အနောက်မြောက် ဒေသ အကောင်းဆုံး ကစားသမားဆုတွေ ကို ဆွတ်ခူးသွားခဲ့ကြတဲ့ လီဗာပူး ကစားသမားများ

အင်္ဂလန် ဟာ ဘောလုံး ကစားနည်း အဖွံ့ဖြိုးဆုံး နိုင်ငံ ဖြစ်တာနဲ့ အညီ ၊ ရှုထောင့်ပေါင်းစုံကနေ တိုးတက်မှုတွေ ရှိလာဖို့ အတွက် နည်းလမ်းမျိုးစုံ နဲ့ အားပေးအားမြောက် လုပ်ကြပါတယ်။

လန်ဒန် ကလပ်တွေ အကြား အကောင်းဆုံး ကစားသမားဆုတွေ ရွေးချယ်ချီးမြှင့်တာမျိုးတွေ ရှိသလို ၊ ဒေသ အလိုက် အကောင်းဆုံး ကစားသမားတွေကို ရွေးချယ်ကာ နှစ်စဉ် ဆုချီးမြှင့်တဲ့ ပွဲမျိုးတွေလဲ ရှိပါတယ်။

မနေ့ညကတော့ အနောက်မြောက် ဒေသ အတွက် ကွင်းအတွင်း ကွင်းပြင်ပ ဆိုင်ရာ အကောင်းဆုံး ဆုတွေကို Ladbrokes ရဲ့ ကူညီ ပံ့ပိုးမှုနဲ့ ကျင်းပသွားခဲ့ ပါတယ်။

အကောင်းဆုံး မန်နေဂျာ ဆုကိုတော့ မန်စီးတီး အတွက် ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးပေးခဲ့တဲ့ ပက်ဂွာဒီယိုလာ ကို ကျော်ဖြတ်ကာ ဘက်လက်ပူး နည်းပြ ခရစ်ချ်လေ က သိမ်းပိုက် သွားခဲ့ ပါတယ်။ ခရစ်ချ်လေ ဟာ လီဗာပူး လူငယ် နည်းပြဟောင်း ဖြစ်ပြီး ၊ ဘလက်ပူးကို စတင်ရောက်ရှိချိန်က စလို့ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တာ ဖြစ်လို့ လက်ရှိမှာ ပရိသတ် အချစ်တော် နည်းပြ ဖြစ်နေပါပြီ။

အသင်းရဲ့ အရွယ်အစားက သေးငယ်သည့်တိုင်အောင် ဒီရာသီ ချန်ပီယံရှစ် ပြိုင်ပွဲမှာလဲ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေပြီး ၊ သူတို့ရဲ့ မူလ ရည်မှန်းချက် ဖြစ်တဲ့ တန်းမဆင်းရရေး ခေါင်းစဉ်ကို ပီပီပြင်ပြင် အကောင်ထည် ဖော်ဆောင်လျှက် ရှိနေပါတယ်။

အကောင်းဆုံး ကစားသမားဆု ကိုတော့ မန်စီးတီး ခံစစ်မှုး ဒီယက် ၊ ယူနိုက်တက် ခံစစ်မှုး လုရှော တို့ကို ကျော်ဖြတ်ကာ လီဗာပူး တိုက်စစ် ကစားသမား မို ဆာလာ က သိမ်းပိုက် သွားခဲ့ ပါတယ်။ ဆာလာ ဟာ ဒီရာသီ မှာလဲ အမြင့်ဆုံး စွမ်းဆောင်ရည်တွေ ဆက်တိုက် ပြသနေသလို ၊ သွင်းဂိုး + ဂိုးဖန်တီးမှု နှုန်းကလဲ ကြောက်ခမန်းလိလိ မြင့်တက်လျှက် ရှိနေပါတယ်။

ဒါ့အပြင် တက်သစ်စ အကောင်းဆုံး လူငယ် ကစားသမား ဆုကိုလဲ လီဗာပူး ကစားဖော်တွေ ဖြစ်တဲ့ ကာတစ် ဂျုံး ၊ ဆက် ဗန်ဒန်ဘာ့ချ် တို့ကို ကျော်လွန်ကာ ကွင်းလယ် တိုက်စစ် ကစားသမား ဟာဗေး အယ်လီယော့ က ဆွတ်ခူး သွားခဲ့ ပါတယ်။ ဟာဗေးဟာ ဒီရာသီ အစောပိုင်းမှာ လီဗာပူး ရဲ့ ပွဲထွက် ကစားသမားနေရာကို ခိုင်ခိုင်မာမာ ရယူနိုင်ခဲ့သည့်တိုင်အောင် ၊ လိဒ် ယူနိုက်တက် နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ရရှိသွားတဲ့ ပြင်းထန်တဲ့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် အခုချိန်ထိ အနားယူနေရသူ ဖြစ်ပါတယ်။

 

အကောင်းဆုံး အမျိုးသမီး ကစားသမားဆု ကိုတော့ မန်စီးတီး က ကယ်လီ က ဆွတ်ခူးသွားခဲ့ ပါတယ်။

လီဗာပူး အသင်းခေါင်းဆောင် ဟန်ဒါဆင် ဟာ ကွင်းတွင်း ၊ ကွင်းပြင်ပ လှုပ်ရှားမှုတွေကို ထိရောက်မှုရှိအောင် အများကြီး လုပ်ဆောင်ပြခဲ့တာ ဖြစ်လို့ Impact Award ဆု ချီးမြင့် ခံခဲ့ရပါတယ်။

သူဟာ မကြာသေးခင်ကလဲ ယူနိုက်တက် ကို အဝေးကွင်းမှာ 0-5 ရလာဒ် နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ ဝတ်ဆင်ခဲ့တဲ့ ဂျာစီကို ဖခင် ဖြစ်သူထံ ပေးအပ်ခဲ့ပြီး ၊ အဲဒီ ကနေ တဆင့် လေလံတင် ရောင်းချမှာ ဖြစ်ကာ ၊ ရရှိလာတဲ့ ငွေတွေကို နား ၊ နှာခေါင်း ၊ လည်ချောင်း ကင်ဆာ ကုသရေးမှာ အသုံးပြုနိုင်ဖို့ အတွက် ဆန်းဒါးလန်း ဖောင်ဒေးရှင်းဆီ လှူဒါန်းသွားမယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

SPORTS MYANMAR