အက်သလက်တီကိုမက်ဒရစ်ကို အိမ်မက်ဆိုးပေးခဲ့တဲ့ လီဗာပူးကစားသမား တစ်ဦးကို အထူးချီးကျူးလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ရီယိုဖာဒီနန်ဟာ ယနေ့မနက်အစောပိုင်းက အက်သလက်တီကိုမက်ဒရစ်နဲ့ ပွဲစဉ်မှာ အကောင်းဆုံး ခြေစွမ်းပြ ကစားခဲ့တဲ့ လီဗာပူး တိုက်စစ်မှုး ဆာဒီယိုမာနေးကို အထူးချီးကျူး သွားခဲ့ပါတယ်။ လီဗာပူးဟာ အန်ဖီးမှာ အက်သလက်တီကို ကို ၂-၀ နဲ့ အနိုင်ကစားကာ ၄ ပွဲကစား ၄ ပွဲနိုင် အုပ်စုဗိုလ်နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက် သွားခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးဟာ ဒီယေဂိုဂျိုတာ နဲ့ မာနေး တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ အက်သလက်တီကို ကို အနိုင်ယူခဲ့တာ ဖြစ်ပြီး ဖာဒီနန်ဟာ အဆိုပါ ပွဲမှာ ဂိုးသွင်းယူခဲ့တဲ့ မာနေးရဲ့ စွမ်းဆောင်ရည် အပေါ် အတော် သဘောကျနေခဲ့တာ ဖြစ်ပါတယ်။ မာနေးဟာ အလက်ဇန်းဒါးအာနိုး ကန်သွင်းယူလိုက်တဲ့ ဘောလုံးကို ဂိုးသမား အော့ဘလက် ဘာမှ မတက်နိုင်အောင် လမ်းကြောင်းပြောင်းကာ ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။

 

ဒါ့အပြင် အက်သလက်တီကို နောက်ခံလူ ဖီလစ်ပီဟာ တန်ပြန်တိုက်စစ်ဆင်လာခဲ့တဲ့ မာနေးကို နောက်ကနေ ကြမ်းတမ်းစွာ ဖြတ်ထုတ်ခဲ့တာကြောင့် အနီကတ် ပြသခံခဲ့ရပါသေးတယ်။

ဖာဒီနန်က “မာနေးလို ကစားသမားမျိုးကို ရင်ဆိုင် ကစားရတာဟာ ပြိုင်ဘက် နောက်ခံလူတွေ အတွက်တော့ တကယ့် အိမ်မက်ဆိုး ပါပဲ။ တကယ့်ကို ဆိုးပါတယ်။ သူဟာ တိုက်စစ်မှုးကောင်း တစ်ဦးမှာ ရှိသင့်တဲ့ အရည်အသွေး အားလုံးကို ပိုင်ဆိုင်ထားပါတယ်။ သူဟာ ပြိုင်ဘက် နောက်ခံလူကို အင်အားသုံးကာ အနိုင်ယူနိုင်သလို သူ့ရဲ့ လျှင်မြန်မှုနဲ့လည်း အနိုင်ယူနိုင် ပါတယ်။ သူ့မှာ အရမ်းကို ကောင်းတဲ့ ပါဝါ အလိမ်အခေါက် စွမ်းရည် ၊ လျှင်မြန်တဲ့ ခြေထောက် စတာတွေ အားလုံး ရှိနေပါတယ်။ ကျွန်တော် ကတော့ သူ့ရဲ့ ကစားပုံကို ကြည့်ရတာ အရမ်း နှစ်သက်ပါတယ်။” လို့ ချီးကျူးသွားပါတယ်။

 

လီဗာပူး တိုက်စစ်မှုးဟောင်း ပီတာခရောက်ခ်ျ ကလည်း အလက်ဇန်းဒါးအာနိုးရဲ့ ကန်ချက်ကို လျှင်မြန်တဲ့ တုန့်ပြန်မှုနဲ့ ဂိုးသွင်းယူခဲ့တဲ့ မာနေးကို ချီးကျူးခဲ့ပါတယ်။

ခရောက်ခ်ျက “ဒီသွင်းဂိုးမှာ မာနေးရဲ့ စွမ်းဆောင်မှုဟာ စပယ်ရှယ် ပါပဲ။ အင်အား ပါးနပ်မှု အရည်အသွေးတွေ ပေါင်းစပ်ထားတာပါ။ ရိုးရိုးသားသား ပြောရမယ် ဆိုရင် ဒါဟာ ဖြတ်တင်ဘောလား ကန်သွင်းမှုလား ဆိုတာ မသေချာပါဘူး။ အလက်ဇန်းဒါးအာနိုး ဖြစ်နေတာကြောင့် ကျွန်တော်ကတော့ ဒါကို ဖြတ်တင်ဘောလို့ပဲ သတ်မှတ်လိုက် ပါတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ ဒီလို ဖန်တီးနိုင်တဲ့ စွမ်းရည် ရှိနေတယ် ဆိုတာ ဂျိုတာရဲ့ သွင်းဂိုးကို ကြည့်ရင် သိနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မာနေးရဲ့ တုန့်ပြန်မှု ကတော့ တကယ့်ကို ကောင်းလွန်းပါတယ်။” လို့ ဆိုလိုက်ပါတယ်။

မာနေးဟာ အက်သလက်တီကိုနဲ့ ပွဲမှာ ပထမပိုင်းသာ ကစားခဲ့ရတာ ဖြစ်ပြီး ၎င်းရဲ့ အဝါကတ်ကြောင့် ပထမပိုင်း အပြီးမှာ ဖာမီနိုနဲ့ လူစားလဲခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်နဲ့ ပက်သက်ပြီး ကလော့က “ကျွန်တော် ဒီလို လုပ်တော့မယ်ဆိုတာ ကွင်းထဲက လူတွေ အားလုံး သိကောင်းသိနိုင်မှာပါ။ ဒါဟာ မှန်ကန်တဲ့ လုပ်ဆောင်မှုလို့ ကျွန်တော် တွေးခဲ့ပါတယ်။ ဆာဒီယိုဟာ ဒီပွဲမှာ အကောင်းဆုံး ကစားခဲ့တာကြောင့် ကျွန်တော် ဒီလို လုပ်ရတာကို ခင်ဗျားတို့ ထင်တာထက် မုန်းတီးလှပါတယ်။ ဆာဒီယို အနေနဲ့ သူ့စိတ်ကို မထိန်းနိုင်မှာကို ကျွန်တော် စိတ်မပူပါဘူး။ သူဟာ တည်ငြိမ်နေခဲ့ပါတယ်။

ပြသနာက အမြင့်ဘောတွေကို ခေါင်းယှဉ်တိုက်တဲ့အခါ ပြိုင်ဘက်ကစားသမား တစ်ဦး လဲကျသွားပြီ ဆိုတာနဲ့ အက်သလက်တီကို ကစားသမားတွေ ဘာလုပ်ခဲ့သလဲ ဆိုတာ ကျွန်တော်တို့ အားလုံး တွေ့ခဲ့ရမှာပါ။ လဲကျတဲ့ ကစားသမားကော ကျန်ကစားသမားတွေကပါ လူအရေအတွက် တူညီသွားအောင် ခဏခဏ ကြိုးစားခဲ့ကြပါတယ်။ ဒါ့ကြောင့် ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM