အာဆင်နယ်နဲ့ ပွဲစဉ်မှာ ပွဲထွက် ကစားစေလိုတဲ့ ယူနိုက်တက် ကစားသမား အမည်ကို ထုတ်ပြောလိုက်တဲ့ ပေါလ် စခိုးလ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ဂန္တဝင် ကစားသမားဟောင်း တစ်ဦးဖြစ်သူ ပေါလ် စခိုးလ် က အာဆင်နယ် အသင်းနဲ့ ရင်ဆိုင် ကစားရမဲ့ ကြားရက်ပွဲမှာ အသင်းဖက်မှ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ပွဲထွက် ကစားသမား စာရင်းထဲ ပြန်လည် ပါဝင်သင့်ကြောင်း ပြောသွားလိုက်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းမှ အိုလီ ဂန်နာ ဆိုးလ်ရှား ထွက်ခွာခဲ့တဲ့နောက် မိုက်ကယ် ကာရစ်ဟာ ဗီလာ ရီးယဲ နဲ့ ချဲလ်ဆီး ပွဲတွေကို ကိုင်တွယ်ခဲ့ ပါတယ် ။ သူဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာတော့ ခရစ္စတီယာနို ရော်နယ်ဒိုကို ပွဲထွက် ကစားသမားစာရင်းထဲ ထည့်သွင်းခဲ့ပေမဲ့ ပရီးမီးယားလိဂ်မှာတော့ အရံလူသာ ဖြစ်စေခဲ့ပါတယ် ။

ရော်နယ်ဒိုဟာ ယခင် နည်းပြ အိုလီ ဂန်နား ဆိုးလ်ရှားရဲ့ လက်အောက်မှာလည်း ပွဲထွက်ခွင့် မရပဲ အရံခုံမှ စတင်ခဲ့တဲ့ ရက်စွဲ ပိုင်ဆိုင်ခဲ့ဖူးပါသေးတယ် ။ သရေ ရလဒ်မျှသာ ထွက်ပေါ်ခဲ့ရတဲ့ အဆိုပါ ပွဲစဉ်အပြီးမှာ ရော်နယ်ဒိုဟာ စိတ်ပျက်မှုကို ထုတ်ဖော်ပြသခဲ့ပါသေးတယ် ။

အခုတော့ ယူနိုက်တက် ဂန္တဝင် ပေါလ် စခိုးလ်က အာတီတာ နဲ့ အာဆင်နယ် အသင်းနဲ့ ရင်ဆိုင်ရမဲ့ ပွဲစဉ် အတွက် ယူနိုက်တက် အသင်းရဲ့ ပွဲထွက် ကစားသမား စာရင်းမှာ ဘယ်သူ့ကို ပွဲထွက် ကစားစေမလဲလို့ အမေးခံလိုက်ရတဲ့ အချိန်မှာတော့ အထောင် တိုက်စစ်မှူး တစ်ဦး ပွဲထုတ်လိုကြောင်း ပြောခဲ့လိုက် ပါတယ် ။

” ကျွန်တော်ကတော့ ပွဲထွက်ကစားသမား တစ်ဦးအဖြစ် အထောင် တိုက်စစ်မှူး သေချာပေါက် ထည့်သွင်းသွားမှာပါ ။ ခရစ္စတီယာနို ပါဝင်လိမ့်မယ်လို့ ကျွန်တော် ထင်နေပါတယ် ။ ပြီးတော့ တောင်ပံ တိုက်စစ် ကစားသမား နှစ်ဦးလည်း ပါဝင်ကောင်း ပါဝင်သွားမှာ ပါပဲ ”

” ပြီးရင် ချဲလ်ဆီး အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲစဉ်တုန်းက ကွင်းလယ် ခံစစ် ကစားသမား သုံးဦးအနက် နှစ်ဦးတော့ ပါမှာ အသေအချာပါပဲ ။ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်မှာ ဘရူနို ဖာနန်ဒက်စ်ဟာ မာတစ် (သို့) ဖရက်ဒ် နဲ့ ပွဲထွက်ခွင့် ရရှိသွားပါလိမ့်မယ် ”

” အာဆင်နယ်ဆိုတာ ချဲလ်ဆီးနဲ့ နီးစပ်လောက်တဲ့ အထိ ဘယ်နေရာမှ အရည်အသွေး ယှဉ်နိုင်စွမ်း မရှိသေးပါဘူး ။ သူတို့တွေဟာ လီဗာပူး အသင်းနဲ့ နီးစပ်လောက်အောင် အရည်အသွေး ကောင်းတဲ့ အသင်းလည်း မဟုတ်ပါဘူး ။ သူတို့က မန်စီးတီးနဲ့ နီးစပ်လောက်အောင် အရည်အသွေးကောင်းလည်း မပိုင်ထားကြပါဘူး ” လို့ ပေါလ် စခိုးလ်က ပြောကြား သွားခဲ့လိုက် ပါတယ် ။

လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နည်းပြ ကာရစ်ရဲ့ လက်အောက်မှာ ပုံစံကောင်းတွေ ပြသနေခဲ့ပြီး တစ်ပွဲနိုင် ၊ တစ်ပွဲသရေ ကစားထားခဲ့ပါတယ် ။ အခြားတဖက်မှာတော့ အာဆင်နယ် အသင်းဟာလည်း နောက်ဆုံး ကစားထားခဲ့တဲ့ ပွဲစဉ် 12 ပွဲမှာ လီဗာပူး တစ်သင်းထဲကိုသာ ရှုံးနိမ့်ထားခဲ့ပြီး 9 ပွဲ အနိုင် ကစားထားနိုင်ခဲ့ပါတယ် ။

လက်ရှိ ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေကတော့ ယူနိုက်တက် နည်းပြသစ် ရဲ့လ်ဖ် ရန်းဂနစ်ဟာ အင်္ဂလန်မြေဆီကို ရောက်ရှိနေပြီလို့ သိရပါတယ် ။

သူဟာ အိုင်ဆိုလေးရှင်း လုပ်ရမှာ မဟုတ်သလို အလုပ်ပါမစ်လည်း ရရှိခဲ့ပြီလို့ သတင်းထွက်လာခဲ့တဲ့ အတွက် အာဆင်နယ်နဲ့ ပွဲစဉ်ကို စတင် ကိုင်တွယ်ကောင်း ကိုင်တွယ်လိမ့်မယ်လို့ သိလိုက်ရပါတယ် ။

#Sports_Myanmar