အလက်ဇန်းဒါးအာနိုးနဲ့ ပက်သက်ပြီး တစ်ပွဲတည်း ဗလောင်းဗလဲ ပြောခဲ့တာကြောင့် လှောင်ပြောင်စရာ ဖြစ်ခဲ့တဲ့ pundit လီဒိုင်ဇွန်

ထရန်အလက်ဇန်းဒါးအာနိုးဟာ အင်္ဂလန် လက်ရွေးစင် အသင်းမှာ လီဗာပူးကလို စွမ်းဆောင်ရည်မျိုး မပြနိုင်ခဲ့တာကြောင့် ၎င်းရဲ့ ပွဲထွက်ခွင့်နဲ့ ပက်သက်ပြီး လူတော်တော်များများကြားမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်နေတာ အတော်ကြာနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် မနေ့ညက ဆန်မာရီနိုကို ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ၎င်းရဲ့ ဒုတိယပိုင်း ကစားပုံ ကတော့ ITV Pundity ဖြစ်တဲ့ လီဒိုင်ဇွန်ကို လူတွေရဲ့ လှောင်ပြောင်စရာ ဖြစ်စေခဲ့ပါတယ်။

အင်္ဂလန်ဟာ မနေ့ညက ဆန်မာရီနိုကို အဝေးကွင်းမှာ ၁၀-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ဂါရက်ဆောက်ဂိတ်ရဲ့ အသင်းဟာ လာမည့် ၂၀၂၂ ခုနှစ် ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် နေရာတစ်နေရာ ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အလက်ဇန်းဒါးအာနိုးဟာ အင်္ဂလန် အတွက် ၁၆ ကြိမ်မြောက် ပွဲကစားခွင့် ရခဲ့ပြီး အစပိုင်း မှာတော့ ဒိုင်ဇွန်ဟာ လီဗာပူးစတားရဲ့ ခြေစွမ်း အပေါ် သဘောမကျ ဖြစ်နေခဲ့ပါတယ်။

အဲဒီနောက် ရိစ်ဂျိမ်းစ် သွေးပူလေ့ကျင့်ခန်း စတင် ပြုလုပ်ချိန်မှာ အလက်ဇန်းဒါးအာနိုးရဲ့ ခြေစွမ်း အပေါ် သဘောမကျ ဖြစ်နေတဲ့ အာဆင်နယ် ကစားသမားဟောင်း ဖြစ်သူ ဒိုင်ဇွန်က လီဗာပူးစတား အနေနဲ့ ချဲလ်ဆီး ညာနောက်ခံလူ နဲ့ လူစားလဲခံရတော့မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ဒိုင်ဇွန်က “ဂျိမ်းစ်ဟာ လူစား၀င် ကစားဖို့ အတွက် အသင့် ပြင်နေတာကို တွေ့နေရပါတယ်။ ကြည့်ရတာ အလက်ဇန်းဒါးအာနိုး လူစားလဲခံရတော့မယ့် ပုံစံပါပဲ။ သူ့ရဲ့ body language ဟာ သိပ်ပြီး ကြည့်ရတာ အဆင်မပြေပါဘူး။ သူ့အတွက် ခက်ခဲတဲ့ ညနေခင်း ဖြစ်နေပါတယ်။ ကြည့်ရတာ သူဟာ လိုတာထက် ပိုပြီး ပြင်းပြင်းထန်ထန် ကစားနေတဲ့ ပုံစံပါပဲ။ သူ့ရဲ့ passing တွေဟာ တိကျမှု မရှိတဲ့ အပြင် ဘောလုံးပျက်မှုတွေလည်း အနည်းငယ် ရှိခဲ့ပါတယ်။ ဒါ့ကြောင့်လည်း သူ ဒီအသင်းမှာ ရှိသင့် မရှိသင့်နဲ့ ပက်သက်ပြီး လူတွေ ပြောနေကြတာ သဘာ၀ကျပါတယ်။” လို့ ဝေဖန်ခဲ့ပါတယ်။


ဒါပေမယ့့်လည်း ဂျိမ်းစ်ဟာ အဆိုပါပွဲမှာ ၄ ဂိုးသွင်းခဲ့တဲ့ ဟယ်ရီကိန်း အစား လူစား၀င်လာခဲ့ပြီး အလက်ဇန်းဒါးအာနိုးက ကွင်းထဲမှာ ဆက်ရှိနေခဲ့ပါတယ်။ အဲဒီနောက် အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ အင်္ဂလန်ရဲ့ နောက်ဆုံး သွင်းဂိုး ၃ ဂိုးကို သွင်းယူခဲ့ကြတဲ့ တိုင်ရွန်မင့် ၊ အေဗရာဟမ် နဲ့ ဆာကာ တို့ရဲ့ သွင်းဂိုးတွေ အတွက် ဖန်တီးပေးခဲ့ကာ ဟက်ထရစ် assist ရခဲ့ပါတယ်။

 

အလက်ဇန်းဒါးအာနိုးရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကြောင့် အစောပိုင်းက ၎င်းကို ဝေဖန်ခဲ့တဲ့ ဒိုင်ဇွန်ဟာ သူ့ရဲ့ အကဲဖြတ်ခဲ့မှုကို U-Turn ပြန်လုပ်ခဲ့ရပါတယ်။

