်ရှား စရာကောင်းတဲ့ ကစားသမားတွေ ရှိနေပြီး ပါတီနို ဟာ ကြီးမားတဲ့ အရည်အသွေးကောင်းတွေကို ပိုင်ဆိုင် ထားသူ ဖြစ်ကြောင်း ချီးကျူး စကား ဆိုသွားခဲ့ပါတယ် ။

အိုဒီဂွါဒ် က ” အာဆင်နယ် အသင်းရဲ့ အကယ်ဒမီမှာ အရည်အသွေးကောင်းတွေ ရှိတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ် ။ သူတို့ ကျွန်တော်တို့နဲ့ လေ့ကျင့်ခန်း အတူ လာဆင်းတဲ့ အချိန်တိုင်း ကောင်းမွန်တဲ့ အရည်အသွေးတွေ ထုတ်ပြ နိုင်ပါတယ် ၊ ကျွန်တော်တို့မှာ ကစားသမားတွေ အများကြီး ရှိပါတယ် ။ ”

” ချာလီ ပါတီနို က အရည်အသွေးကောင်းတွေ အများအပြား ပိုင်ဆိုင်ထားသူ တစ်ဦးလို့ ကျွန်တော်ကတော့ ပြောချင်ပါတယ် ။ သူ့ရဲ့ ဘောလုံး ကစားဟန် ၊ ဘောလုံးကို ယုံကြည်မှု ရှိရှိ ကစားဟန် နဲ့ ဘောလုံး လက်ခံ ရယူဖို့ တောင်းဆိုပုံတွေ အားလုံးကို သဘောကျပါတယ် ။ ”

” သူက အနာဂတ်မှာ စောင့်ကြည့်ရမယ့် ကစားသမားပါ ။ ကျွန်တော် ဂျော့လီဝစ် နဲ့လည်း စကားပြောဖြစ်ပါတယ် ၊ သူကလည်း နော်ဝေ ဆိုတော့ ကျွန်တော်နဲ့ ဘာသာ စကား တူပါတယ် ၊ ဒါကြောင့် ကျွန်တော် နဲ့ သူ အမြဲ စကားပြောဖြစ်ပါတယ် ။ ”

” သူ(ဂျော့လီဝစ်) က ခုတော့ ဒဏ်ရာ ရနေပါတယ် ၊ သူ့အတွက် ခက်ခဲတဲ့ အချိန် ဖြစ်နေတော့ ကျွန်တော် သူ့ကို စကားအမြဲ ပြောဖြစ်ပါတယ် ၊ သူက သဘောကောင်းတဲ့ ကောင်လေးပါ ၊ အရည်အသွေးကောင်းတွေလည်း ရှိပါတယ် ။ ”

” လူငယ်တွေကို အကြံပေးချင်တာက ကိုယ့်အလုပ်ကိုယ် အပြင်းအထန် ကြိုးစားပြီး ပျော်ပျော်နေပါလို့ ပြောချင်ပါတယ် ။ ကျွန်တော်တို့ အားလုံး ဘောလုံး ကစားနေကြတာက ပျော်ရွှင်ရဖို့ပါ ၊ ဒါကြောင့် ပျော်ပျော်နေဖို့ လိုမယ် ၊ အပြင်းအထန် ကြိုးစားမယ် ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ထားမယ် ၊ ဘယ်တော့မှ အရှုံးမပေးဘူး ၊ ဒါဆို အရာရာတိုင်းက ဖြစ်လာနိုင်ချေ ရှိပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ပါတီနို ဟာ အာဆင်နယ် အသင်းကြီးနဲ့ မကြာခဏ လေ့ကျင့်ခန်း အတူ ဆင်းလေ့ရှိပြီး ခြေစမ်းပွဲတွေမှာ ပါဝင်ကစားလေ့ရှိသူပါ ။အသက် ၁၈ နှစ် အရွယ်သာ ရှိသေးတဲ့ ပါတီနို ဟာ မနှစ်က အာဆင်နယ် အသင်းနဲ့ ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုခဲ့ပြီး ဒီရာသီ အသင်းကြီးမှာ ပွဲဦးထွက်ကို ကစားခွင့် ရဖွယ် ရှိနေပါတယ် ။

လက်ရှိ အချိန်မှာ ပါတီနို ဟာ အာဆင်နယ် ယူ၁၈ ၊ ယူ၂၃ အသင်းတွေရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်ပါတယ် ။ ပါတီနို ဟာ ဂျက်ဝီလ်ရှား လိုပဲ လူတန်တောင်း အကယ်ဒမီ ကနေ ထွက်ပေါ် လာခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ အာဆင်နယ် အသင်းကို ရောက်ရှိ လာခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ချဲလ်ဆီး အသင်း နဲ့ အပြိုင် ပါတီနို ကို ခေါ်ယူ ခဲ့ရတာ ဖြစ်ပြီး လူတန်တောင်း အသင်းကို လျော်ကြေး ပေါင် ၁ သောင်း ပေးချေ ခဲ့ရတယ်လို့ သိရပါတယ် ။

SM