အကျိတ်အနယ်ပွဲတွေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အတွက် ခန့်မှန်းသုံးသပ်ချက်များ

နိုင်ငံပွဲတွေ ပြီးလို့ ပြန်စတဲ့ ရက်သတ္တပတ်ကတော့ စိတ်ဝင်စားစရာတွေ ပြည့်နှက် နေပါတယ် ။ ပုံစံကောင်း ရနေတဲ့ အာဆင်နယ် နဲ့ လီဗာပူး တို့ ထိပ်တိုက်တွေ့ ကြသလို နည်းပြသစ်တွေ ရဲ့ အဖွင့်ပွဲတွေ ကလည်း စောင့်ကြည့်ချင်စရာ ကောင်းနေပါတယ် ။

လက်စတာ နဲ့ ချဲလ်ဆီး ၊ ဝုဗ် နဲ့ ဝက်စ်ဟမ်း တို့ရဲ့ ပွဲတွေ ကလည်း အမှတ်ပေး ဇယား အနေအထား အပေါ် သက်ရောက်မှုတွေ ဖြစ်လာ နိုင်တာမို့ လက်လွှတ်ဖို့ ခက်မယ့် ပွဲတွေ ဖြစ်လာမှာပါ ။

ဒါကြောင့် နိုင်ငံတကာ ရက်သတ္တပတ်အပြီး ၊ ပွဲကောင်းတွေ နဲ့ ပြန်လည် ဖွင့်လှစ် လိုက်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အတွက် Sky Sports က လူးဝစ် ဂျုံးစ် ရဲ့ ခန့်မှန်းချက်တွေကို ဖော်ပြ ပေးလိုက်ရ ပါတယ် ။

 

၁ ။ လက်စတာ – ချဲလ်ဆီး

 

သောမတ်စ် တူချယ် ရဲ့ ချဲလ်ဆီး ခံစစ်ဟာ သူတု့ိ ရဲ့ အဓိက လက်နက် ပါပဲ ။ အခုထိ သူတို့ ပရီးမီးယားလိဂ် မှာ ၄ ဂိုးတည်း ပေးထားရ ပါသေးတယ် ။ အဲဒိ အထဲမှာ ကစားကွက် ကနေ ပေးရတာက ၁ ဂိုးတည်းပါ ။ ဒီလို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုးကို ချဲလ်ဆီး ဘယ်လောက်ထိ ထိန်းထား နိုင်မလဲ ဆိုတာ ကျွန်တော် စိတ်ဝင်စား မိပါတယ် ။

 

လက်စတာ ဟာ ဘရန်ဒွန် ရော်ဂျာ ကိုင်တွယ်တဲ့ ၂၀၁၉ ကစပြီး မန်ချက်စတာ ၂ သင်း ၊ လီဗာပူး နဲ့ ချဲလ်ဆီး တို့သာ လက်စတာ ထက် ပိုပြီး ဂိုးသွင်း ထားနိုင်ပါတယ် ။ လက်စတာ ရဲ့ အသင်းကြီးတွေနဲ့ ရလဒ်တွေ ကလည်း ပိုပြီး ကောင်းလာပါတယ် ။ ဒါတွေက ရော်ဂျာ ရဲ့ စွမ်းဆောင်နိုင်မှုပါ ။

 

ဒါကြောင့် ဒီပွဲဟာ ကွင်းထဲက ကစားသမားတွေသာမကဘဲ ကွင်းပြင်က နည်းပြတွေရဲ့ ဗျူဟာ အားပြိုင်မှုတွေ ကိုပါ မြင်တွေ့ ရနိုင်မယ့် ပွဲမျိုး ဖြစ်လာမှာပါ ။ လက်စတာ ဘက်မှာ အိမ်ကွင်း အားသာချက် ရှိပါတယ် ။ ချဲလ်ဆီး ခံစစ် ကို ဗာဒီ တို့ ဘယ်လောက်ထိ ထိုးနှက် နိုင်မလဲဆိုတာက အဖြေဖြစ်လာမှာပါ ။

ခန့်မှန်းချက် – လက်စတာ ၂ – ၂ ချဲလ်ဆီး

၂ ။ ဝက်ဖိုဒ့် – မန်ချက်စတာ ယူနိုက်တက်

 

