အန်ဖီးလ် မှာ တောက်ပလာဦးမယ့် နောက်ထပ် ကြယ်လေးတစ်ပွင့်

လူငယ် ကစားသမားတွေ ကို ပြုစု ပျိုးထောင်ပေးရာမှာ နာမည်ကြီး တဲ့ ယာဂန် ကလော့ပ်ဟာ လွန်ခဲ့တဲ့ 5 ရက် အတွင်း လူငယ် ချာတိတ် တစ်ယောက် ကို အဓိက ပြိုင်ပွဲကြီး နှစ်ခုမှာ ပထမဆုံး အကြိမ် ဆက်တိုက် အသုံးပြုသွားခဲ့ ပါတယ်။

အဲဒီ ချာတိတ်လေး ရဲ့ နာမည်က တိုင်လာ မော်တွန် ဖြစ်ပြီး ၊ လီဗာပူး အကယ်ဒမီ ကနေ ထွက်ပေါ်လာခဲ့သူပါ။

စီနီယာ အသင်းကြီး ပထမဆုံး ကစားခွင့်ကို နော့ဝှစ်ချ် နဲ့ ကစားခဲ့တဲ့ ကာရာဘောင် ဖလားပွဲစဉ် မှာ စတင်ရရှိခဲ့ပြီး ၊ သူ့ရဲ့ တည်ငြိမ်လှတဲ့ ခြေစွမ်းတွေကြောင့် ပရိသတ်တွေက တန်းပြီး သတိထားမိခဲ့ကြပါတယ်။ ကွင်းလယ် ခံစစ် ကစားသမားတွေ ဆိုတာ အမေ့ခံ သူရဲကောင်းတွေ ဖြစ်ပြီး ၊ ကွင်းထဲက ကစားကွက် အတိုင်း လိုအပ်သလို ဖြည့်ဆည်း ကစားပေးရသူတွေ ဖြစ်လို့ သူတို့ရဲ့ စွမ်းဆောင်ရည်က ထင်ပေါ်သင့်သလောက် ပေါ်လွင်ခြင်း မရှိပါဘူး။

သို့သော် တိုင်လာ မော်တွန် ကတော့ ပထမဆုံး ပါဝင် ကစားပေးခဲ့တဲ့ ပွဲမှာ ကတည်းက ပရိသတ်တွေ သတိထားမိအောင် ကစားပြနိုင်ခဲ့တဲ့အပြင် ၊ သူ့ရဲ့ အလားအလာကောင်းတွေကိုလဲ မြင်သာစေခဲ့ပါတယ်။

လက်ရှိ အသင်းရဲ့ ဒဏ်ရာပြသနာတွေ က တိုင်လာ လို ကစားသမား တစ်ယောက် အတွက် ကိုယ့်ရဲ့ အရည်အသွေးတွေ ပြသခွင့်ရဖို့ အကြောင်းဖန်လာပါတယ်။ လီဗာပူး ဟာ ကွင်းလယ် ဒဏ်ရာပြသနာတွေ နဲ့ ဆက်တိုက် ရုန်းကန်ခဲ့ရပြီး နောက်ပိုင်း ဒီရာသီ ပထမဆုံး ရှုံးပွဲ ကြုံတွေ့ခဲ့ရသလို ၊ အိမ်ကွင်း အန်ဖီးလ်လို နေရာမျိုးမှာ ဘရိုတ်တန် ကို ဦးဆောင်ဂိုးတွေ ဆက်တိုက် သွင်းပြပြီးမှ ချေပဂိုးတွေ ပြန်လည်ပေးလိုက်ရကာ မလိုလားအပ်တဲ့ အမှတ်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

ဒါကြောင့် ကလော့ပ်ဟာ အကယ်ဒမီ မှာ ရှိတဲ့ လူငယ် အများစု ကို အသင်းကြီး နဲ့ နီးနီးကပ်ကပ် လေ့ကျင့်စေပြီး ၊ အလျင်းသင့်သလို အသုံးပြုဖို့ ပြင်ဆင်လာခဲ့ပါတယ်။

အာဆင်နယ် နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဆိုရင် အရံစာရင်းမှာ လူငယ်ချာတိတ်တွေ အများကြီးကို ခေါ်ယူလာခဲ့သလို ၊ ကွင်းလယ် ထိန်းချုပ် ကစားဖို့ လိုအပ်နေတဲ့ အတွက် တိုင်လာ မော်တွန် ကို စတင် ထည့်သွင်း ကစားခဲ့ပါတယ်။

ဒီပွဲဟာ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ကစားခွင့်ရတဲ့ ပွဲဖြစ်သလို ၊ အိမ်ရှင် ပရိသတ်တွေ ရဲ့ ရှေ့မှောက်မှာ ကစားခဲ့ရတာ ဖြစ်လို့ အရမ်းကို စိတ်တွေ လှုပ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ် 3 ရက် အကြာမှာတော့ မော်တွန် ဟာ ပေါ်တို နဲ့ ရင်ဆိုင် ကစားရမယ့် ချန်ပီယံလိဂ် ပွဲစဉ်မှာ ပွဲထွက် ကစားသမား စာရင်းကနေတောင် ပါဝင်ခွင့်ရခဲ့ပါတယ်။

