အင်္ဂလန် ရဲ့ အတောက်ပဆုံး ကွင်းလယ် ကြယ်ပွင့် ကစားသမားလေးကို လီဗာပူး ဂျာစီနဲ့ မြင်ချင်မိတယ်လို့ ဆိုလိုက်တဲ့ ကာရေဂါ

ကွင်းလယ် ဒဏ်ရာပြသနာတွေ နဲ့ ဆက်တိုက် ရင်ဆိုင်နေရပြီး နောက်ပိုင်း လီဗာပူး အသိုင်းအဝိုင်းမှာ ကစားသမားသစ် ထပ်မံ ခေါ်ယူဖို့ အသံတွေ ဆက်တိုက် ဆူညံခဲ့ပါတယ်။ အထူးသဖြင့် ဒဏ်ရာပြသနာ ကင်းကင်း နဲ့ ကစားပေးလေ့ရှိတဲ့ ဝိုင်နယ်ဒမ် ရဲ့ နေရာကို တိုက်ရိုတ် အစားထိုးနိုင်ခဲ့ခြင်း မရှိတာဟာ ၊ မလိုလားအပ်တဲ့ အမှတ်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေတယ်လို့ ပရိသတ် အများစုက ထောက်ပြနေကြတာ ဖြစ်ပါတယ်။

ဒါကြောင့် လီဗာပူး ရဲ့ အပြောင်းအရွှေ့တွေ ကို ကြည့်လိုက်ရင် ကွင်းလယ် ကစားသမားတွေ နဲ့ ထွက်ပေါ်တဲ့ သတင်းတွေက ပိုပြီး များပြားလျှက် ရှိနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ ဆိုရင် လိဒ် ယူနိုက်တက် မှာ ကစားနေတဲ့ ရာဖင်ဟာ ကို လီဗာပူုး ဘက်က ချဉ်းကပ်ဖူးတဲ့ အကြောင်း အေးဂျင့် ဖြစ်သူ ဒေကို ကိုယ်တိုင်က ထုတ်ဖော် ပြောဆိုခဲ့ဖူးပါတယ်။ သို့သော် လိဒ် ယူနိုက်တက် ဘက်က လိုချင်တဲ့ ပြောင်းရွှေ့ကြေး ပမာဏက အရမ်းကို များလွန်းနေသလို ၊ ကစားသမား ကိုယ်တိုင်ကလဲ အသင်းပြောင်းဖို့ ဆန္ဒတွေ ပြင်းပြခြင်း မရှိသေးတာကြောင့် အပြောင်းအရွှေ့ ကိစ္စတွေက ပီပီပြင်ပြင် ပေါ်ပေါက်လာခဲ့ခြင်း မရှိဘူးလို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

လီဗာပူး ကစားသမားဟောင်းကြီး ကာရေဂါ ကတော့ ဒေါ့မွန် မှာ ခြေစွာနေတဲ့ အင်္ဂလန် ချာတိတ် ကစားသမားလေး ဘယ်လင်ဂမ် ကို အန်ဖီးလ်မှာ မြင်တွေ့လိုတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ အသက် 18 နှစ် အရွယ် ချာတိတ်လေး ဟာ အရွယ်နဲ့ မလိုက်အောင် တည်ငြိမ်တဲ့ စွမ်းဆောင်ရည်မျိုးတွေ ပိုင်ဆိုင်ထားပြီး ၊ ဒီရာသီမှာ ဆိုရင် ဒေါ့မွန် အတွက် ဂိုးတွေ ဆက်တိုက် သွင်းယူပြထားပါတယ်။

ကာရေဂါ ကတော့ ချန်ပီယံလိဂ် ကနေ စောစောစီးစီး ထွက်လိုက်ရတဲ့ ဒေါ့မွန် ရဲ့ အနေအထားဟာ အသင်းမှာ ရှိတဲ့ ထိပ်တန်းအဆင့် လူငယ် ကစားသမားလေးတွေကို ဆက်ထိန်းထားဖို့ ရုန်းကန် ရဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။

ဟာလန်း ၊ ဘယ်လင်ဂမ် တို့လို ချာတိတ်တွေ ဟာ ချန်ပီယံလိဂ် လို နေရာမျိုးတွေမှာ ကစားပေးချင်တဲ့ သူတွေ ဖြစ်ပြီး ၊ အကယ်၍ ဒီပြိုင်ပွဲမှာ ဆက်ပြီး ကစားခွင့်ရဖို့ အခွင့်အရေးတွေ နည်းပါးလာတယ် ဆိုရင် အပြောင်းအရွှေ့ အတွက် စောစောစီးစီး စဉ်းစားလာနိုင်ဖွယ် ရှိနေပါတယ်။

” ဒေါ့မွန် က ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်လိုက်ရပြီ ဖြစ်တဲ့အပြင် ဒီတပတ် ကစားတဲ့ ပွဲမှာ ဟာလန်း လဲ မပါဝင်နိုင်ခဲ့ဘူး။

ဒီရာသီဟာ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဟာလန်း ကို ဒေါ့မွန် ဂျာစီနဲ့ မြင်ခွင့်ရတာ နောက်ဆုံးရာသီမျိုး ဖြစ်သွားနိုင်ပါတယ် ဘာလို့လဲ ဆိုတော့ သူလို ကစားသမား တစ်ယောက် က ချန်ပီယံလိဂ် လို နေရာမျိုးက စောစောစီးစီး မထွက်ခွာချင်လောက်သေးဘူးလေ။ ဒါကြောင့် သူ့စိတ်ထဲမှာ ပန်းတွေ ပွင့်နေမှာတော့ မဟုတ်ပါဘူး။

ကျနော် တစ်ဦးတည်း အမြင်ပြောရရင် ဒီကိစ္စက ဟာလန်း တစ်ယောက်ထဲတင် မဟုတ်ပဲ ဘယ်လင်ဂမ် ရဲ့ အပေါ်မှာလဲ သက်ရောက်မှု ရှိမယ် ထင်ပါတယ်။ လီဗာပူး ကတော့ ဟာလန်း ကို ဝယ်ဖို့ ချဉ်းကပ်မယ် မထင်ဘူး ဘာလို့လဲ ဆိုတော့ ဈေးကြီးလွန်းနေမှာ သေချာတယ်လေ။

ဒါပေမယ့် ဘယ်လင်ဂမ် ကိုတော့ အန်ဖီးလ်မှာ ကစားပေးနေတာ မြင်ချင်မိတယ်ဗျာ” လို့ ကာရေဂါ က ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ဒေါ့မွန် ဟာ လူငယ် ကစားသမားတွေကို ဈေးကောင်းကောင်း ရရင် ရောင်းထုတ်လေ့ ရှိတဲ့ အသင်းဖြစ်သလို ၊ ဘယ်လင်ဂမ် ရဲ့ တန်ဖိုးကိုလဲ ယူရို သန်း 80 အထိ သတ်မှတ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

အဲဒီ ပမာဏမျိုး ဆိုရင်တော့ အန်ဖီးလ် က ချမှတ်ထားတဲ့ အပြောင်းအရွှေ့ ပေါ်လစီတွေ နဲ့ ကိုက်ညီမှာ မဟုတ်ပဲ ၊ ရာဖင်ဟာ လို ကစားသမားမျိုးကိုတောင် လိဒ် ယူနိုက်တက် ဘက်က ပေါင် သန်း 60 လောက်အထိ လိုချင်နေတဲ့ အတွက် တရားဝင် ချဉ်းကပ်မှု မရှိပဲ နောက်ဆုတ်ခဲ့တာ ဖြစ်ပါတယ်။

SPORTS MYANMAR