အင်္ဂလန် လက်ရွေးစင် အသင်းကြီးမှာ စမစ်ရို ရွေးချယ် မခံရတဲ့ အပေါ် မှတ်ချက် ပေးလိုက်တဲ့ အာတီတာ

 

ဒီရာသီ အာဆင်နယ် အသင်းမှာ ပုံစံကောင်းတွေ ပြသနေတဲ့ စမစ်ရို ဟာ အင်္ဂလန် အသင်း ရဲ့ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံး ၂ ပွဲ အတွက် အပြီးသတ် လူစာရင်းမှာ ရွေးချယ် ခံရလိမ့်မယ်လို့ပရိသတ်တွေက ထင်ကြေး ပေးခဲ့ကြပါတယ် ။

ဒါပေမယ့် တကယ်တမ်း လူစာရင်း ထွက်ပေါ် လာချိန်မှာ အင်္ဂလန် နည်းပြ ဆောက်ဂိတ် ဟာ စမစ်ရို ကို ရွေးချယ် ခဲ့ခြင်း မရှိဘဲ ယူ၂၁ မှာပဲ ဆက်လက် ကစားစေ ခဲ့ပါတယ် ။ ဆောက်ဂိတ် ရဲ့ ဆုံးဖြတ်ချက်ကို ပရိသတ်တွေက နားမလည်နိုင် ဖြစ်ခဲ့ကြပြီး ဝေဖန် ပြစ်တင်မှုတွေ လုပ်ခဲ့ကြပါတယ် ။

အင်္ဂလန် ယူ၂၁ လက်ရွေးစင် ဖြစ်တဲ့ စမစ်ရို ဟာ ဒီရာသီမှာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံ လေးဂိုးသွင်း ၊ ၂ ဂိုးဖန်တီး ပေးထားသူ ဖြစ်ပါတယ် ။ ဒါ့အပြင် စမစ်ရို ဟာ ဒီရာသီ လိဂ်ပြိုင်ပွဲမှာ စတာလင် ၊ ဂရီးလစ်ရှ် ၊ ဖိုဒန် တို့ထက် သွင်းဂိုး ပါဝင် ပတ်သက်မှု များတဲ့ ကစားသမားလည်း ဖြစ်ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ စမစ်ရို အရွေးမခံရတဲ့ အပေါ် ပရိသတ်တွေ အားမလို အားမရ ဖြစ်နေကြတာဟာ စမစ်ရို အတွက် ဝမ်းသာစရာ ကိစ္စ တစ်ခု ဖြစ်ကြောင်း ဝက်ဖိုဒ့် နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ် ။

အာတီတာ ” ကိုယ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ပရိသတ်တွေက မချင့်မရဲ ဖြစ်​နေ မေးခွန်းထုတ်နေကြပြီဆိုရင် ကျွန်တော်တို့ အနေနဲ့ ဝမ်းသာသင့်တယ်လို့ ထင်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ သူတို့ ဒီလို ပြောပြီဆိုကတည်းက ကျွန်တော်တို့က အဲ့ဒီအဆင့်မှာ ကစားရမယ့်အနေအထားမှာ ရှိနေလို့ပါပဲ ။ ”

” အမ်မလီ(စမစ်ရို) ရဲ့ ကစားသမားဘဝ မှာလည်း မထင်မှတ်ထားတဲ့ အခိုက်အတန့်တွေ ရှိခဲ့ပါတယ် ၊အခိုက်အတန့်ကောင်း တစ်ခုရောက်လာရင်တော့ သူ အခွင့်အရေးရလာမှာပါ ၊ အခုက သူ့အတွက် အခိုက်အတန့်ကောင်း တစ်ခုလား ဆိုတာတော့ ကျွန်တော်တို့လည်း မသိပါဘူး ။ ”

