အာဆင်နယ် နဲ့ ပွဲမတိုင်မီ လီဗာပူး ပရိသတ်တွေ အတွက် သတင်းကောင်းများ

မနက်က အထိတော့ လီဗာပူး အသင်းရဲ့ ဒဏ်ရာရ ကစားသမား စာရင်းမှာ စီနီယာ ကစားသမား 9 ဦး အထိ ပါဝင်နေခဲ့ပါတယ်။

သို့သော် ဒီညနေပိုင်းမှာတော့ အဲဒီထဲက 3 ဦး ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ပြီး ၊ အသင်းလိုက် လေ့ကျင့်ခန်း အစီအစဉ်တွေကို ပါဝင် လုပ်ဆောင်သွားခဲ့ ပါတယ်။

ဆီနီဂေါ နဲ့ တိုဂို တို့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ပြိုင်ဘက် ကစားမားတွေ နဲ့ အမြင့်ဘော ယှဉ်လုစဉ် နံရိုး ဒဏ်ရာ ရရှိသွားခဲ့တဲ့ မာနေး ဟာ ပွဲချိန် 28 မီးနစ် နဲ့ လူစားလဲလိုက် ရပါတယ်။ သူဟာ အဆိုပါ ဒဏ်ရာကြောင့်ပဲ လီဗာပူး ကို စောစောစီးစီး ပြန်လည် ရောက်ရှိလာခဲ့တာပါ။

ဒီညနေပိုင်းမှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ မှာတော့ သူဟာ အသင်းက ချာတိတ်တွေ အများစု နဲ့ အတူ ပူးပေါင်းပြီး ပုံမှန် အတိုင်း လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ ဒဏ်ရာ အနေအထားဟာ စိုးရိမ်စရာ မရှိတော့ဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။

အင်္ဂလန် လက်ရွေးစင် အသင်းကနေ နှုတ်ထွက်ခဲ့ရတဲ့ ဟန်ဒါဆင် ကလဲ ဒဏ်ရာ ပြသနာ အသေးစား ရှိနေတယ်လို့ နည်းပြ ဆောက်ဂိတ် ကိုယ်တိုင် ထုတ်ဖော် ပြောဆိုခဲ့တာပါ။ သို့သော် ဒီညနေပိုင်းမှာတော့ သူလဲ ပါဝင် ပူးပေါင်းခဲ့လို့ အာဆင်နယ် နဲ့ ပွဲကို လွဲချော် နိုင်စရာ အကြောင်းမရှိဘူးလို့ ယူဆရပါတယ်။

ဒီရာသီမှာ ကျရာ နေရာကနေ တာဝန်ကျေအောင် ကြိုးစား ကစားပေးနေတဲ့ ဝါရင့် ဖိုက်တာကြီး မေလ်နာ ကလဲ တံကောက်ကြော ဒဏ်ရာကနေ ပြန်လည် သက်သာခဲ့ပြီ ဖြစ်လို့ ကာဘီ က လေ့ကျင့်ရေးကွင်းဆီ ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။ သူကလဲ မော်တန် ၊ ကိုင်ဒီ ဂေါ်ဒွန် တို့နဲ့ အတူ အားကြိုးမာန်တက် နဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို လုပ်ဆောင် သွားခဲ့ ပါတယ်။

ဂီနီယာ လက်ရွေးစင် ကစားသမား စာရင်းမှာ ထူးထူးဆန်းဆန်း ပါဝင်လာခဲ့တဲ့ နာဘီ ကီတာ ကတော့ အခုချိန်ထိ တံကောက်ကြော ဒဏ်ရာကနေ သက်သာလာခြင်း မရှိသေးပါဘူး။ ဒါ့အပြင် ခြေသလုံး ဒဏ်ရာ ရရှိထားတဲ့ ဂိုးမက်ဇ် ၊ မျက်လုံး ထိခိုက်မိသွားတဲ့ ကာတစ် ဂျုံး တို့လဲ လေ့ကျင့်ခန်း အစီအစဉ်တွေ မှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဘော်ဘီ ဖာမီနို ကတော့ 2021 ကုန်ခါနီးမှပဲ ပြန်လည် ကစားပေးနိုင်မှာ ဖြစ်လို့ အရမ်းကို အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။

လီဗာပူး နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း ကတော့ မနေ့ညက စကော့တလန် အတွက် ကစားပေးရင်း တံကောက်ကြော ဒဏ်ရာ ရရှိသွားခဲ့တဲ့ ရော်ဘတ်ဆန် ရဲ့ အနေအထားဟာ ပြင်းထန်ခြင်း မရှိဘူးလို့ ယူဆနေကြပါတယ်။ ဒါကြောင့် အသင်းကို ပြန်လည် ရောက်ရှိလာတာ နဲ့ ပြန်လည် စစ်ဆေးမှုတွေ လုပ်ဆောင်သွားဖို့ စီစဉ် ထားပါတယ်။

လီဗာပူး ပရိသတ်တွေ အတွက် သတင်းကောင်းကြီး တခုကတော့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် လနဲ့ချီပြီး အနားယူနေရတဲ့ အယ်လီယေ့ာ ဟာ ဒီကနေ့ ပြုလုပ်တဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပါဝင် ပူးပေါင်းခြင်း မရှိသော်လဲ ၊ ကွင်းဘေးကနေ သီးသန့် လေ့ကျင့်ခန်းတွေ လုပ်ဆောင်သွားခဲ့ ပါတယ်။

သူဟာ ပေါ့ပါးတဲ့ အပြေးအလေ့ကျင့်ခန်းတွေကို စတင် လုပ်ဆောင်နေပြီ ဖြစ်လို့ ၊ ဒဏ်ရာပြသနာ ကသာ တုန့်ပြန်မှု မရှိခဲ့ရင် ဒီထက် ပိုပြီး ခြေကျင်းဝတ် ကို စမ်းသပ်မယ့် လေ့ကျင့်ခန်း အစီအစဉ်တွေ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အားလုံး စိတ်ချရမှ အသင်းနဲ့ အတူ ပြန်လည် ပူးပေါင်းသွားမှာပါ။

သို့သော် သူ့ရဲ့ ဒဏ်ရာ ပြန်လည် ကောင်းမွန်လာမှုဟာ အရမ်းကို မြန်ဆန်လွန်းနေတာကြောင့် ၊ ပြန်လည် ကစားပေးနိုင်မယ့် နေ့ရက်ကလဲ သိပ်ပြီး မဝေးတော့ဘူးလို့ ခန့်မှန်းထားချင်တယ်ဗျာ…..

SM