အယ်ဘေးနီးယားလိုအသင်းကို ဂိုးသွင်းပြီး ဖိုက်တာကြီးလို အောင်ပွဲခံလို့ ဝေဖန်ခံလိုက်ရတဲ့ မက်ဂွဲယား

မန်ချက်စတာ ယူနိုက်တက် အသင်း ခေါင်းဆောင်ဟောင်း ရွိုင်ကင်း ဟာ မနေ့ညက ကစား သွားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲက အင်္ဂလန် နဲ့ မန်ယူနိုက်တက် ခံစစ်မှူး ဟယ်ရီ မက်ဂွဲယား ရဲ့ အောင်ပွဲခံမှု အပေါ် ရှက်စရာ ကောင်းတဲ့ လုပ်ရပ်လို့ ဝေဖန် ပြောဆို သွားခဲ့ ပါတယ် ။

ရွိုင်ကင်း နဲ့ အတူ ITV ကနေ တင်ဆက် ခဲ့တဲ့ အီယန်ရိုက် ကလည်း မက်ဂွဲယား ကို ဘောလုံးသာ အာရုံစိုက် ကစားဖို့ ပြောဆို ဝေဖန် သွားခဲ့ ပါတယ် ။

မက်ဂွဲယား ဟာ အင်္ဂလန် က အယ်ဘေးနီးယား ကို အနိုင်ရ တဲ့ ပွဲမှာ ပါဝင် ကစားပြီး ပွဲရဲ့ အဖွင့်ဂိုးကို သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ် ။

 

ဒီရာသီ မှာ ပုံစံကောင်း မပြသ နိုင်ဘဲ မန်ချက်စတာ ယူနိုက်တက် ပေးလိုက်ရတဲ့ ဂိုးတွေ ထဲမှာ သူ့ရဲ့ အမှားတွေ ၊ အားနည်းချက်တွေ ပါဝင်တယ်လို့ ဝေဖန် ပြောဆို ခံနေရတဲ့ ဟယ်ရီ မက်ဂွဲယား ဟာ မနေ့ညက ဝင်ဘာလေ ကွင်းထဲမှာတော့ အင်္ဂလန် ရဲ့ အဖွင့်ဂိုးကို ခေါင်းတိုက် သွင်းယူပေးခဲ့ ပါတယ် ။

အင်္ဂလန် ဟာ ဟယ်ရီကိန်း ရဲ့ ဟက်ထရစ် ၊ မက်ဒီဆင် တို့ရဲ့ ဂိုးတွေ ထပ်ရခဲ့ပြီး အယ်ဘေးနီးယား ကို ၅-၀ နဲ့ အနိုင် ရခဲ့ ပါတယ် ။

 

မက်ဂွဲယား ဟာ ဂိုးသွင်းယူ အပြီးမှာ ကွင်းဘေးကို ပြေးကာ နား ၂ ဘက် ကို လက်နဲ့ အုပ်ပြီး အောင်ပွဲခံ ခဲ့ပါတယ် ။ ဒါဟာ သူ့အပေါ် ဝေဖန်မှုတွေ မှားယွင်းနေကြောင်း ပြသတဲ့ အမူအရာလား ဆိုတာ ကိုတော့ မက်ဂွဲယား ကိုယ်တိုင်ပဲ အသိဆုံး ဖြစ်မှာပါ ။

ရွိုင်ကင်း ၊ အီယန်ရိုက် နဲ့ ယူနိုက်တက် ပရိသတ် အချို့ ကတော့ ဒီလုပ်ရပ် အပေါ် ဝေဖန် ခဲ့ကြပါတယ် ။

“သူက နားရွက်ကို အုပ်ပြီး လုပ်ပြ နေပါတယ် ၊ ငါ့ကို ဝေဖန်တာတွေ ရပ်လိုက်တော့ ဆိုတဲ့ ပုံစံမျိုးပါ ။ ဒါ တကယ် ရှက်ဖို့ ကောင်းပါတယ် ။

သူ ( မက်ဂွဲယား ) ဟာ ပြီးခဲ့တဲ့ လတွေ တုန်းက မန်ချက်စတာ ယူနိုက်တက် နဲ့ အတူ ကျက်သရေ မရှိတဲ့ ကစားသမား တယောက် ဖြစ်ခဲ့တာပါ ။ ဒါကို ဒီမှာ ဂိုးသွင်းလိုက်တာ နဲ့ ဝေဖန်သံတွေကို တိတ်စေချင် တာလား ၊ ရှက်စရာ ကောင်းပါတယ်” လို့ ရွိုင်ကင်း က ဝေဖန် ပြောဆို သွားခဲ့ ပါတယ် ။

အီယန်ရိုက် ကတော့ “ဒါမျိုး လုပ်စရာ မလိုပါဘူး ၊ လက်ရှိ အခြေအနေတွေ ၊ ကိုယ့်ရဲ့ အနေအထားတွေ ကို ပြန်တွေး ကြည့်လိုက်မယ် ဆိုရင် သူ့ အနေနဲ့ ဒါမျိုး လုပ်စရာ မလိုပါဘူး ။ ဘောလုံး ကိုသာ အာရုံစိုက် ကစားဖု့ိ လိုပါတယ်” လို့ ရွိုင်ကင်း ကို ထောက်ခံ ပြောဆို သွားခဲ့ ပါတယ် ။

 

ဟယ်ရီ မက်ဂွဲယား အပေါ် အမြင်မကြည်တဲ့ ယူနိုက်တက် ပရိသတ်တွေ ကလည်း ဆိုရှယ် မီဒီယာ ထက်မှာ အဆိုပါ အောင်ပွဲ ခံပုံကို ရေးသား ဝေဖန် ခဲ့ကြပါတယ် ။

“မက်ဂွဲယား က မန်ချက်စတာ ယူနိုက်တက် ဒီရာသီမှာ ပေးလိုက်ရတဲ့ ဂိုးပေါင်းများစွာမှာ သူ့တာဝန် မရှိခဲ့ သလိုမျိုး ေ-ာက်ရေးမပါတဲ့ ပုံစံနဲ့ လာပြီး အောင်ပွဲခံ ပြနေတယ်” လို့ ပရိသတ် တယောက်က ရေးသားခဲ့ ပါတယ် ။

အခြား တယောက် ကလည်း “မက်ဂွဲယား ကတော့ အယ်ဘေးနီးယား က အချိန်ပိုင်း ကစားသမားတွေ ကို ဂိုးသွင်းပြီး ဝေဖန်သံတွေ ကို တိတ်အောင် လုပ်နေပါပြီ” ဆိုပြီး ရေးသား ဝေဖန် သွားခဲ့ ကြပါတယ် ။

ဒီနိုင်ပွဲကြောင့် အင်္ဂလန် ဟာ အုပ်စုတွင်းမှာ ၂၃ မှတ်နဲ့ ပထမ နေရာကို ဆက်လက် ရယူထားခဲ့ ပါတယ် ။ အင်္ဂလန် ဟာ အုပ်စု နောက်ဆုံး ပွဲမှာ ဆမ်မာရီနို အသင်းနဲ့ ရင်ဆိုင် ရမှာ ဖြစ်ပြီး အနိမ့်ဆုံး သရေ ကစားနိုင်ရုံ နဲ့ ခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ် ။

အကယ်၍ ဒုတိယ နေရာက ပိုလန် တို့ ရှုံးနိမ့် သွားခဲ့မယ် ဆိုရင်တော့ အင်္ဂလန် တို့ ဆမ်မာရီနို ပွဲရလဒ် ကို စောင့်စရာ လိုတော့မှာ မဟုတ်ဘဲ ခြေစစ်ပွဲ အောင်မြင် သွားမှာ ဖြစ်ပါတယ် ။

SPORTS MYANMAR