အန်ဖီးလ် မှာ အသင်းဟောင်း နဲ့ ရင်ဆိုင် ကစားရတော့မယ့် အပေါ် မှတ်ချက်ပေးလိုက်တဲ့ ဂျရတ်

လီဗာပူး အသင်းခေါင်းဆောင်ဟောင်း ဂျရတ် ဟာ နယူးကာဆယ် နည်းပြရာထူး အတွက် ရေပန်းစားချိန်က ၊ သူဟာ ရိန်းဂျားမှာပဲ ပျော်နေတယ်လို့ ထုတ်ဖော် ပြောဆိုခဲ့သည့်တိုင်အောင် ၊ ဗီလာ က ကမ်းလှမ်းလာချိန်မှာတော့ တောင့်ခံနိုင်ခြင်း မရှိပဲ အရမ်းကို ဆွဲဆောင်မှု ရှိလွန်းတဲ့ ရာထူးမျိုးလို့တောင် မှတ်ချက် ပေးလိုက်ပါတယ်။

“ ဗီလာ က သူ့ရဲ့ ပုံရိပ် နဲ့သူ ရပ်တည်တဲ့ သမိုင်းဝင် ကလပ်အသင်းပါ။ ဒီအကြောင်းကို ကျနော် ကောင်းကောင်း သိထားခဲ့ပါတယ်။ အခုတော့ ကိုယ်တိုင် ထဲထဲဝင်ဝင် လုပ်ကိုင်ရင်း တည်ဆောက်ရတော့မှာမို့ အရမ်းကို စိတ်တွေ လှုပ်ရှားနေပါပြီ။

ကျနော် က စိန်ခေါ်မှုတွေ ကို သဘောကျသလို ၊ စွန့်စားမှုတွေ လုပ်ရတာလဲ ကြိုက်ပါတယ်။ ဒါကြောင့်မို့ ရှေ့ဆက်ပြီး ရင်ဆိုင်လာရမယ့် အကြောင်းအရာတွေကို မျှော်တွေးထားပြီးပါပြီ။ ဒီကလပ် က ကျနော်နဲ့ ကိုက်ညီတယ်ဗျ ဘာလို့လဲ ဆိုတော့ ပရိသတ်တွေဟာ အရမ်းကို နိုင်လိုစိတ် ပြင်းပြကြသလို ၊ ရလာဒ်ကောင်းတွေ ဆက်တိုက် ယူပြဖို့လဲ ဖိအားတွေ အမြဲတမ်း ပေးနေကြတာလေ။ ကျနော် အသက် 17 နှစ် ကတည်းက အဲဒီလို ပတ်ဝန်းကျင်မျိုးမှာ ရှင်သန် နေထိုင်လာခဲ့တာ ဖြစ်ပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ဂျရတ် ဟာ 2018 ခုနှစ် မှာ လီဗာပူး လူငယ် နည်းပြ ဘဝကနေ ရိန်းဂျား နည်းပြ ဖြစ်လာခဲ့ပြီး ၊ 9 ရာသီ ဆက်တိုက် ပြည်တွင်းဖလားတွေ ရယူသိမ်းပိုက်နေတဲ့ ဆဲလ်တစ် အသင်းရဲ့ အောင်မြင်မှုတွေကို တွန်းလှန်ကာ စကော့တလန် အမှတ်ပေးချန်ပီယံ ဆုကို ရှုံးပွဲ မရှိ စံချိန်မှတ်တမ်း နဲ့ ပြန်လည် သိမ်းပိုက်ပြခဲ့ပါတယ်။

အဲဒီလို စွမ်းဆောင်ရည်တွေကြောင့် အင်္ဂလန် ဘောလုံးကလပ် တော်တော်များများ က အခါအားလျော်စွာ ချဉ်းကပ်မှုတွေ ရှိလာခဲ့သည့်တိုင်အောင် ရိန်းဂျားမှာပဲ ဆက်ရှိခဲ့တာပါ။ သို့သော် အက်စတွန် ဗီလာ က တရားဝင် ဆက်သွယ်လာချိန်မှာတော့ သူ့မှာ ငြင်းဆန်နိုင်အား မရှိတော့တဲ့ အကြောင်းကိုလဲ အခုလို ရှင်းပြသွားခဲ့ ပါတယ်။

