အပြောင်းအရွှေ့သတင်းတွေ ထွက်နေတဲ့ ကွင်းလယ်လူ ကို ရာသီကုန်အထိ အသင်းမှာ ဆက်ထားသွားမယ့် အာတီတာ

အာဆင်နယ် အသင်း ကွင်းလယ်လူ အယ်နီနီ ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာတော့မယ့် သတင်းပြေးနေသူပါ ။ ဒါပေမယ့် နည်းပြ အာတီတာ ဟာ ရာသီကုန်အထိ အယ်နီနီ ကို အသင်းမှာ ဆက်ထားသွားဖို့ ဆန္ဒ ရှိနေတယ်လို့ ကစားသမားရဲ့ ဖခင်က ထုတ်ဖော် ပြောကြား လာပါတယ် ။

အယ်နီနီ ဟာ ဒီရာသီ အာဆင်နယ် အသင်းမှာ ပွဲကစားခွင့် ရဖို့ အတော်လေး ရုန်းကန် နေရသူ ဖြစ်ပြီး ပရီးမီးယားလိဂ်မှာ စုစုပေါင်း ၅၄ မိနစ်သာ ကစားခွင့် ရထားပါတယ် ။ သူ နောက်ဆုံး ကစားခဲ့ရတဲ့ ပွဲဟာ လီဗာပူး နဲ့ ပွဲ ဖြစ်ပြီး ပွဲချိန် ၈၄ မိနစ်မှာ ပါတေး နေရာ လူစားဝင် ကစားခွင့် ရခဲ့တာ ဖြစ်ပါတယ် ။

အီဂျစ် လက်ရွေးစင် အယ်နီနီ ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ တူရကီ ကလပ် ဂါလာတာစာရေး အသင်းထံ ပြောင်းရွှေ့ဖို့ ကြိုးစား ခဲ့ပေမယ့် အာဆင်နယ် အသင်းဘက်က ငြင်းဆန် ပယ်ချ ခဲ့ပါတယ် ။ ဂါလာတာစာရေး ဟာ အယ်နီနီ ရဲ့ ပြောင်းရွှေ့ကြေး ကို ငါးနှစ်ကျော် အရစ်ပေးချေဖို့ ကမ်းလှမ်း ခဲ့တာကြောင့်ပါ ။

အယ်နီနီ ဟာ ရာသီကုန်မှာ အာဆင်နယ် အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ် ။ အာဆင်နယ် အသင်း အနေနဲ့ အယ်နီနီကို ဇန်နဝါရီမှာ ရောင်းချ နိုင်ခြင်း မရှိပါက လာမယ့် နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေး နဲ့ လက်လွှတ်ရမှာ ဖြစ်ပါတယ် ။

အယ်နီနီ ရဲ့ အေးဂျင့် William D’Avila ကတော့ သူ့ရဲ့ ကစားသမားဟာ အာဆင်နယ် အသင်းကနေ ထွက်ခွာဖို့ ဆန္ဒ ရှိနေပြီး တူရကီ ကလပ် ဂါလာတာစာရေး အသင်းဟာ ဦးစားပေး အသင်း ဖြစ်တယ်လို့ အတည်ပြု ပြောကြား ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ် ။

 

The Sun ကတော့ အယ်နီနီ ဟာ လာမယ့် ဇန်နဝါရီမှာ အာဆင်နယ် အသင်း နဲ့ စာချုပ် ဖျက်သိမ်းပြီး အလွတ် ပြောင်းရွှေ့ကြေး နဲ့ ထွက်ခွာတော့မှာ ဖြစ်ကာ အိုဇေးလ် က သူ့အသင်း ဖီနာဘာချီ မှာ လာရောက် ကစားဖို့ စည်းရုံး နေတယ်လို့ ရေးသား ဖော်ပြ ခဲ့ပါတယ် ။

အယ်နီနီ ရဲ့ ဖခင်ကတော့ အဆိုပါ သတင်းတွေအားလုံးဟာ ကောလဟလတွေသာ ဖြစ်ကြောင်း ငြင်းဆန် ပယ်ချ ခဲ့ပြီး အာဆင်နယ် နည်းပြ အာတီတာဟာ အယ်နီနီ ကို ရာသီကုန်ထိ အသင်းမှာ ဆက်ရှိစေချင်နေကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။

အယ်နီနီ ရဲ့ ဖခင် က Shams TV နဲ့ အင်တာဗျူးမှာ ” အာတီတာ က အယ်နီနီ ကို အသင်းမှာ ဆက်နေစေချင်ပါတယ် ၊ ရှေ့လျှောက်ကာလမှာ အာတီတာ က သူ့ကို လိုအပ် နေပါသေးတယ် ၊ ဒါကြောင့် သူ ရာသီကုန်အထိ အာဆင်နယ်မှာပဲ ဆက်ရှိ သွားဦးမှာပါ ၊ ကျွန်တော်ကတော့ သူ့ကို Al Ahly အသင်းမှာ ကစားသမား ဘဝ ကုန်ဆုံးစေချင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့တာ ဖြစ်ပါတယ် ။

SM