အက်သလက်တီကိုကို ထိန်းချုပ်ကစားကာ အနိုင်ယူခဲ့တဲ့ လီဗာပူးရဲ့ခြေစွမ်းနဲ့ နှိ်ုင်းယှဉ်ကာ မန်ယူနိုက်တက်ကို ဝေဖန်လိုက်တဲ့ ဖာဒီနန်

အက်သလက်တီကိုမက်ဒရစ်ကို လွှမ်းမိုးထိန်းချုပ် ကစားခဲ့တဲ့ လီဗာပူးရဲ့ ခြေစွမ်းကို ကြည့်ပြီး ရီယိုဖာဒီနန်က သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ဟာ အတ္တလန်တာနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အသင်းတစ်သင်း အနေနဲ့ ဖရိုဖရဲ ဖြစ်နေခဲ့တယ်လို့ နှိုင်းယှဉ် ဝေဖန်သွားခဲ့ပါတယ်။

မန်ယူနိုက်တက်ဟာ အင်္ဂါနေ့က ဘာဂါမိုမှာ အတ္တလန်တာကို နောက်ကနေ အသဲအသန် လိုက်ကစားကာ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ နောက်ကျ ချေပဂိုးကြောင့် သရေ တစ်မှတ် ရယူနိုင်ခဲ့တာပါ။ လီဗာပူး ကတော့ ယနေ့မနက်မှာ အက်သလက်တီကို ကို လွှမ်းမိုးကစားကာ ၂-၀ နဲ့ သက်တောင့်သက်သာ နိုင်ခဲ့ပါတယ်။ သရဲနီ တို့ဟာ အတ္တလန်တာကို ၂ ကြိမ်တိုင်တိုင် နောက်ကနေ လိုက်ကစားခဲ့ရပြီး ရော်နယ်ဒိုရဲ့ သွင်းဂိုး ၂ ကြောင့်သာ အီတလီမှာ သရေတစ်မှတ် ရခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ နောက်တဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် လက်ကျန် ၂ ပွဲမှာ ရလဒ်ကောင်းဖို့ လိုအပ်နေပေမယ့်လည်း လီဗာပူးကတော့ အက်သလက်တီကို အေစီမီလန် ပေါ်တို တို့လို အသင်းတွေ ပါ၀င်နေတဲ့ အုပ်စုကျပ်မှာ ၄ ပွဲကစား ၄ ပွဲစလုံး အနိုင်ရကာ နောက်တဆင့်ကို အုပ်စုဗိုလ်နဲ့ တက်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဖာဒီနန်က လက်ရှိ အချိန်မှာ လီဗာပူးတို့ လုပ်ပြနေတဲ့ အရာတွေဟာ အိုလီဂန်နာဆိုးရှားရဲ့ အသင်း ရောက်ရှိဖို့ လိုအပ်နေတဲ့ level ဖြစ်တယ်လို့ သုံးသပ်သွားပါတယ်။

ဖာဒီနန်က “မနေ့က မန်ယူနိုက်တက်တို့ ကစားခဲ့တဲ့ ပွဲစဉ်နဲ့ ဒီပွဲကို နှိုင်းယှဉ်ကြည့်လိုက်ပါ။ မန်ယူနိုက်တက် အကြောင်းကို ဒီနေရာကို သယ်လာပြီး လီဗာပူးရဲ့ အကောင်းဆုံး စွမ်းဆောင်ခဲ့မှုကို ကျွန်တော် မဖုံးကွယ်လိုပါဘူး။ ဒါပေမယ့် ဒီပွဲက လီဗာပူးရဲ့ ကစားပုံဟာ ဒီပွဲ ၂ ပွဲကြား ကွာခြားချက်ကို ထောက်ပြလိုက်သလို ပါပဲ။ အမှန်ပါပဲ။ အက်သလက်တီကိုဟာ ပထမပိုင်း မပြီးခင်မှာ လူ ၁၀ ယောက် ဖြစ်သွားခဲ့ပါတ်။ ဒါပေမယ့် အဲဒီ မတိုင်မီ ကတည်းက လီဗာပူး အသင်းဟာ ပွဲကို အပြည့်အ၀ ထိန်းချုပ် ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အမှန်ပါပဲ။ လီဗာပူးဟာ ကာလရှည် ရှုံးပွဲမရှိ မှတ်တမ်းကောင်းနဲ့ ဆက်လက် ခရီးဆက်နေပါတယ်။ ဒါပေမယ့် ဒါဟာ ပွဲတွေကို ထိန်းချုပ် ကစားနိုင်ခဲ့တဲ့ အပေါ် မူတည်ပြီး ရခဲ့တဲ့ မှတ်တမ်းပါ။ သူတို့ဟာ ဒီပွဲစဉ်မှာလည်း မြင့်မားတဲ့ intensity ၊ ပရိတ်သတ်အား စတာတွေကို အသုံးချကာ ပွဲကို အပြည့်အ၀ ထိန်းချုပ် ကစား သွားခဲ့ပါတယ်။ မနေ့က ပွဲစဉ်မှာတော့ မန်ယူနိုက်တက်ဟာ တကယ့်ကို ဖရိုဖရဲ နဲ့ပါ။ ပွဲကို ထိန်းချုပ် ကစားကာ နိုင်ပွဲ ရယူနိုင်မယ့် အဆင့်ကို ရောက်ဖို့ အဝေးကြီး လိုနေပါသေးတယ်။” လို့ ဆိုလိုက်ပါတယ်။

အက်သလက်တီကို ကို နိုင်ခဲ့တဲ့ ပွဲစဉ် အပြီးမှာ ကလော့က “အကယ်၍ ဘော်ဘီသာ ဒူးကောက်ကြော ဒဏ်ရာကြောင့် မထွက်ခွာ ခဲ့ရဘူးဆိုရင် ဒီနိုင်ပွဲဟာ အများကြီး ပိုကောင်းမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ တကယ့်ကို ကောင်းမွန်လှတဲ့ အုပ်စု အဆင့် ဖြစ်ပါတယ်။

အုပ်စုမဲခွဲပြီးချိန်မှာ ကျွန်တော်တို့ ဒီလို လုပ်နိုင်လိမ့်မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ ဘယ်သူမှလည်း ဒီလို မျှော်လင့်ထားမှာ မဟုတ်ပါဘူး။ နောက်တဆင့်ကို စောစောတက်နိုင်ခဲ့တာဟာ တကယ့်ကို စပယ်ရှယ်ပါပဲ။ ဒီညမှာ အလုပ်ပြီးမြောက်ခဲ့ပါတယ်။ ဒါပေမယ့် ၂ ပွဲကစားဖို့ ကျန်နေသေးတယ် ဆိုတာ ကျွန်တော်တို့ အားလုံး သိပြီးသားပါ။ ကျွန်တော်တို့ ဒီပွဲတွေကိုလည်း အနိုင်ရအောင် အစွမ်းကုန် ကစားသွားမှာပါ။ ဒီလို ဆုံးဖြတ်ထားပါတယ်။” လို့ ဆိုလိုက်ပါတယ်။

SM