“ ဗီလာ က ကျနော့်ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အကြောင်း သိခဲ့ရတာ ဗုဒ္ဓဟူးနေ့မှာပါ။ ကျနော့် အေးဂျင့် ဖြစ်သူက ဖုန်းခေါ်ပြီး လှမ်း အသိပေးခဲ့ပါတယ်။ အဲဒီ ကတည်းက ဒီကိစ္စကို အလျှင်အမြန် ဖြစ်လာဖို့အတွက် ဆန္ဒတွေ စောနေမိခဲ့ပါတယ် ဘာလို့လဲ ဆိုတော့ အက်စ်တွန် ဗီလာ နည်းပြရာထူးက အရမ်းကို ကြီးမားလွန်းတယ်လေ။

တကယ်လဲ မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်ခဲ့တာမို့ အက်စ်တွန် ဗီလာ ရဲ့ လုပ်ကိုင်ပုံကို ချီးကျူးရမှာပါ။ သူတို့ဟာ ကျနော် တစ်ယောက်ထဲကို ခေါ်ယူခဲ့တာ မဟုတ်ပဲ ကျနော့် ရဲ့ နည်းပြ အဖွဲ့ဝင်တွေ အားလုံးကိုပါ ခေါ်ယူပေးခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရိန်းဂျား အသင်းရဲ့ ပရော်ဖက်ရှင်နယ် ဆန်ဆန် ထိတွေ့ဆက်ဆံပေးခဲ့တဲ့ အပိုင်းကိုလဲ လေးစားမိပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ဂျရတ် ဟာ အက်စ်တွန် ဗီလာ နဲ့ 3 နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့ပြီး ၊ ဒီတပတ်မှာ ဘရိုတ်တန် အသင်းကို အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ လ 11 ရက်နေ့ ရောက်ရင်တော့ တချိန်က သူ ကျင်လည်ခဲ့တဲ့ လီဗာပူး ရဲ့ အိမ်ကွင်း အန်ဖီးလ်ကို သွားရောက် ယှဉ်ပြိုင် ကစားရမှာပါ။

အဲဒီ အနေအထားနဲ့ ပတ်သက်လို့ ဂျရတ် ကိုယ်တိုင်က သူ့ခံစားချက်တွေကို အခုလို ဖွင့်ဟ သွားခဲ့ ပါတယ်။

“ ကျနော့် မဟုတ်ပါဘူး ၊ တခြားလူ တစ်ယောက်လဲ အန်ဖီးလ် က ဆူညံသံတွေကို ထိန်းချုပ်ပြနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော့် အတွက် အဲဒီ အကြောင်းက အရေးမကြီးပါဘူး။

အရေးကြီးတာ က အန်ဖီးလ် ကို ပြန်သွားခွင့်ရတာရယ် နဲ့ အဲဒီမှာ နိုင်ပွဲအောင် ကြိုးစားခွင့် ရှိလာမယ့် အချက်ပါ။ ကျနော်တို့က အဲဒီလို ခံယူချက်မျိုးနဲ့ပဲ ပွဲတိုင်းကို ချဉ်းကပ် ကစားသွားမှာ ဖြစ်ပါတယ်။

ကျနော် က ကိုယ်တိုင်တွယ်တဲ့ ပွဲတိုင်းကို အနိုင်ရချင်တဲ့သူပါ။ ဒါကြောင့် အခု ကျနော့် ရဲ့ အာရုံစူးစိုက်မှုတွေ ၊ နေ့စဉ် လုပ်ငန်းဆောင်တာတွေ အားလုံး က ဗီလာ အတွက်ပါပဲ။

ဗီလာ ပရိသတ်တွေ ၊ ကစားသမားတွေ နဲ့ ဝန်ထမ်းတွေ အားလုံးကို ကျနော် အာမခံနိုင်တာ တစ်ခုက ကျနော်ဟာ တစ်ခုခုကို တာဝန်ယူလုပ်ကိုင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ တပြိုင်နက် ၊ ရှိသမျှ ခွန်အားတွေ အကုန်လုံး ပေးဆပ်ပြီး လုပ်တတ်တယ် ဆိုတာပါ” လို့ ဖွင့်ဟ သွားခဲ့ ပါတယ်။

SM