အာဆင်နယ်ရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့ကြောင်း ပြောကြားရင်း ဘာစီလိုနာ နဲ့ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရပုံကို ဖွင့်ဟလာတဲ့ ရီနာတိုဆန်းချက်စ်

လိုင်လီ အသင်းရဲ့ကြယ်ပွင့် ရီနာတို ဆန်းချက်စ် က အာဆင်နယ် နဲ့ အေစီမီလန် အသင်းတို့ဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စား နေကြတာ ဖြစ်နိုင်ကြောင်း ပြောကြား လာခဲ့ပြီး ၊ ပြီးခဲ့တဲ့ နွေရာသီမှာ ဘာစီလိုနာ အသင်းကို ရောက်ဖို့ နီးစပ် ခဲ့တဲ့ အကြောင်းကိုလည်း ဖွင့်ဟ သွားခဲ့ပါတယ် ။

ပေါ်တူဂီ ကွင်းလယ်လူ ဆန်းချက်စ် ဟာ ဒီရာသီ အကုန်မှာ လိုင်လီ အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ် ။ အီတလီ က သတင်းတွေမှာတော့ အေစီမီလန် အသင်းဟာ လိုင်လီ ကြယ်ပွင့်ကို အလွတ် နဲ့ ခေါ်နိုင်ဖို့ အလားအလာ ကောင်း​နေတယ်လို့ ဖော်ပြ နေကြပါတယ် ။

La Gazetta dello Sports ရဲ့ဖော်ပြချက်အရ ရီနာတို ဆန်းချက်စ်ဟာ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့ပြီး အေစီမီလန် အသင်းကို ပြောင်းရွှေ့ဖို့ကိုပဲ ပိုမို စိတ်ဝင်စားနေတယ်လို့ သိရပါတယ် ။

ဒါ့အပြင် ရီနာတို ဆန်းချက်စ်ဟာ L Equipe နဲ့ အင်တာဗျူးမှာလည်း ” အာဆင်နယ် နဲ့ အေစီမီလန် က ကျွန်တော့်ကို ခေါ်ဖို့ စိတ်ဝင်စားခဲ့ကြတယ်ဆိုတာ ဖြစ်နိုင်ပါတယ် ၊ ကျွန်တော် သေချာတော့ မသိပါဘူး ။ ”

” မီလန် က သမိုင်း အစဉ်အလာ ကြီးမားတဲ့ အသင်းကြီး တစ်သင်းပါ ၊ အဆင့်အတန်းလည်း ရှိပါတယ် ၊ ကျွန်တော် သူတို့ကို သဘောကျပါတယ် ၊ ကျွန်တော် အေးဂျင့် နဲ့ စကားပြောကြည့်တဲ့ အခါမှာ ဘယ်အသင်းတွေက ခေါ်ချင် နေသလဲ မခေါ်ချင်ဘူးသလဲ ဆိုတာ သိရပါတယ် ၊ ဒါပေမယ့် ကျွန်တော် အခု ပြောပြလို့ မရနိုင်ပါဘူး ။ ”

” ဒါပေမယ့် ကျွန်တော့်ဘက်ကတော့ အဆင်သင့်ပါပဲ ၊ ကမ်းလှမ်းမှုတွေ ရောက်လာတဲ့ အခါမှာ ဘယ်အသင်းက အကောင်းဆုံး ဖြစ်မလဲ ဆိုတာ စဉ်းစား ဆုံးဖြတ် သွားပါမယ် ။ ကျွန်တော် ဘိုင်ယန်မြူးနစ် ကို ပြောင်းတဲ့ အချိန်တုန်းက အဲ့ဒီမှာ ကစားဖို့ အဆင်သင့် ဖြစ်မနေ ခဲ့ပါဘူး ။ ”

” အဲ့တုန်းက ကျွန်တော် အရမ်း အသက်ငယ်နေပါသေးတယ် ၊ ကျွန်တော် အဆင်သင့် ဖြစ်လာချိန်ကျတော့လည်း ကစားဖို့ အခွင့်အရေး မရပြန်ပါဘူး ။ ဒီနေ့ဒီအချိန်မှာတော့ ကျွန်တော် အဆင်သင့် ဖြစ်နေပါပြီ ၊ ဘောလုံး အကြောင်း ပိုသိလာသလို အတွေ့အကြုံတွေလည်း များနေပါပြီ ။ ”

” အသင်းတစ်သင်းမှာ ကစားခွင့်ရဖို့ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာ ကောင်းကောင်း သိနေပါပြီ ၊ အရင်ကနဲ့ မတူတော့ဘဲ အစစ အရာရာ ပြောင်းလဲ သွားပြီလို့ ပြောနိုင်ပါတယ် ။ ”

ဆက်လက်ပြီး ဆန်းချက်စ် က ပြီးခဲ့တဲ့ နွေရာသီမှာ ဘာစီလိုနာ အသင်းနဲ့ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရပုံကို ဖွင့်ဟ သွားခဲ့ပါတယ် ။ ” ဒီနွေရာသီမှာ ကလပ် အသင်းတော်တော်များများရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ် ၊ ဒါပေမယ့် ဒဏ်ရာ ရသွားတော့ ကျွန်တော် လိုင်လီ အသင်းမှာပဲ ဆက်နေရတော့မယ်ဆိုတာ သိသွားခဲ့ပါတယ် ။ ”

” ဘာစီလိုနာ နဲ့က အပြောင်းအရွှေ့ကိစ္စ အဝဝ အားလုံး ပြီးသွားခါမှ ဒဏ်ရာ ပြဿနာကြောင့် ပျက်ပြယ် သွားခဲ့ရတာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM