အထုတ်မခံရတဲ့ ဆိုးရှား နဲ့ နော်ဝေသားရဲ့ အိုးထရက်ဖိုဒ့် ပဲ့ကိုင်ရှင်ဘ၀ အဆုံးသတ်မှု နောက်ကွယ်က အဖြစ်အပျက်များ

နော်ဝေသားကြီး ဆိုးရှား ကတော့ မန်ချက်စတာ ယူနိုက်တက် နည်းပြ အဖြစ် ကနေ နှုတ်ဆက် ထွက်ခွာ သွားခဲ့ ပါပြီ ။

သူဟာ မန်ချက်စတာ ယူနိုက်တက် ကို ကစားသမား အဖြစ် နဲ့ရော နည်းပြ အဖြစ် နဲ့ပါ ပတ်သက်ခဲ့သူ တယောက် ဖြစ်တာကြောင့် အသင်းအပေါ် သံယောဇဥ်ကြီးမားကြောင်းကို မျက်ရည်တွေ ဝေနေတဲ့ နောက်ဆုံး အင်တာဗျူး က သက်သေထူခဲ့ ပါတယ် ။

နာမည်ကျော် ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနို ကတော့ ဆိုးရှား ကို ဘယ်လို အကြောင်းကြောင့် ထုတ်ပယ် ခဲ့တာ ၊ ဘယ်သူတွေက ဆိုးရှား ရဲ့ ကိစ္စ မှာ ပါဝင် ပတ်သက် ခဲ့တာတွေ နဲ့ နော်ဝေသား ရဲ့ အခန်းကဏ္ဍတွေ ကို ကန့်လန့်ကာ နောက်ကွယ်က အဖြစ်များဆိုပြီး တင်ဆက် ပေးသွားခဲ့ ပါတယ် ။

အခု ဖော်ပြပေးမှာ ကတော့ အဲ့ဒိ အကြောင်းတွေပါပဲ . . .

ဒါတွေ ဟာ ဝက်ဖိုဒ့် ပွဲအပြီး မိနစ် အနည်းငယ် အကြာမှာ စတင် ခဲ့တာပါ ။ ယူနိုက်တက် ဘုတ်အဖွဲ့ဝင်တွေ ၊ ရာထူးကြီး ဝန်ထမ်းတွေ ဟာ ၅ နာရီကြာအောင် ဆွေးနွေး တိုင်ပင် ခဲ့ကြပြီး ဆိုးရှား နဲ့ လမ်းခွဲဖို့ အဆိုကို အသင်း ပိုင်ရှင် ဂျိုရယ် ဂလေဇာ ထံ တင်ပြ ခဲ့ပါတယ် ။

ဒီပွဲ မတိုင်ခင်က ဆိုးရှာ ရဲ့ အနာဂါတ် နဲ့ ပတ်သက်ပြီး ဘုတ်အဖွဲ့ အတွင်းမှာ ကွဲလွဲမှုတွေ ရှိခဲ့ပေမယ့် စနေနေ့ ညက ပွဲ အပြီးမှာတော့ အားလုံးက ဆိုးရှား နဲ့ တော်သင့်ပြီလို့ စတင် ခံစားမိလာခဲ့ ကြပါတယ် ။

အဲ့ဒိညမှာပဲ ဂျိုရယ် ဂလေဇာ က ဆိုးရှား နဲ့ လမ်းခွဲဖို့ ဆိုတဲ့ အစီအစဉ် ကို သဘောတူ အတည်ပြု ပေးလိုက်ပါတယ် ။ ဆုံးဖြတ်လို့ ပြီးသွားခဲ့ ပါပြီ ။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် ဟာ ဆိုးရှား ကို ထုတ်ပယ်တယ်လို့ မကြေညာချင်ခဲ့ ပါဘူး ။ အသင်းရဲ့ ရလဒ်တွေ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ဆိုးရွားခဲ့ ပေမယ့် ဆိုးရှား ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် လေးစား ခံထိုက်သူ တယောက်လို့ ဘုတ်အဖွဲ့ နဲ့ ပိုင်ရှင်တွေက သတ်မှတ်ခဲ့ ပါတယ် ။

ဆိုးရှား ဟာ ကစားသမား ဘ၀ မှာ ယူနိုက်တက်ရဲ့ ဂန္ထဝင် တယောက် ဖြစ်ခဲ့သလို နည်းပြ ဖြစ်လာချိန် မှာလည်း ယူနိုက်တက် ကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် တွန်းတင်ပေးခဲ့သူ ၊ အရေးပါတဲ့ အလုပ်တွေကို လုပ်ပေးခဲ့သူ အဖြစ် ဘုတ်အဖွဲ့က လက်ခံ ခဲ့ပါတယ် ။

ဒါကြောင့် ဆိုးရှား နဲ့ ၂ ဦး ၂ ဘက် သဘောတူ လမ်းခွဲတယ်လို့ ထုတ်ပြန် ကြေညာခဲ့သလို ဆိုးရှား ကိုလည်း ( နည်းပြ အဖြစ် ကို စွန့်လွှတ်ရအပြီးမှ ) ကလပ်အသင်းရဲ့ ဝက်ဘ်ဆိုက် ကနေ အင်တာဗျူး အစီအစဉ် ပြုလုပ် ပေးခဲ့ ပါတယ် ။

ဒီလိုမျိုး ကလပ် အသင်း တသင်းက လမ်းခွဲလိုက်တဲ့ နည်းပြ တယောက်ကို အင်တာဗျူး ပြုလုပ်ပေးတာ အလွန်ရှားပြီး မန်ချက်စတာ ယူနိုက်တက် ရဲ့ အိုလေဂန်နာ ဆိုးရှား အပေါ် ထားရှိတဲ့ လူသားဆန်မှု နဲ့ လေးစားမှုတွေ ကို မြင်တွေ့ ခဲ့ရ ပါတယ် ။

ဝက်ဖိုဒ့် နဲ့ ပွဲဟာ မန်ချက်စတာ ယူနိုက်တက် အသင်းသားတွေ နဲ့ ဝန်ထမ်းတွေ ကို အကြီးအကျယ် ထိတ်လန့် တုန်လှုပ်စေခဲ့ ပါတယ် ။ ပွဲအပြီးမှာ အသင်းသား အချို့ဟာ အဝတ်လဲခန်း ထဲမှာ မျက်ရည်ကျတဲ့ အထိ ခံစား ခဲ့ရပြီး ဘာကြောင့် အခုလို ဖြစ်ခဲ့ရသလဲ ဆိုတာကို နားမလည် နိုင်အောင် ဖြစ်ခဲ့ကြတယ်လို့ ကြားသိရ ပါတယ် ။

အသင်းရဲ့ ဝန်ထမ်းတွေ ၊ နည်းပြ အဖွဲ့ဝင်တွေ ထဲမှာလည်း ဝက်ဖိုဒ့် နဲ့ ရလဒ် ကို အလွန် ထိတ်လန့် တုန်လှုပ် ခဲ့ကြပါတယ် ။

အားလုံးက ဒီပွဲဟာ စပါး နဲ့ ပွဲတုန်းကလို ပုံစံကောင်း ပြပြီး ဂိုးပြတ် အနိုင် ကစားမယ် ၊ ကစားသမားတွေ နည်းပြ အဖွဲ့တွေ က ဆိုးရှား ဘက်မှာ ရှိနေတယ် ၊ ဘယ်လို တိုက်ပွဲဝင်ပေး ခဲ့ကြတယ် ဆိုတာတွေ ကို ပြန်ပြောပြီး အသင်း အတွက် ဆိုးရှား ဘယ်လောက် ကြိုးစား ထားခဲ့သလဲ ဆိုတာ ကို သက်သေပြမယ့် ပွဲ အဖြစ် မှတ်ယူ ထားခဲ့ကြပါတယ် ။

ဒါပေမယ့် ပွဲရလဒ် ကတော့ လုံး၀ မယုံကြည်နိုင် စရာ ကောင်းလောက်အောင် ပါပဲ ။

တကယ်တမ်း မှာတော့ မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ဝင် အချို့ ဟာ လွန်ခဲ့တဲ့ ၁ လ လောက် ကတည်းက ဆိုးရှား ကို ထုတ်ဖို့ စိတ်ပါ နေကြပါပြီ ။ အတ္တလန်တာ ကို နောက်က လိုက် ကစားပြီး ၃-၂ နဲ့ အနိုင် ရတဲ့ ပွဲကတည်းက ဒီ အသံတွေ စထွက်လာခဲ့တာပါ ။

လီဗာပူး ကို ၅ ဂိုးပြတ် အရေးနိမ့် အပြီးမှာတော့ ဆိုးရှား ကို အစားထိုးဖို့ ဘုတ်အချို့ က ထုတ်ဖော် ပြောဆို လာခဲ့ပါတယ် ။

ဒါပေမယ့် ဘုတ်အဖွဲ့ရဲ့ အဓိက အဖွဲ့ဝင်တွေဟာ ဆိုးရှား ကို ထောက်ခံ နေဆဲ ဖြစ်သလို ပိုင်ရှင ဂလေဇာ မိသားစုရဲ့ အကြီးအကဲ ( ဂျိုရယ် ဂလေဇာ ) ကလည်း ဆိုးရှား ဘက်မှာ ရှိခဲ့ ပါတယ် ။

ဝက်ဖိုဒ့် နဲ့ ပွဲ အပြီးမှာတော့ အားလုံး အမြင်တူညီ သွားခဲ့ကြပုံပါပဲ ။

ဒီကိစ္စ မှာ ဆာအဲလက်စ် ဖာဂူဆန် ဘယ်လို ပါဝင်သလဲ ဆိုတာ သိချင်သူတွေ ရှိကြပါတယ် ။ တကယ်တမ်း မှာတော့ ဆာအဲလက်စ် ဟာ မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့ဝင် မဟုတ်သလို ဆုံးဖြတ်ချက်တွေ ကိုလည်း မချမှတ်ခဲ့ ပါဘူး ။

ဒါပေမယ့် ယူနိုက်တက် က အကြီးအကဲတွေ ဟာ ဆာအဲလက်စ် ကို ထာဝရ ဂန္ထဝင် တယောက် အဖြစ် သတ်မှတ် ထားပြီး ဆာအဲလက်စ် ဆီက စကားသံ ကို တောင်းဆိုခဲ့ ပါတယ် ။

လီဗာပူး နဲ့ ပွဲ အပြီးမှာ ဆာအဲလက်စ် က ဆိုးရှား ရဲ့ ကိစ္စ နဲ့ ပတ်သက်ပြီး သူ စဉ်းစားဦးမယ်လို့ ပြောခဲ့ ပါတယ် ။ ဒီလို ပြောဆိုမှုဟာ ဆိုးရှား ကို ရက်အနည်းငယ် ဆက်လက် တည်မြဲ စေခဲ့တာပါပဲ ။

အဲ့ဒိ နောက်ပိုင်းမှာ ဆာအဲလက်စ် ဟာ ကာရင်တန် လေ့ကျင့်ရေးကွင်းကို သွားတယ် ၊ ဝန်ထမ်းတွေ ကစားသမားတွေ နဲ့ တွေ့ဆုံပြီး ဆိုးရှား အပေါ် ဘယ်လို မြင်သလဲ ၊ ဘာတွေ ဖြစ်နေသလဲ ဆိုတာတွေကို မေးမြန်းခဲ့ ပါတယ် ။

သူကိုယ်တိုင်လည်း ဆိုးရှား နဲ့ သီးသန့် တွေ့ဆုံပြီး သူဘယ်လို ကြိုးစားပေး နေတယ်ဆိုတာ ကို ပြောပြ ခဲ့တယ်လို့ သိရ ပါတယ် ။

ဒါပေမယ့် ဆာအဲလက်စ် ဟာ ဆုံးဖြတ်ချက်တွေ ကိုတော့ မချမှတ်ခဲ့ ပါဘူး ။ သူ့ရဲ့ အမြင်တွေကိုပဲ ထုတ်ဖော် ပြောပြ ခဲ့တာပါ ။

ဂလေဇာ မိသားစုဟာ ဆိုးရှား ကို အကြာကြီး ဆက်ထားချင်ခဲ့ ပါတယ် ။ နွေရာသီ တုန်းက သူတို့ဟာ ဆိုးရှား ကို ရော မိုက်ဖီလန် ( လက်ထောက်နည်းပြ ) ကိုပါ စာချုပ်သစ် ချုပ်ဖို့ စိတ်ကူး ထားခဲ့တယ်လို့ ဖွင့်ပြောခဲ့ ပါတယ် ။

ဘုတ်အဖွဲ့ ကလည်း ဆန်ချို ၊ ဗာရန်း ၊ ရိုနယ်ဒို တို့ကို နွေရာသီ ဈေးကွက်မှာ ခေါ်ယူ နိုင်မှု အပေါ် ဆိုးရှား ကို သဘောကျ ခဲ့ပြီး ဒီရာသီ ကို နော်ဝေသားနဲ့ ဆက်သွားဖို့ စိတ်ကူး ခဲ့ကြပါတယ် ။

ဒါကြောင့်လည်း အခြေအနေတွေက ဒီလောက်ထိ ဆိုးရွား နေတာတောင် ဆိုးရှား ကို အကာအကွယ် ပေးခဲ့ ကြတာပါ ။ ဘယ်လိုမှ မဖြစ်တဲ့ နောက်ဆုံး အချိန်ရောက်နေလို့သာ အခုလို လမ်းခွဲ ခဲ့ရတာပါပဲ ။

ဆိုးရှား ကို ယူနိုက်တက် ဘက်က မနှုတ်ဆက်ချင် ခဲ့တာကတော့ အမှန်တရားပါ ။

ဒါဟာ နောက်လာမယ့် နည်းပြသစ် အတွက် ဖိအား ဖြစ်စေနိုင်မလား ဆိုတာတော့ မပြောတတ်ပါဘူး ။

ဒီရာသီ မန်ချက်စတာ ယူနိုက်တက် ရလဒ်တွေ မကောင်းတာ ၊ ကစားပုံ ဆိုးရွား နေတာတွေဟာ ခရစ္စတီယာနို ရိုနယ်ဒို ရောက်လာမှုကြောင့် ဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိလာခဲ့ ပါတယ် ။

ဒါပေမယ့် တကယ်တမ်း မှာတော့ ဆိုးရှား က ရိုနယ်ဒို ကို ခေါ်ဖို့ ဆုံးဖြတ်ခဲ့သူပါ ။ မန်စီးတီး နဲ့ ညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေကြောင်း ယူနိုက်တက် ဘုတ်အဖွဲ့ ကို အေးဂျင့် မန်ဒက်စ် က အသိပေးခဲ့ ပါတယ် ။

ဘုတ်အဖွဲ့ က ရိုနယ်ဒို ကို ခေါ်မလားလို့ မေးခဲ့ချိန်မှာတော့ ဆိုးရှား ဘက်က YES လို့ ပြန်ဖြေခဲ့တာပါ ။

ဗာရန်း တုန်းကလည်း ဒီအတိုင်းပါပဲ ဂျူးလ် ကွန်ဒေ အပါအဝင် ခံစစ်မှူးတွေ ရဲ့ အမည်တွေ စာရွက်ပေါ်မှာ ချထား ပေမယ့် ဆိုးရှား က ဗာရန်း ကို ရွေးချယ် သွားခဲ့တာပါ ။

ယူနိုက်တက် ဟာ ဆိုးရှား နဲ့ ရေရှည် စီမံကိန်းတွေ ဆွဲထားခဲ့ ပါတယ် ။ လာမယ့် နွေရာသီမှာ ကွင်းလယ် ခံစစ်သမား တယောက် ခေါ်ဖို့တောင် စာရင်း ပြုစုပြီးခဲ့ ပါပြီ ။

ဘယ်သူ ဆိုတာ ကိုတော့ အခု သိနိုင်တော့မှာ မဟုတ်ပါဘူး ။

ဆိုးရှား နဲ့ ပတ်သက်ပြီး အသင်းသားတွေ အထဲမှာ သံသယ ဝင်မှုတွေ ၊ စိတ်ဓါတ် ကျမှုတွေ ၊ နားလည်ရ ခက်မှုတွေ ရှိနေခဲ့တာကလည်း အမှန်ပါပဲ ။

သြဂုတ် တုန်းက မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေဟာ အရမ်းကို ပျော်ရွှင်ပြီး စိတ်ဓါတ် တက်ကြွ နေကြပါတယ် ။

အဖွင့် ရလဒ်တွေ ကောင်းခဲ့သလို ရိုနယ်ဒို ၊ ဆန်ချို ၊ ဗာရန်း တို့တွေ ရောက်လာတာက ဒီနှစ်ဟာ သူတို့ရဲ့ နှစ် လို့ ခံစားလာမိ စေခဲ့ပါတယ် ။

ဒါပေမယ့် စက်တင်ဘာ အလယ်လောက်က စပြီး ဆိုးရှား အပေါ် နားမလည်နိုင်သူတွေ ရှိလာခဲ့ ပါတယ် ။

အထူးသဖြင့် နယ်သာလန် ကွင်းလယ်လူ ဒွန်နီ ဗန်ဒီဘိ ကို လုံး၀ ထည့်မသုံးမှု ဟာ ကစားသမားတွေကို အံ့အားသင့်စေခဲ့ ပါတယ် ။

ဗန်ဒီဘိ ဟာ လေ့ကျင့်ရေးကွင်းမှာ ကြိုးစားသလို အရည်အသွေးလည်း ကောင်းသူ တယောက် ဆိုတာ ဝက်ဖိုဒ့် နဲ့ ပွဲက ဒုတိယပိုင်း ၄၅ မိနစ်စာနဲ့တင် လုံလုံလောက်လောက် သက်သေပြ နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် ဆိုးရှား က လုံး၀ မသုံးခဲ့ပါဘူး ။

အသင်းသားတွေ ရဲ့ စိတ်ထဲမှာ နည်းပြကြီးဟာ သူ့ရဲ့ ပင်တိုင် ကစားကွက် မှာ ထည့်သုံးမယ့် သူတွေ အတွက်ပဲ လေ့ကျင့်ပေးနေတယ် လို့ ခံစား မိလာခဲ့ပါတယ် ။

ဆိုးရှား ရဲ့ ထိုင်ရာက မထဘဲ I-Pad ကနေ လေ့လာနေတဲ့ ပုံစံ ကိုလည်း မနှစ်သက်သူတွေ ရှိလာခဲ့ ကြပြီး “Netflix မှာ ဘာကြည့်ရမလဲ မသိရင် ဘော့စ် ကို သွားမေး ကြည့်ပါလား” လို့ လှောင်ပြောပြောသူတွေ ရှိလာခဲ့ တယ်လို့ ကြားသိရ ပါတယ် ။

ဒီလို နားလည်ရခက်မှုတွေ ၊ စိတ်ဓါတ် ထိခိုက်မှုတွေဟာ ကွင်းထဲက ရလဒ်တွေ ကို တိုက်ရိုက် သက်ရောက်မှု ရှိနေမှာ အမှန်ပါပဲ ။

ဆိုးရှား ထုတ်ခံရမှု မှာ ခရစ္စတီယာနို ရိုနယ်ဒို က ဦးဆောင် ခဲ့တယ် ၊ ဘယ်နည်းပြ ကို ရိုနယ်ဒို တောင်းဆိုတယ် ဆိုတဲ့ သတင်းတွေ က လုံး၀ မမှန်ခဲ့ ပါဘူး ။

ရိုနယ်ဒို ဟာ ဒီဘောလုံး လောကမှာ ပရော်ဖက်ရှင်နယ် အဆန်ဆုံး ကစားသမား တယောက် ဖြစ်ပြီး ဘယ်နည်းပြ နဲ့ မှ ပြဿနာ မရှာခဲ့ဖူး ပါဘူး ။

သူက သူ့ကိုယ်သူ အကောင်းဆုံး ဖြစ်ဖို့ ကိုပဲ အဓိက ဦးစားပေးတဲ့သူ ဖြစ်ပြီး နေ့တိုင်း အကောင်းဆုံး နေထိုင် ကစားနိုင်ဖို့ ကိုပဲ ရည်ရွယ်တဲ့သူပါ ။

ရိုနယ်ဒို ဟာ ဆိုးရှား ကို ပြဿနာ မရှာခဲ့သလို အခု ကိစ္စ မှာလည်း ဘယ်လို ထင်မြင်ချက် ကိုမှ မပေးခဲ့ ပါဘူး ။

 

SPORTS MYANMAR