သူဟာ 19 နှစ် ၊ 24 ရက် နဲ့ ချန်ပီယံလိဂ် ပွဲထွက် ကစားခွင့် ရရှိခဲ့လို့ ၊ အာနိုး (18 နှစ် ၊ 354 ရက်) ပြီးရင် ကလပ် သမိုင်းကြောင်း တစ်လျှောက် ဒုတိယမြောက် အသက်အငယ်ဆုံး ပွဲထွက် ကစားခွင့် ရရှိတဲ့ သူအဖြစ် မှတ်တမ်းဝင်သွားခဲ့ ပါတယ်။

အာဆင်နယ် နဲ့ ပွဲမှာ အချိန်တိုအတွင်း ကစားခဲ့ရလို့ သူ့ရဲ့ စွမ်းဆောင်ရည်က ထင်ရှား ပေါ်လွင်ခဲ့ခြင်း မရှိပေမယ့် ၊ ပေါ်တို နဲ့ ပွဲမှာတော့ ဘယ်လို အရည်အသွေးမျိုးတွေ ပိုင်ဆိုင်ထားလဲ ဆိုတာ တစ်ကွက်ခြင်း ပြသသွားခဲ့ ပါတယ်။

Defensive Role ကို အပြည့်အ၀ တာဝန်ယူထားချိန်မှာ နေရာယူ ပုံ နဲ့ ဘောလုံး ရှင်းထုတ်ပုံတွေက အစ ကောင်းလွန်းသလို ၊ နည်းစနစ်ပိုင်း ဆိုင်ရာ ကြွယ်ဝတဲ့သူ တစ်ယောက် ဖြစ်ကြောင်းကိုလဲ သူ့ရဲ့ ဘောလုံး လက်ခံပေးပို့ ပုံတွေ က ညွှန်ပြလျှက် ရှိနေပါတယ်။

အထူးသဖြင့် ပေါ်တို ဟာ အနိုင်ရလာဒ်ကို ဦးတည် ကစားလာတာ ဖြစ်လို့ တိုက်စစ်ကို အလျှင်အမြန် အကောင်ထည်ဖော်ရင်း ၊ အင်တိုက် အားတိုက် ကစားချိန်မှာ တိုင်လာ မော်တွန် ကတော့ လုံး၀ ကြောင်နေခြင်း မရှိပဲ ၊ တီယာဂို ၊ ချန်ဘာလိန် တို့နဲ့အတူ အတွဲညီညီ ကစားပြသွားခဲ့ပါတယ်။

ဒါ့အပြင် ဗဟို ခံစစ်မှုးတွေ ဖြစ်တဲ့ မာတစ် ၊ ကိုနာတေး တို့ နဲ့ တွဲဖက် ကစားပုံ ကောင်းမွန်သလို ၊ ဘောလုံး လက်ခံရယူပေးဖို့ Opening ဖွင့် ပေးတဲ့ အပိုင်းတွေမှာလဲ လိုအပ်ချက် လုံး၀ မရှိခဲ့ပါပြီ။ တီယာဂို က ဆိုရင် တိုင်လာ ဟာ လီဗာပူး ရဲ့ အနာဂတ် မှာ တောက်ပလာဦးမယ့် လူငယ် ကစားသမား တစ်ယောက်လို့တောင် ထောက်ခံချက် ပေးသွားခဲ့ ပါတယ်။

နည်းပြကြီး ယာဂန် ကလော့ပ် ကတော့ “ ချန်ပီယံ လိဂ် ကစားသမား စာရင်းမှာ ပါဝင်ခွင့် ရနေပြီ ဆို ကတည်းက ၊ အဲဒီ ကစားသမား ရဲ့ စွမ်းဆောင်ရည်ဟာ အသင်း လိုအပ်ချက်နဲ့ ကိုက်ညီနေလို့ ဆိုတာ သတ်မှတ်ထားလို့ ရပါပြီ။

ကျနော့် ဟာ နည်းပြလောကထဲမှာ ကျင်လည်လာတာ ကြာပြီ ဖြစ်လို့ ၊ ကစားသမား တစ်ယောက်ကို အဆင်သင့် မဖြစ်သေးပဲနဲ့ လုံး၀ အသုံးပြုမှာ မဟုတ်ပါဘူး။

နီကိုး ဆိုရင် ဒီအဆင့်မျိုး ကစားပေးနိုင်ပြီ ဆိုတာ ကျနော်တို့ သိနေတယ်လေ။ တိုင်လာ ရဲ့ စွမ်းဆောင်ရည်ကို မြင်ပြီး တကမ္ဘာလုံးက အံ့အားသင့်သွားနိုင်ပါတယ် ဒါပေမယ့် ခြေစွမ်းကလဲ တကယ်ကို ကောင်းခဲ့တာပါ။

သူဟာ အသင်းနဲ့ လုံး၀ အသားကျသွားပါပြီ။ အခုလို စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့တဲ့ အတွက်လဲ ကျနော် က ကျေနပ်ပါတယ်” လို့ ချီးကျူး သွားခဲ့ ပါတယ်။

SPORTS  MYANMAR