မင့်ရဲ့ ဂိုးကို အလက်ဇန်းဒါးအာနိုး ဖန်တီးပေးခဲ့ပြီးနောက် ဒိုင်ဇွန်က “ထရန် အလက်ဇန်းဒါးအာနိုးမှာ ပိုင်ဆိုင်ထားတဲ့ အရည်အသွေးတွေကို ကျွန်တော်တို့ သိထားပြီးသားပါ။ ဘောလုံးဟာ မင့်ရဲ့ နောက်ကို အနည်းငယ်လေး ရောက်နေခဲ့သလိုပါပဲ။ မင့်ရဲ့ ခေါင်းတိုက်ချက်က တကယ်ကောင်းပါတယ်။ သူဟာ ဘောလုံးရှေ့ကို ရောက်နေခဲ့ပေမယ့် ခေါင်းကို ချိန်ညှိကာ အဝေးထောင့်ထဲကို အရောက်ပို့ခဲ့ပါတယ်။ ဘောလုံးရဲ့ မြန်နှုန်းဟာ အထောက်အကူ ဖြစ်ခဲ့ပါတယ်။”

ရိုးမား တိုက်စစ်မှုး အေဗရာဟမ်ရဲ့ သွင်းဂိုးအတွက် လှလှပပ ဖန်တီးမှု လုပ်ပေးခဲ့တဲ့ ထရန့်ရဲ့ pass ကိုလည်း ဒိုင်ဇွန်က တကယ် သဘောကျခဲ့ပါတယ်။

“ပင်နယ်တီ ဧရိယာထဲကို ထည့်ပေးလိုက်တဲ့ ဘောလုံးဟာ တကယ် ကောင်းလှပါတယ်။ ဘောလုံးဟာ အေဗရာဟမ်ရဲ့ ခြေထောက်ထဲကို ကွတ်တိ ရောက်လာခဲ့တာပါ။ တကယ့်ကို ကောင်းတဲ့ ပေးပို့မှုပါပဲ။ ဘောလုံးကို ပျော့ပြောင်းတဲ့ ထိချက်နဲ့ မပေးလိုက်တာ ဖြစ်ပြီး နောက်ခံလူ အနေနဲ့ ဘောလုံးကို ဘယ်လိုမှ ထိနိုင်စရာ အကြောင်းမရှိပါဘူး။ မှန်ကန်တဲ့ နေရာလွတ်ကို ကွတ်တိပေးပို့လိုက်တဲ့ အရမ်းကောင်းတဲ့ ဘောလုံးပါပဲ။” လို့ ချီးကျူးခဲ့ပါတယ်။

အင်္ဂလန်ရဲ့ အပိတ်ဂိုးလည်း ဖြစ်တဲ့ ဆာကာရဲ့ သွင်းဂိုး အတွက် အလက်ဇန်ဒါးအာနိုး ဖန်တီးပေးခဲ့မှု အပြီးမှာ ဒိုင်ဇွန်ဟာ လီဗာပူး စတားရဲ့ ကနဦး body language အပေါ် ဝေဖန်ခဲ့မှု အပေါ် ဗလောင်းဗလဲ ထပ်ပြောခဲ့ရပြန်ပါတယ်။

ဒိုင်ဇွန်က “အလက်ဇန်းဒါးအာနိုးရဲ့ body language ကို အဲဒီမှာ ကြည့်လိုက်ပါ။ ပြုံးပျော်နေပါတယ်။ ဒါဟာ သူ အသင်းကို ယူဆောင်လာနိုင်တဲ့ အရာ ပါပဲ။ မှန်ကန်တဲ့ မြန်နှုန်း ၊ ကောင်းမွန်တဲ့ ဖြတ်တင်မှု နဲ့ အန္တရာယ် ရှိတဲ့ ဧရိယာထဲကို စူပါအရည်အသွေးနဲ့ ဘောလုံး အရောက်ပို့ပေးခဲ့ပါတယ်။ ဆာကာ အနေနဲ့ ဒါကို အသင့်စောင့်နေရုံ ပါပဲ။ ခံစစ်က ဖရိုဖရဲ ဖြစ်နေပေမယ့် ဘောလုံးပေးပို့မှု ကတော့ စူပါပါပဲ။” လို့ ဆိုခဲ့ပါတယ်။

အင်္ဂလန် နည်းပြ ဂါရက်ဆောက်ဂိတ်ကလည်း “ထရန့် အတွက် ဒီလို ပျော်ရွှင်စရာကောင်းတဲ့ အင်္ဂလန်ညတစ်ညကို ရရှိခဲ့တာဟာ အရေးကြီးပါတယ်။

သူဟာ ဂိုးဖန်တီးမှုတွေနဲ့ အတူ သူ့ရဲ့ အရည်အသွေးကို ပြသခဲ့ပါတယ်။ ဒီမှာ ဖြစ်ခဲ့တဲ့ အရာတွေကို ပြန်လည် တွေးတောခံစားကာ ကျွန်တော်တို့ အိမ်ပြန်တော့ပါမယ်။”

SM