အာဆင်နယ်ကို ပြန်လာမလား ၊ မာဆေးလ် အသင်းမှာပဲ ဆက်နေမလား ဆိုတာ အဖြေပေးလိုက်တဲ့ ပြင်သစ်လူငယ် ကြယ်ပွင့်

မတ်တီယို ဂွမ်ဒူဇီ က သူ လက်ရှိ အငှားလာရောက် ကစားနေတဲ့ ပြင်သစ် လီဂူး ကလပ် မာဆေးလ် အသင်းမှာ ပျော်ရွှင်နေပြီး ကာလရှည်ကြာ ကစားချင်ကြောင်း အာဆင်နယ် အသင်းကို ပြောလိုက်ပါတယ် ။

ဂွမ်ဒူဇီဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ပြင်သစ် လီဂူး ကလပ်လော်ရီယန့် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ရောက်ရှိလာသူ ဖြစ်ပြီး အချိန်တိုလေး အတွင်းမှာ နည်းပြ အမ်မရီ လက်အောက်တွင် ပွဲထွက် ကစားခွင့် မြောက်များစွာ ရရှိခဲ့တဲ့ လူငယ် ကြယ်ပွင့် တစ်ဦးပါ ။

ဂွမ်ဒူဇီ ဟာ အမ်မရီ ထုတ်ပယ် ခံရပြီးနောက် အာတီတာ လက်ထက် အစမှာလည်း ကစားခွင့် ရရှိခဲ့သေးပေမယ့် နောက်ပိုင်းမှာတော့ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ် ။

ကိုဗစ်ကြောင့် ဘောလုံးပွဲတွေ ရပ်နားခဲ့ရပြီး ပြန်လည် စတင်တဲ့ အချိန်မှာလည်း ဂွမ်ဒူဇီ ဟာ ကစားခွင့် ရခဲ့သေးပေမယ့် ဘရိုက်တန် နဲ့ ပွဲမှာ ပြိုင်ဘက် ကစားသမားကို မသင့်လျော်တဲ့ အပြုအမူ ၊ အပြောအဆိုတွေ လုပ်ခဲ့တာကြောင့် နည်းပြ အာတီတာ ဟာ ပြင်သစ်သားကို တစ်ဦးတည်း လေ့ကျင့်ခန်း ဆင်းစေခဲ့ပြီး ၂၀၂၀ ခုနှစ် ရာသီကုန်အထိ အသုံးပြုခြင်း မရှိတော့ပါဘူး ။

နောက်ပိုင်းမှာ အာဆင်နယ် အသင်းဟာ ဂွမ်ဒူဇီ ကို ဟာသာဘာလင် အသင်းထံ တစ်ရာသီ အငှား ပြောင်းရွှေ့ကစားစေ ခဲ့ပါတယ် ။ ဒီရာသီမှာတော့ အာဆင်နယ် အသင်းဟာ ဂွမ်ဒူဇီ ကို မာဆေးလ် အသင်းထံ အငှားထပ်ချလိုက်ပါတယ် ။

အသက် ၂၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂွမ်ဒူဇီ ဟာ မာဆေးလ် အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသ နိုင်တာကြောင့် ပြင်သစ် လက်ရွေးစင် အသင်းကြီးမှာပါ ရွေးချယ် ခံထားရပါတယ် ။ ပြင်သစ် အသင်းရဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဂွမ်ဒူဇီ ဟာ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ခုလို ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ် ။

” ကျွန်တော် အငှားထွက် ကစားနေတာ ဖြစ်ပေမယ့် အာဆင်နယ် နဲ့ကတော့ အဆက်အသွယ် မပြတ် ရှိနေဆဲပါ ၊ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော် မာဆေးလ် အသင်းမှာ လုပ်ဆောင်ရမယ့် အရာတွေအပေါ်ပဲ အာရုံစိုက်ထားပါတယ် ။ ”

” မာဆေးလ် အသင်း ရဲ့ကာလရှည် အစီအစဉ်တွေထဲမှာ တစ်စိတ်တစ်ပိုင်း အဖြစ်လည်း ပါဝင် ချင်ပါတယ် ၊ ကျွန်တော် ဒီမှာ ကစားရတာ အရမ်း သက်သောင့်သက်သာ ရှိပါတယ် ၊ မာဆေးလ် အသင်းမှာ ပျော်ပျော်ရွှင်ရွှင် ဆက်လက် ကစားချင်ပါတယ် ။ ”

“မာဆေးလ် က ပြင်သစ်မှာ ထိပ်သီး အသင်းကြီး ဖြစ်သလို ပြည်ပမှာလည်း နာမည်ကျော်ပါတယ် ၊ ကျွန်တော် အာဆင်နယ်မှာကတည်းက ဒီအသင်းကို လေ့လာ စောင့်ကြည့် ခဲ့တာပါ ၊ မာဆေးလ် အသင်းကို စရောက်တဲ့ အချိန်ကစပြီး ကျွန်တော် ပိုပြီး နာမည်ကြီးလာတယ်လို့ ခံစားရပါတယ် ။ ”

” ဒီမှာ ကစားခွင့်ရတဲ့ အတွက် အကြီးအကျယ် ဂုဏ်ယူမိပါတယ် ၊ ကျွန်တော် က ကမ္ဘာ့အကောင်းဆုံး လူစာရင်းကို ပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်းမှာ ကစားနေတာပါ ၊ ကျွန်တော် ဒီမှာ လေ့လာ သင်ယူပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ဆောင် နေပါတယ် ။ ”

” မာဆေးလ် အသင်းမှာ ကာလရှည်ကြာ နေချင်ပြီး ဆုဖလား အောင်မြင်မှုတွေ ရယူချင်ပါတယ် ၊ အရေးကြီးဆုံးအရာက ဒီအသင်း မှာ ကာလရှည်ကြာ နေနိုင်ဖို့ပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM