အဖွင့်ပွဲ အနိုင်ရယူပြီး စိတ်တွေ အရမ်းလှုပ်ရှားနေခဲ့တယ်လို့ ဖွင့်ဟလိုက်တဲ့ #ဂျရတ်

အက်စ်တွန် ဗီလာ အသင်းရဲ့ နည်းပြသစ် ဂျရတ် က အိမ်ကွင်းမှာ ဘရိုတ်တန် ကို 2-0 ရလာဒ် နဲ့ အနိုင်ရရှိတာဟာ အသက်ရှူတွေလဲ ချောင်သွားသလို ၊ ဂုဏ်ယူချင်စရာ ကောင်းတဲ့ ရလာဒ်မျိုးလို့ ညွှန်းဆိုလိုက်ပြီး ၊ သူ့အတွက်တော့ အားဆေး တစ်ခုလိုပဲလို့ ဝန်ခံသွားခဲ့ ပါတယ်။

ဗီလာ ဟာ 5 ပွဲ ဆက်တိုက် ရှုံးပွဲ ကြုံတွေ့ခဲ့ပြီးနောက် နည်းပြ ဒင်းန် စမစ်ကို ထုတ်ပယ်ကာ ဂျရတ်ကို နည်းပြသစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲဟာ သူ့ရဲ့ နည်းပြသစ် ဘ၀ ပထမဆုံး ပွဲစဉ် ဖြစ်သလို ၊ သွင်းဂိုးတွေကိုလဲ မီးနစ် 80 ကျော်မှ ဆက်တိုက် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဖွင့်ဂိုး ကို အိုလီဝီကင် နဲ့ အပြင်းကန်ချက် နဲ့ ရယူခဲ့တာ ဖြစ်ပြီး ၊ ပွဲသိမ်းဂိုး ကိုတော့ ခံစစ်မှုး တိုင်ရိုနီ မင်းန် က 89 မီးနစ် မှာ ထပ်မံ သွင်းယူပေးခဲ့ ပါတယ်။

“ ခံစားချက်တွေ ရောထွေးနေတယ်ဗျာ။ စိတ်တွေလဲ အရမ်းလှုပ်ရှားမိသလို ၊ ထွက်ပေါက်တစ်ခု တွေ့လိုက်တယ်လို့ ခံစားမိသလို ၊ ဂုဏ်လဲ ယူပါတယ်။ ဘာလို့လဲ ဆိုတော့ ကစားသမားတွေထက် ကျနော်က ပိုပြီး ဂုဏ်ဆာမပြနိုင်ပါဘူး။

တချို့ ကစားသမားတွေ ဆိုရင် အသင်းနဲ့ အတူလေ့ကျင့်ချိန်က အများကြီး မရခဲ့ဘူးလေ။ အဲဒီတော့ အသင်းရဲ့ ကစားကွက် အတိုင်း ဖြစ်အောင် ကစားပေးဖို့ မှာကြားလိုက်ရုံပါ။ ဒါပေမယ့် သူတို့ အားလုံး အကောင်းဆုံး ကြိုးစားပြီး ကစားပြသွားပါတယ်။

အခုလို ပရိသတ်တွေ အပြည့်နဲ့ ဆူညံနေသံတွေကို ကျနော်က သဘောကျတဲ့သူပါ။ ဒါကြောင့်လဲ ကစားသမားဘ၀ ကုန်ဆုံးခဲ့သည့်တိုင်အောင် ၊ ကွင်းထဲမှာ ဆက်ရှိနေချင်တဲ့ အတွက် နည်းပြဘ၀ ကို ကူးပြောင်းခဲ့တာပေါ့။ ကျနော့် အတွက်တော့ ဒီလို အခိုက်အတန့်တွေက အားဆေး တစ်ခုလိုပါပဲ။

ယှဉ်ပြိုင်ရတာ သဘောကျတယ် ၊ အမြဲတမ်း အနိုင်ရချင်တယ် ၊ ကိုယ့် ကစားသမားတွေ ပျော်နေတာမျိုးကို မြင်ချင်မိသလို ၊ သူတို့ စိတ်ထဲမှာ ရလာဒ်နဲ့ ပတ်သက်ပြီး အမြဲတမ်း ကျေနပ်နေစေချင်တာပါ။ ဒီနေ့ပွဲ ဆိုရင် ကစားရတာ တော်တော်လေး ပြင်းထန်ပါတယ်။ ပြီးပြည့်စုံတဲ့ အနေအထားမျိုး မဟုတ်ရင်တောင် ၊ လက်ခံနိုင်လည်ပေးနိုင်တဲ့ အနေအထားပါ။

ဘာလု့ိလဲ ဆိုတော့ ကစားသမားတွေရော ၊ ပရိသတ်တွေ ကပဲ စိတ်တွေ လှုပ်ရှားနေကြတယ်လေ။ ဒီအခြေအနေမှာ အားလုံးက ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ထိန်းထားနိုင်ဖို့ ကြိုးစားကြပါတယ်။ ဘောလုံးကို ထိလိုက်ပြီ ဆိုရင်ကို ၊ အဲဒီ ကစားသမားက ကိုယ့်လူ ဖြစ်စေချင်နေကြတာပါ။

ကျနော် ကလဲ ကွင်းဘေးကနေ အနီးကပ် ကြီးကြပ်နေချင်တာပါ။ ကစားသမားတွေက ကိုယ့်အကြောင်းကို နားလည်ပြီး ၊ ကိုယ်ဖြစ်ချင်နေတာမျိုးကို သဘောပေါက်တဲ့ ပုံစံပေါ့။ ကျနော့် ဘက်ကလဲ သူတို့ကို လမ်းညွှန်မယ် ၊ ကူညီမယ် ၊ ပြီရင် အစီစဉ် ရေးဆွဲထားတဲ့ အတိုင်း အကောင်ထည်ဖော်ဖို့ ကြိုးစားကြပေါ့။

ဂျရတ် ရဲ့ အတွင်းစိတ်ကို ကစားသမားတွေက နားလည်သလို ၊ ကစားသမားတွေ ရဲ့ ခံစားချက်ကိုလဲ ကျနော်က နားလည်နေတာမျိုး ဖြစ်ချင်တာပါ။ ဒီလို စိတ်ဓါတ်တွေ နဲ့ ဆက်နွှယ်ထားမှ အနိုင်ရမှာ ဖြစ်ပါတယ်။ ဒါမှလဲ ခွန်အားတွေက မွေးဖွားလာတာပါ” လို့ ပွဲ အပြီးမှာ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ဒါ့အပြင် နည်းပြကြီး က ဦးဆောင်ဂိုး ရအောင် စတင် ဖန်တီးပေးလိုက်တဲ့ ဝါရင့် ကစားသမားကြီး အက်ရှ်လေယန်း နဲ့ ပတ်သတ်ပြီးတော့လဲ –

“ ကျနော် က သူ့အကြောင်းကို ကောင်းကောင်းသိထားပြီးသားပါ။ ကျနော် ဗီလာ ကို ရောက်လာတဲ့ အချိန်မှာလဲ နွေးထွေးမှု အပြည့်နဲ့ ကြိုဆိုခဲ့ပါတယ်။ သူ့ရဲ့ ခေါင်းဆောင်မှု စွမ်းရည် နဲ့ စံနှုန်း သတ်မှတ်ချက်တွေက အရမ်းကို မြင့်ပါတယ်။ ကျနော် ကတော့ ဒီလို ကစားသမား တစ်ယောက်ကို တန်ဖိုးထားပါတယ်။

သူဟာ နည်းပြအဖွဲ့ဝင်တွေ အတွက် နောက်ထပ် အားကိုးရမယ့် ဝါရင့် စံပြ ကစားသမားကြီးပါ။ ဒီပွဲ ဆိုရင် လူစားလဲ ဝင်ရောက်လာပေမယ့် အကောင်းဆုံး ကစားပြသွားခဲ့သလို ၊ နေရာတော်တော်များများကိုလဲ ပြောင်းလဲ ကစားနိုင်ပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

SPORTS MYANMAR