ဆိုးရှား မှာ ဖိအားတွေရှိနေ ပါတယ် ။ အသင်းထဲမှာ ကစားသမားတွေရဲ့ မပျော်ရွှင်မှု ကလည်း ပိုပြီး တိုးလာပါတယ် ။ ဒါပေမယ့် အသင်းအကြီးအကဲတွေ က ဆိုးရှား ကို ထောက်ခံ နေဆဲ ပါပဲ ။

ဒါက ပိုမို ဆိုးရွားတဲ့ ဘက်ကို ဦးတည် လာနိုင်မလား ဆိုတာ တွေးကြည့်ချင် စရာပါပဲ ။

အသင်း တသင်းမှာ နည်းပြ က အခရ ဆိုပေမယ့် ကွင်းထဲမှာ ကစားရတဲ့ သူတွေကပဲ ပွဲကို အဓိက ပြောင်းလဲ ပေးနိုင်မှာပါ ။ တယောက် ၂ ယောက်လောက်က ပြဿနာ မရှိပေမယ့် တသင်းလုံးနီးပါး ဖြစ်လာရင်တော့ အခြေအနေ မကောင်းနိုင်တော့ ပါဘူး ။

 

ရာနီရေးနီ ရဲ့ ဝက်ဖိုဒ့် က ယူနိုက်တက် လောက် အင်အား မတောင့်ပါဘူး ။ ဒါပေမယ့် အခု ယူနိုက်တက် မှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ ကို ရာနီရေးနီ ကောင်းကောင်း သဘောပေါက်မယ် ဆိုရင် ဒီပွဲ မှာ သူတို့လိုချင်တဲ့ ရလဒ် ထွက်လာအောင် ကစားဖို့ ဗျူဟာကို တွေးတော မိနိုင်ပါတယ် ။

ခန့်မှန်းချက် – ဝက်ဖိုဒ့် ၁ – ၁ မန်ယူနိုက်တက်

၃ ။ လီဗာပူး – အာဆင်နယ်

 

စက်တင်ဘာ တုန်းက အာဆင်နယ် ဟာ လီဗာပူး နဲ့ အဆင့် ၁၅ ဆင့် အကွာမှာ ရှိနေခဲ့ ပါတယ် ။ အခု သူတို့ လီဗာပူး နဲ့ ၂ မှတ် အကွာကို ရောက်လာ ခဲ့ပါပြီ ။ နောက်ဆုံး ကစားတဲ့ ဆယ်ပွဲမှာလည်း အာဆင်နယ် တို့ ရှုံးပွဲ မရှိထား ပါဘူး ။ ကစားပုံ ကလည်း သိသိ သာသာ တိုးတက် လာပါတယ် ။

 

ဒါပေမယ့် ဒါက အန်ဖီးလ် မှာ လီဗာပူး ကို နိုင်ဖို့ လုံလောက်နေပြီလား ၊ မဖြစ်နိုင်သေးဘူးလို့ ပြောရမှာပါ ။

နောက်ဆုံးပွဲမှာ ဝက်စ်ဟမ်း ကို ရှုံးခဲ့တာကြောင့် အဆင့်ကျသွားတဲ့ လီဗာပူးတို့ ဒီပွဲမှာ ထပ်ပြီး အမှတ်လျော့ ခံမှာ မဟုတ်ပါဘူး ။

 

ခြေစွမ်းက ၂ သင်းစလုံး သိပ်ပြီး မကွာခြား ပါဘူး ။ အာဆင်နယ် အတွက်တော့ စမ်းသပ်မှု တခု ဖြစ်လာမှာပါ ၊ လီဗာပူး အတွက်တော့ သံသယတွေကို ရှင်းပစ်ရမယ့် ပွဲပါပဲ ။ အမှားမလုပ်မိအောင် သတိထား ကစားကြမှာ ဖြစ်လို့ ဂိုးတွေ အများကြီး မြင်ရ ဖို့ မရှိပါဘူး ။

