အန်ဖီးလ် က ပရိသတ် အင်အားကို သတိထားရမယ်လို့ ဆိုလိုက်တဲ့ လူးဝစ် ဆွာရက်

 

မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားမယ့် အေတီကို ကစားသမားတွေ ထဲမှာ အန်ဖီးလ် ကွင်းထဲက လီဗာပူး ပရိသတ်တွေ ရဲ့ အကြောင်းကို လူးဝစ် ဆွာရက်ထက် ပိုပြီး သဘောပေါက်ထားမယ့်သူ ရှိမှာ မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ နှစ်နှစ်က အေတီကိုဟာ အန်ဖီးလ်ကွင်းထဲမှာ လီဗာပူး ကို အနိုင်ယူပြီး ချန်ပီယံလိဂ် နောက်တဆင့် တက်ရောက်ခဲ့ဖူးသည့်တိုင်အောင် ၊ ဒီတစ်ကြိမ်မှာလဲ ယာဂန် ကလော့ပ် ရဲ့ နောက်ကနေ အပြည့်အ၀ ဝန်းရံကြမယ့် ပရိသတ်တွေဟာ 12 မြောက် ကစားသမားတွေ ဖြစ်လာလိမ့်မယ်လို့ ဆွာရက် က သတိပေးလိုက်ပါတယ်။

“ အသင်းတိုင်းမှာ အားနည်းချက် နဲ့ အားသာချက်တွေ ဆိုတာ ရှိတာပါပဲ။ လီဗာပူး ဟာ သူတို့ခြေထဲကို ဘောလုံးရောက်သွားပြီ ဆိုတာ နဲ့ တန်ပြန်တိုက်စစ်ကို ဘယ်လောက်ထိ ကောင်းအောင် ပုံဖော် ကစားနိုင်တယ် ဆိုတာ ကျနော်တို့ ကောင်းကောင်း သိပါတယ်။

တချိန်တည်းမှာပဲ ကျနော်တို့ မြင်ထားတဲ့ သူ့တို့ ရဲ့ အားနည်းချက်တွေကို အခွင့်ရေးယူနိုင်ဖို့ ကြိုးစားသွားရမှာပါ။ ဒါပေမယ့် စိတ်ရှည်ရှည်ထားပြီး ကစားဖို့တော့ လိုမယ်ထင်ပါတယ် ဘာလို့လဲ ဆိုတော့ သူတို့မှာ အိမ်ကွင်း အားသာချက် ရှိသလို ၊ ဘေးကနေ အပြည့်အ၀ ဝန်းရံကြမယ့် အန်ဖီးလ် ပရိသတ်တွေကိုလဲ မေ့ထားလို့ မရပါဘူး။

သူတို့ အိမ်ရှင် ပရိသတ်တွေကြောင့် ကျနော်တို့ အတွက် ကစားရတာ ခက်ခဲမှုတွေ ရှိလာမှာပါ” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

လက်ရှိ အမှတ်ပေးဇယား ရပ်တည်မှု အရ အေတီကို ဟာ နောက်တဆင့်ကို တက်ရောက်ဖို့ သေချာချင်တယ် ဆိုရင် ဒီပွဲမှာ ရှုံးနိမ့်လို့ မရပါဘူး။ တဖက်မှာ တွေ့ဆုံနေတဲ့ ပေါ်တို နဲ့ အေစီ မီလန် တို့ ပွဲစဉ်မှာ ပေါ်တိုကသာ အနိုင်ရသွားမယ် ဆိုရင် ၊ အေတီကို ရဲ့ မျှော်လင့်ချက်တွေဟာ ေ၀ဝါး သွားနိုင်ပါတယ်။

တချိန်တည်းမှာ အိမ်ရှင် လီဗာပူး အနေနဲ့လဲ ဒီပွဲကိုသာ ထပ်ပြီး အနိုင်ယူပြလိုက်မယ် ဆိုရင် နောက်နှစ်ပွဲ ရလာဒ်ကို ကြည့်စရာ မလိုပဲ အုပ်စုဗိုလ်နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ သေချာသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီပွဲမှာ ရလာဒ်ကောင်းဖို့ ကလော့ပ် ထက် ဆီမြွန်နီ က ပိုပြီး အရေးပါနေတယ်လို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး လူးဝစ် ဆွာရက် က အာဆင်နယ် ကို မပြောင်းဖြစ်ပဲ ဂျရတ်ကြောင့် လီဗာပူး မှာ ဆက်နေဖြစ်ခဲ့တဲ့ အကြောင်းကိုလဲ အခုလို ဖွင့်ဟ သွားခဲ့ ပါတယ်။

“ အဲဒီ အချိန်တုန်းက နည်းပြကြီး နဲ့ အပြင် ဂျရတ် နဲ့ပါ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ကျနော့် ကို အသင်းမှာ ဆက်နေဖြစ်အောင် စည်းရုံးခဲ့တာတော့ ဂျရတ်ပေါ့ဗျာ။ ကျနော်ကလဲ ချန်ပီယံလိဂ် မှာ ကစားချင်တဲ့အကြောင်း ၊ ဆုဖလားတွေကို သိမ်းပိုက်နိုင်တဲ့ အသင်းမျိုးမှာ ကစားချင်တဲ့ အကြောင်း ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့တာပါ။

အဲဒီအချိန်မှာ သူပြန်ပြောခဲ့တာက ကျနော်သာ လက်ရှိ ခြေစွမ်းအတိုင်း ဆက်ပြီး တိုးတက်မှုတွေ ရှိလာမယ် ဆိုရင် နောက်နှစ်မှာ ဘိုင်ယန် မြူးနစ် ၊ ရီးရဲ မက်ဒရစ် နဲ့ ဘာစီလိုနာ လို အသင်းတွေကတောင် လာပြီး ကမ်းလှမ်းလာနိုင်တယ် ဆိုပြီး ရှင်းပြခဲ့တာပါ။ အဲဒီတော့ ဒီမှာ တစ်နှစ်လောက်ထပ်ကြိုးစားပြီး ကစားပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

အဲဒီနှစ်မှာပဲ ကျနော်တို့ဟာ ပရီးမီးယားလိဂ် ဖလားကြီး ကို ဆွတ်ခူးဖို့ အရမ်းကို နီးခဲ့ပါတယ်။ ဒါဟာ အသင်းရဲ့ အားထုတ်မှုကြောင့် ဆိုပေမယ့် ၊ နည်းပြ ရော်ဂျာ ရဲ့ အိုက်ဒီယာ နဲ့ အသင်းသားတွေကို စည်းရုံး နိုင်ခဲ့တဲ့ အချက်နဲ့ ပိုပြီး သက်ဆိုင်မယ် ထင်ပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ဆွာရက်ဟာ ဘာစီလိုနာ နဲ့ အတူ အန်ဖီးလ်ကို ပြန်လည် ရောက်ရှိလာစဉ်ကတော့ ရလာဒ်ကောင်း တခု ရယူနိုင်ခဲ့ခြင်း မရှိတာမို့ ၊ ဒီတကြိမ် အေတီကို နဲ့ မှာရော ဘယ်လို ရလာဒ်တွေ ထွက်ပေါ်လာမလဲ ဆိုတာ စိတ်ဝင်တစား နဲ့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

SM