” ဂါရက်က သူ့အသင်းမှာ စမစ်ရို ကို ဘယ်လို ထားကစားရမလဲ ဆိုတာ ကျွန်တော်တို့ထက် ပိုသိပါတယ် ။ သူက စမစ်ရို ကို ဒီအချိန်မှာ ရွေးဖို့ မသင့်တော်သေးဘူးလို့ ဆုံးဖြတ်တော့လည်း သူ သေချာ စဉ်းစားပြီးမှ ချမှတ်ခဲ့တဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ပဲ ကျွန်တော်ကတော့ မြင်ပါတယ် ။”

” ဂါရက် အတွက်တော့ ရွေးချယ်ရ ခက်ခဲမှရ အသေအချာပါပဲ ၊ သူ့အတွက် ရွေးချယ်စရာကလည်း အများသားကိုး ။ ကျွန်တော့် ကစားသမားလေးတွေက ဆောက်ဂိတ် နဲ့ နည်းပြအဖွဲ့ဝင်တွေ ရွေးချယ်ရ ခက်ခဲအောင် လုပ်နိုင်တာကိုတော့ အားရ ကျေနပ် သဘောကျပါတယ် ။ ”

” သူတို့က အဲ့ဒီ အဆင့်မှာ ကစားနိုင်စွမ်း ရှိတာ ကျွန်တော် သိပါတယ် ၊ အချိန် ကာလ တစ်ခု လိုနေတာလို့ပဲ မြင်ပါတယ် ၊ နည်းပြက သူတို့ကို ရွေးချယ်ဖို့ အချိန်တန်ပြီလို့ ဆုံးဖြတ်တဲ့ အချိန်အခါ ရောက်လာပါလိမ့်မယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အင်္ဂလန် နည်းပြ ဆောက်ဂိတ် ကတော့ စမစ်ရို ကို အသင်းကြီးမှာ မရွေးချယ်တဲ့ အကြောင်းအရင်းကို ခုလို ရှင်းပြ ထားပါတယ် ။ ” အမ်မလီ စမစ်ရို ၊ ကော်နာ ဂယ်လာဂါ နဲ့ မက်ဂွီဟီ တို့က သက်ဆိုင်ရာ အသင်းတွေမှာ သိပ်ကောင်းတဲ့ ခြေစွမ်းတွေ ပြသနေကြပါတယ် ။ ”

” ဒါပေမယ့် ကျွန်တော်တို့ အသင်းကြီးမှာကလည်း နေရာပြည့်နေပါတယ် ၊ သူတို့ကို ရွေးချယ်မယ်ဆို တစ်ချို့ကစားသမားတွေကို ချန်လှပ်မှပဲ ရမှာပါ ၊ တကယ့်ကို လူအင်အား တောင့်တောင့်တင်းတင်းရှိတဲ့ ယူ၂၁ အသင်းကို ရထားတာကလည်း ဆိုးရွားတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး ။ ”

” ကျွန်တော်တို့ဘက်ကလည်း ကစားသမားတွေ အများကြီးကို လျင်လျင်မြန်မြန် လေ့လာ စောင့်ကြည့် ခဲ့ပါတယ် ။ ယူ၂၁ အသင်းက ကစားသမားဟောင်းတွေကလည်း ခုအသင်းကြီးမှာ ရှိနေပြီး ယူရို ၂၀၂၀ မှာလည်း အရေးပါတဲ့ ကစားသမားတွေ အဖြစ် ပါဝင် ခဲ့ကြပါတယ် ။ ”

” သူတို့ကို ယူ၂၁ အသင်းဆီ ပြန်ပို့လိုက်ရင် အနေအထားတွေက ရှုပ်ထွေး သွားနိုင်ပါတယ် ၊ ခုချိန်မှာတော့ သူတို့ကို ရွေးချယ်ဖို့ စောနေပါသေးတယ် ၊ သူတို့ကို ရွေးချယ် ဖြစ်တဲ့ အခါကျရင်လည်း သူတို့ ကောင်းကောင်း ကစားနိုင်ကြမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM