အသင်းဖော်ဟောင်း နှစ်ဦးရဲ့ ဝေဖန်မှုကို ခံခဲ့ရတဲ့ ရော်နယ်ဒိုဖက်မှ ကာကွယ်လိုက်တဲ့ ဂျူဗင်တပ် ဂန္တဝင်

ဂျူဗင်တပ် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ကလော်ဒီယို မာခီစီယိုက ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို အပေါ် အသင်းဖော်ဟောင်းတွေ ဖြစ်ကြတဲ့ ချီလီနီ ၊ ဘိုနူချီ တို့ ဝေဖန်ခဲ့မှုကို ကာကွယ် သွားခဲ့လိုက်ပါတယ် ။

ဂျူဗင်တပ် နဲ့ အီတလီ လက်ရွေးစင် အသင်းတို့ အတွက် အထူး အားထားရတဲ့ ဗဟို ခံစစ် အတွဲ ဖြစ်ခဲ့တဲ့ ချီလီနီ နဲ့ ဘိုနူချီ တို့ဟာ အသင်းမှ ရော်နယ်ဒို ထွက်ခွာခဲ့တဲ့နောက် ပေါ်တူဂီသားရဲ့ အသင်းအပေါ် လွှမ်းမိုးထားနိုင်မှုတွေကို ထုတ်ဖော် ဝေဖန်ခဲ့ကြပါသေးတယ် ။

” ဂျူဗင်တပ် အသင်းဟာ နေ့စဥ်လုပ်ငန်းဆောင်တာတွေ ၊ အချင်းချင်း စည်းရုံးမှုတွေ ၊ ပေးဆပ်ကစားနိုင်စွမ်းတွေ နဲ့ အသင်းဖော်တွေ အတွက် ကွင်းထဲ ရှိနေပေးရေး တွေမှာ တစ်နေ့ရက် တစ်နေ့ ကျရှုံးခဲ့ကြရပါတယ် ” လို့ ဘိုနူချီ က ရော်နယ်ဒို ရှိနေခဲ့စဥ် ကာလအပေါ် ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ် ။

ရော်နယ်ဒိုဟာ ဂျူဗင်တပ် အသင်းမှာ သုံးနှစ်ထိ ကစားပေးခဲ့တဲ့နောက် အဆင်မပြေနိုင်တော့တဲ့ အချိန်ကာလ တစ််ခုမှာ အီတလီမြေမှ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့သူ ဖြစ်ပြီး မန်စီးတီး အသင်းဆီ ပြောင်းရွှေ့လိုခဲ့ပေမဲ့ အသင်းဟောင်းက ခေါ်ယူခဲ့တဲ့အတွက် ယူနိုက်တက်ဆီကို ပြန်လာခဲ့တာပဲ ဖြစ်ပါတယ် ။

ရော်နယ်ဒိုဟာ အဲ့ဒီလို ဝေဖန်မှုတွေ ခံခဲ့ရပေမဲ့ အီတလီ မြေမှာ ရှိနေခဲ့စဥ် ဂျူဗင်တပ် အသင်းအတွက် 97 ပွဲအထိ ကစားပေးခဲ့ရာမှာ 81 ဂိုးအထိ သွင်းယူပေးထားနိုင်သလို အမှတ်ပေး ဖလားကိုလည်း နှစ်ကြိမ် ဆွတ်ခူးပေးရေးမှာ သွင်းဂိုးတွေနဲ့ အကူအညီ ပေးနိုင်ခဲ့ပါတယ် ။

ဒါပေမဲ့ သူရှိနေခဲ့စဥ် ကာလအတွင်းမှာ အီတလီ ထိပ်သီး ကလပ်ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အောင်ပွဲ မခံနိုင်ခဲ့ခြင်းက ဝေဖန်စရာ ဖြစ်သွားခဲ့ရပါတယ် ။ ဒါ့ကြောင့် ရော်နယ်ဒိုဟာ အီတလီမြေမှာ မအောင်မြင်ခဲ့ဘူးလို့ ပြောဆိုနေသူတွေ ရှိနေခဲ့ကြတာပဲ ဖြစ်ပါတယ် ။

ဒါပေမဲ့ ဂျူဗင်တပ် အသင်းအတွက် 389 ပွဲအထိ ကစားပေးခဲ့ပြီး ဆုဖလားတွေ များစွာ ဆွတ်ခူးနိုင်ရေးမှာ အရေးပါသူ တစ်ဦး ဖြစ်နိုင်ခဲ့တဲ့ မာချီစီယို ကတော့ ဂျူဗင်တပ် အသင်းဆီ ရော်နယ်ဒို ရောက်လာခဲ့ခြင်းက အသင်းအတွက််တော့ ဂုဏ်ယူစရာ ဖြစ်ကြောင်း ပြောခဲ့လိုက်ပါတယ် ။

” အသင်းရဲ့ ရလဒ်တွေ ၊ လူတွေရဲ့ မျှော်လင့်ချက်တွေကို ဖယ်ထုတ်လိုက်မယ် ဆိုရင် ဂျူဗင်တပ် အသင်းဆီ ရော်နယ်ဒို လာရောက်ကစားခြင်းက ဂုဏ်ယူစရာသာ ဖြစ်နေပါလိမ့်မယ် ။ ရော်နယ်ဒိုဟာ အမြဲတမ်း ဂိုးတွေ အများကြီး သွင်းယူပေးထားနိုင်ခဲ့သူ တစ်ဦးပါပဲ ”

” ဒါ့ကြောင့်လည်း အသင်းက သူ့ကို အရခေါ်ယူခဲ့တာပါ ။ ကစားသမား တစ်ဦးတစ်ယောက် ထဲက ချန်ပီယံလိဂ် ဖလားကို မဆွတ်ခူးနိုင်ပါဘူး ။ ကျွန်တော်ကတော့ သူလို ကစားသမား နဲ့ အတူ တွဲဖက် ကစားခွင့် မရရှိခဲ့တဲ့ အတွက်် တကယ်ပဲ ဝမ်းနည်းမိပါတယ် ”

” ကျွန်တော် အသင်းဖော်ဟောင်းတွေနဲ့ အမြဲလို စကား ပြောလေ့ ရှိနေခဲ့ပြီး သူတို့တွေဟာ ရော်နယ်ဒိုရဲ့ အလုပ် ကြိုးစားမှုတွေကို ကျွန်တော်နဲ့ ခိုင်းနှိိုင်းခဲ့ကြ ပါတယ် ။ သူက သူ့ရဲ့ အလုပ် ကြိုးစားမှု ပုံစံတွေကို အသင်းဖော်တွေ အားလုံးဆီ ဖြန့်ဝေလိုသူ တစ်ဦးပါပဲ ”

” သူက အသင်းအတွက် ဘယ်တုန်းကမှ ပြသနာ မဖြစ်ခဲ့ဖူးပါဘူး ။ အသင်းဖက်က သူ့အနားကို မှန်ကန်တဲ့ ဝန်းရံ ကစားပေးသူတွေ ရှိနေစေဖို့ အကောင်းဆုံး မလုပ်ပေးနိုင်ခဲ့တာပါ ” လို့ မာချီစီယို က သူ့ရဲ့ အတွေးအမြင်တွေကို ထုတ်ပြော သွားခဲ့လိုက် ပါတယ် ။

#Sports_Myanmar