အိမ်ရှင် လီဗာပူး က နိုင်ဖို့ အခွင့်သာပြီး သရေ ကျသွား နိုင်ချေလည်း ရှိနေပါတယ် ။

ခန့်မှန်းချက် – လီဗာပူး ၁ – ၀ အာဆင်နယ်

၄ ။ မန်ချက်စတာ စီးတီး – အဲဗာတန်

 

ကန်ဆယ်လို ရဲ့ ခြေစွမ်းပြမှုတွေ ဟာ စီးတီး တိုက်စစ်ကို ပိုပြီး အားကောင်း နေစေပါတယ် ။ ဘယ်တောင်ပံ မှာ ဂရီလစ်ရှ် ပဲ ဖြစ်ဖြစ် ဖိုဒန် ပဲ ဖြစ်ဖြစ် ကန်ဆယ်လို က အတွဲမိအောင် ကစားပြနိုင်ပြီး စီးတီး အတွက် ဖန်တီးမှု များစွာ ပြုလုပ်ပေးနေ ပါတယ် ။

ဒီပွဲမှာလည်း အဲဗာတန် ကို စီးတီး တို့ ဘက်ပေါင်းစုံ ကနေ ဖိအားပေးနေ မှာပါ ။ ဘင်နီတက် ကတော့ မန်ယူနိုက်တက် နဲ့ ပွဲတုန်းကလို ဗျူဟာမျိုး ကို ထပ်သုံးဖို့ ရှိပါတယ် ။

ဒါပေမယ့် ကွာခြားသွားတာက အခု သူတို့ ရင်ဆိုင်ရမှာက မန်ချက်စတာ စီးတီး ဖြစ်နေတာပါပဲ ။

ခန့်မှန်းချက် – မန်စီးတီး ၂ – ၀ အဲဗာတန်

၅ ။ တော့တင်ဟမ် ဟော့စပါး – လိဒ်ယူနိုက်တက်

 

အဲဗာတန် နဲ့ ကစားတဲ့ပွဲမှာ စပါး တို့ တိုးတက်လာခဲ့ ပါတယ် ။ ဒါက အန်တိုနီယို ကွန်တီ ရဲ့ နည်းစနစ်တွေကြောင့် တခုတည်း မဟုတ်တာ အသိသာကြီး ပါပဲ ။

စပါး ကစားသမားတွေမှာ အရည်အချင်း ရှိပါတယ် ။ ကိန်း ၊ ဆွန် တို့ဆိုရင် ပြိုင်ဘက် အသင်းကြီးတွေမှာ ဝင် ကစားနိုင်တဲ့ သူတွေပါ ။ သူတို့ အတွက် မှန်ကန်တဲ့ ညွှန်ကြားမှု နဲ့ စိတ်ဓါတ်ခွန်အားတွေ လိုအပ် နေတာပါ ။

လိဒ် က ဒီရာသီမှာ သူ့အောက်က အသင်းတွေကို နိုင်တာများပြီး သူ့အထက်က အသင်းတွေနဲ့ ဆိုရင် ရလဒ်တွေ မကောင်း ဖြစ်ခဲ့ပါတယ် ။

ဒီပွဲမှာလည်း ကွန်တီ ရဲ့ ပထမဆုံး အိမ်ကွင်းပွဲ ကို စပါးတို့ အနိုင် ရအောင် ကစားကြမှာပါ ။ အိမ်ရှင် နိုင်ဖို့ ရာနှုန်းများတဲ့ ပွဲပါပဲ ။

ခန့်မှန်းချက် – စပါး ၃ – ၁ လိဒ်

အခြားပွဲစဉ် ခန့်မှန်းချက်များ –

 

၆ ။ အက်စတွန် ဗီလာ ၀ – ၀ ဘရိုက်တန်

 

၇ ။ ဘန်လေ ၁ – ၁ ခရစ္စတယ် ပဲလေ့စ်

 

၈ ။ နယူးကာဆယ် ၁ – ၂ ဘရန့်ဖိုဒ့်

 

၉ ။ နောဝှစ်ချ် ၀ – ၁ ဆောက်သမ်တန်

 

၁၀ ။ ဝုဗ် ၀ – ၂ ဝက်စ်ဟမ်း

 

SPORTS MYANMAR