အန်ဖီးလ် ပရိသတ်တွေ ရှေ့မှာ ဂိုးသွင်းရတာ ပိုပြီး ထူးခြားတယ်လို့ ဆိုလိုက်တဲ့ တီယာဂို

ဒဏ်ရာ ပြသနာတွေ သာ နှိပ်စက်ခဲ့ခြင်း မရှိဘူး ဆိုရင် တီယာဂို ရဲ့ လီဗာပူး ကစားသမားဘ၀ က အခုထက် ပိုပြီး ခမ်းနားခဲ့မှာ သေချာပါတယ်။

အသင်းကို စတင်ရောက်ရှိလာချိန်မှာပဲ ကိုဗစ် ကူးစက်ခံခဲ့ရသလို ၊ အဲဒီနောက် ပိုင်းမှာလဲ ဒူးဒဏ်ရာတွေ ၊ ခြေသလုံး ဒဏ်ရာ ပြသနာတွေကြောင့် လနဲ့ချီပြီး ဆက်တိုက် အနားယူခဲ့ရပါတယ်။ သို့သော် သူဟာ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလို့ ကစားပေးနိုင်ပြီ ဆိုတာ နဲ့ ပရိသတ်တွေ အားကိုးချင်လောက်တဲ့ စွမ်းဆောင်ရည်မျိုးတွေ အမြဲတမ်း ပြသနိုင်ခဲ့ ပါတယ်။

မနေ့ညက ပေါ်တို နဲ့ ကစားခဲ့တဲ့ ပွဲမှာ ဆိုရင် ချန်ဘာလိန် ၊ တိုင်လာ မော်တွန် တို့နဲ့ တွဲဖက်ကာ ကွင်းလယ် ကို ပူးတွဲ တာဝန်ယူခဲ့ရသည့်တိုင်အောင် ၊ သူ့ရဲ့ ဘောလုံး ပေးပို့မှုတွေ နဲ့ ဖြန့်ဝေမှုတွေ က တိကျလွန်းလို့ တိုက်စစ် လမ်းကြောင်း ပုံဖော်မှုတွေ အတွက် အဓိက ကျလွန်းခဲ့ ပါတယ်။

လီဗာပူး အတွက် အဖွင့်ဂိုး ကိုလဲ သူ့ရဲ့ အဝေးကန်ချက် နဲ့ ရယူပေးသွားခဲ့ တာပါ။ ဒီဂိုးဟာ သူ့ရဲ့ လီဗာပူး ကစားသမားဘ၀ ဒုတိယ မြောက် သွင်းဂိုး ဖြစ်သလို ၊ ပထမဆုံး ချန်ပီယံ လိဂ် သွင်းဂိုးလဲ ဖြစ်ပြီး အိမ်ရှင် အန်ဖီးလ် ပရိသတ်တွေ ရဲ့ ရှေ့မှောက်မှာ ဂိုးသွင်းနိုင်ခဲ့တာ နဲ့ ပတ်သက်လို့ အခုလို ရင်ဖွင့် သွားခဲ့ ပါတယ်။

“ အရမ်းကို ပျော်တယ်ဗျာ။ ဒီည ခြေစွမ်းမျိုး နဲ့ ကစားပြနိုင်တဲ့ အတွက် တကယ်လဲ ကျေနပ်မိပါတယ်။

နောက်ဆုံးမှာတော့ ကျနော်တို့ ပြောနေကြတဲ့ အန်ဖီးလ်က ဥရောပ ညချမ်းတွေဟာ တကယ်ကို ခမ်းနား လှပခဲ့ပါပြီ။ ဒီလိုပွဲမျိုးတွေ ထိပ်တန်း အသင်းကြီးတွေ အချင်းချင်း ယှဉ်ပြိုင် ကစားကြတာ ဖြစ်လို့ ၊ အသေးအဖွဲလေး ကြောင့်ပဲ အပြောင်းအလဲတွေ ဖြစ်ရတာပါ။

ဒီပွဲအကြောင်းတော့ အသေးစိတ် ပြောစရာတွေ က အများကြီး ပါပဲ ၊ 2-0 နဲ့ အသာစီး ရတယ် ဆိုပေမယ့် ၊ မီးနစ် 60 နောက်ပိုင်းရောက်မှ ကျနော်တို့ ကစားပုံက ပိုပြီး ထိရောက်ခဲ့တာ ဖြစ်ပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

တီယာဂို ဟာ ဒီပွဲမှာ ခြေစွမ်းပြလွန်းလို့ UEFA က ပေးအပ်တဲ့ ပွဲစဉ်အလိုက် အကောင်းဆုံး ကစားသမား ဆုရော ၊ ကလပ် က ပေးအပ်တဲ့ အကောင်းဆုံး ကစားသမားဆု ကိုပါ ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

ပုံမှန် အားဖြင့် ဆိုရင် ကွင်းလယ် ခံစစ်အပိုင်း အတွက် သူနဲ့ ဖာဘင်ဟို တို့က တွဲဖက် တာဝန်ယူ ကစားလေ့ရှိသော်လဲ ၊ ဒီပွဲမှာတော ချန်ပီယံလိဂ် ပထမဆုံး ကစားခွင့်ရတဲ့ လူငယ် ချာတိတ်လေး တိုင်လာ မော်တွန် နဲ့ ပူးတွဲ တာဝန်ယူခဲ့ရပါတယ်။

မော်တွန် ဟာ အရွယ် နဲ့ မလိုက်အောင် စွမ်းဆောင်ပြခဲ့ပြီး ၊ စီနီယာ အသင်းသားတွေ နဲ့ အတူ ဟန်ချက်ညီညီ လိုက်ပါ ကစားရင်း ခံစစ် တာဝန်တွေကို ကျေကျေပွန်ပွန် ထမ်းဆောင်ပြခဲ့ပါတယ်။

ဒါကြောင့်လဲ တီယာဂို ကိုယ်တိုင်က “ သူ့မှာ ပင်ကိုယ် ပါရမီတွေ ရှိပြီးသား ဆိုတာ အားလုံးက သိထားပြီးသား ဖြစ်မှာပါ။ ဒါကြောင့်လဲ ဒီအရွယ် နဲ့ ထူးထူးခြားခြား စွမ်းဆောင်ပြတာပေါ့။

သူဟာ ဒီအခြေအနေတွေ ရောက်လာဖို့ အချိန်တွေ အကြာကြီး ကြိုးစားခဲ့ရတယ် ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကစားသမား ဘ၀ ဖြတ်သန်းမှုတွေဟာ ပင်ကိုယ်ပါရမီ နဲ့ ဘောလုံး အတွေးအခေါ် ကောင်းမွန်မှုတွေကြောင့် အများကြီး လွယ်ကူသွားပါလိမ့်မယ်။

ကွင်းထဲက ကစားပုံမှ မဟုတ်ပါဘူး ။ သူ့အကြောင်းကို အနီးကပ် ဆွဲကြည့်လိုက်ရင်ပဲ သူဟာ လီဗာပူး လို နေရာမျိုးမှာ တောက်ပမယ့် အနာဂတ်တွေ ပိုင်ဆိုင်သွားမှာပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

SPORTS MYANMAR