အင်္ဂလန် ယူ ၂၁ အသင်း အတွက် ပြန်ကစားပေးဖို့ ငြင်းဆန်ခဲ့တဲ့ အိုဒွိုင်းနဲ့ ပတ်သက်ပြီး တုန့်ပြန် ပြောဆိုလိုက်တဲ့ တူချယ်

 

ချဲလ်ဆီး အသင်းရဲ့ အကယ်ဒမီထွက် အင်္ဂလန် လူငယ် ကြယ်ပွင့် တောင်ပံ ကစားသမား ကော်လမ် ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ ပြီးခဲ့တဲ့ နိုင်ငံပွဲ ကာလ အတွင်း ယူ ၂၁ အသင်းမှ ဆင့်ခေါ်မှု ကို တရားဝင် ပယ်ချခဲ့ကြောင်း လက်ရွေးစင် နည်းပြ ဖြစ်သူ ဂါရတ် ဆောက်ဂိတ် က အတည်ပြု ပြောဆိုခဲ့ပါတယ် ။

ချဲလ်ဆီး အသင်းရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ပွဲဆက် ကစားခွင့်တွေ ရရှိထားပြီး ၊ သွင်းဂိုး တိုက်ရိုက် ပတ်သက်မှု ၅ကြိမ် အထိ ရှိခဲ့တဲ့ အိုဒွိုင်း ဟာ အင်္ဂလန် လက်ရွေးစင် အသင်းသို့ ပြန်လည် ဝင်ရောက်နိုင်ဖို့ ရုန်းကန်နေရတဲ့ အတွက် ၊ လွန်ခဲ့တဲ့ ၂လခန့်ကမှ နိုင်ငံသား အပြောင်းအလဲ လုပ်ဖို့ ကောလဟလတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ် ။

၂၀၁၉ ခုနှစ်မှာ လက်ရွေးစင် အသင်း အတွက် ပထမဆုံး ရွေးချယ်ခံခဲ့ရပြီးနောက်ပိုင်း ၊ အိုဒွိုင်း ဟာ ပြင်းထန်တဲ့ ခြေကျင်းဝတ် အရွတ် ဒဏ်ရာ ရခဲ့တာကြောင့် ၊ အရင်လို ပုံမှန် ခြေစွမ်းမှန်ဆီ ပြန်ရောက်ဖို့ အတော်လေး ရုန်းကန်ခဲ့ရပါတယ် ။ အဲဒီနောက်ပိုင်း ၎င်းဟာ လက်ရွေးစင် အဆင့်မှာ ပါဝင်ခွင့် မရခဲ့ပဲ ၊ ယူ ၂၁ အသင်းမှာသာ အချိန်ကုန်ခဲ့ရပါတယ် ။

တဖက်မှာ အိုဒွိုင်း ဟာ ချဲလ်ဆီး အသင်းမှာ ကစားခွင့် ပြန်ရနေချိန် ၊ ကလပ် အတွက် အပြည့်အဝ အာရုံစိုက်လို့တာကြောင့် နောက်ဆုံး တကြိမ် ယူ ၂၁ အသင်းမှ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာလို့ သိရပါတယ် ။ ဒါဟာ ၎င်းအနေနဲ့ ယူ ၂၁ အသင်းကို စိတ်တိုင်းမကျလို့ ပြန်မသွားချင်တာ မဟုတ်ဘူး ဆိုတာ ပေါ်လွင်နေပါတယ် ။

ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကတော့ ယူ ၂၁ အသင်း အတွက် ပြန်မကစားဖို့ ဆုံးဖြတ်ခဲ့တဲ့ အိုဒွိုင်းဖက်မှ အပြည့်အဝ ကာကွယ်ပေးလိုက်သလို ၊ လက်ရွေးစင် အဆင့်ကို ပြန်ရောက်လာဖို့ အတွက် ၎င်းအနေနဲ့ ဘာတွေ လုပ်ဆောင်ရမယ် ဆိုတာကိုလည်း အခုလိုပဲ အကြံပေးခဲ့ပါတယ် ။

မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က ” ယူ ၂၁ အသင်းမှာ ပြန်ကစားပြီး ၊ လက်ရွေးစင် အဆင့်ကို ပြန်ရောက်အောင် လုပ်ဖို့ ဆိုတာ ကော်လမ် အတွက် မှန်ကန်တဲ့ ချဉ်းကပ်မှု ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ် ။ ဒါပေမယ့် ဒါဟာ ကော်လမ်ရဲ့ ရွေးချယ်မှုပါပဲ ။ ဒီနေရာမှာ ကျွန်တော် ဟာ သူ့ကိုယ်စား ဆုံးဖြတ်ပေးမှာလည်း မဟုတ်ပါဘူး ။ ”

” သူ့အနေနဲ့ စိတ်ရှိသလို ဒါကို ဆုံးဖြတ်နိုင်ပါတယ် ။ ဒါနဲ့ ပတ်သက်ပြီး ပြောဆို ဆွေးနွေးဖို့ အကောင်းဆုံး နည်းလမ် က ကွင်းတွင်း စွမ်းဆောင်ရည်နဲ့ ဖြစ်ပါတယ် ။ မနက်ဖြန် ဟာ သူ့အတွက် နောက်ထပ် အခွင့်အရေးကောင်း တခု ဖြစ်နိုင်ပါတယ် ။ ကစားခွင့် မိနစ်တွေ ရလာတဲ့အခါ ၊ သူ့အနေနဲ့ ထိုကနေတဆင့် ပြန်ပြီး တုန့်ပြန်နိုင်ဖို့ လိုပါတယ် ။ ”

” သူ ဘယ်လို ဆုံးဖြတ်ချက်မျိုးပဲချချ ၊ ကျွန်တော်တို့ဟာ ဒါကို လေးစားမှု ပေးရပါတယ် ။ ကိုယ်ပိုင် အထင်အမြင်တွေနဲ့ ကောက်ချက်ချ ဝေဖန်နေဖို့ မဟုတ်ပါဘူး ။ လူတိုင်းမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ချဉ်းကပ်မှု ကိုယ်စီ ရှိကြပါတယ် ။ အသင်းသားတွေ သက်ဆိုင်ရာ နိုင်ငံ အသင်းတွေမှာ ကိုယ်စားပြု ကစားခွင့် ရတဲ့အခါ ကျွန်တော်တို့လည်း ဝမ်းသာ ဂုဏ်ယူရပါတယ် ။ ”

” ကော်လမ် ဟာ ယူ ၂၁ အတွက် မကစားပေးတော့ပဲ ၊ ကလပ်မှာပဲ ကျန်နေဖို့ ဆုံးဖြတ်ခဲ့တာ ၂ကြိမ် ရှိပါပြီ ။ သူဟာ ပရော်ဖက်ရှင်နယ် စိတ်ဓာတ် အရမ်း ပြည့်ဝပြီး ၊ ကျွန်တော်တို့ကို အထင်ကြီးအောင် လုပ်ပြဖို့ အခွင့်အလမ်းကောင်းကိုလည်း ပိုင်ဆိုင်ထားပါတယ် ။ ”

” ယူ ၂၁ အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာ ဟာ ကလပ် အတွက် ပွဲထွက် နေရာကို အမိအရ ဆုပ်ကိုင်ဖို့ အလိုရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ ဒါက မျှတမှု ရှိပါတယ် ။ သူ့ရဲ့ ဆုံးဖြတ်ချက်ကို လူတွေက ပုဂ္ဂိုလ်ရေး အရ ဗွေမယူဖို့ မျှော်လင့်ပါတယ် ။ ဒါဟာ အခြေအနေတွေကို နှိုင်းယှဉ်နေဖို့ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR