အက်ဒီဟောင်း ကို နည်းပြသစ် ခန့်အပ်နိုင်ဖို့ လက်တစ်ကမ်း အလို ရောက်ရှိသွားပြီ ဖြစ်တဲ့ နယူးကာဆယ်

နယူးကာဆယ် အသင်းဟာ ဘုန်းမောက် အသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ အက်ဒီ ဟောင်း ကို နည်းပြသစ် ခန့်အပ်ဖို့ အခြေခံအားဖြင့် သဘောတူညီမှု ရရှိထားပြီးပြီ ဖြစ်ပါတယ်။

လက်ရှိမှာ စာချုပ် စာတမ်း ဆိုင်ရာ အချက်အလက်တွေကို ပြင်ဆင်နေပြီး ၊ အပြီးသတ် ချုပ်ဆိုနိုင်ဖို့ အတွက် ကြိုးစားလျှက် ရှိနေပါတယ်။

နယူးကာဆယ် ဟာ အက်ဒီဟောင်း ကို 2 နှစ်ခွဲ စာချုပ် နဲ့ 2024 ခုနှစ် အထိ စာချုပ် ချုပ်ဆိုမှာ ဖြစ်ပါတယ်။

ဆော်ဒီ လုပ်ငန်းရှင်တွေ က လွှဲပြောင်း ဝယ်ယူပြီး နောက်ပိုင်း ဘောလုံး လောကရဲ့ အချမ်းသာဆုံး ကလပ် ဖြစ်လာတဲ့ နယူးကာဆယ် ဟာ ကမ္ဘာကျော် နည်းပြကြီးတွေ ဖြစ်တဲ့ ကွန်တီ ၊ တန်ဟတ် တို့ကို ခေါ်ယူဖို့ ချဉ်းကပ်ကြည့်ခဲ့သည့်တိုင်အောင် အဆင်မပြေခဲ့ပါဘူး။

အဲဒီနောက် ရိုးမား နည်းပြ ဖွန်ဆီကာ နဲ့ ချိတ်ဆက်ပြီး တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ဆွေးနွေးပွဲက ရလာဒ်မထွက်ပဲ ပျက်ပြယ်သွားခဲ့ ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာတော့ ဗီလာ ရီးရဲ မှာ တာဝန် ထမ်းဆောင်နေတဲ့ အာဆင်နယ် နည်းပြဟောင်း အူနိုင်း အမ်မရီ နဲ့ ဆွေးနွေးနေတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ ပါတယ်။

တချိန်တည်းမှာ စပိန် ကလပ်ကို လျော်ကြေး ယူရို 6 သန်း ပေးဖို့ သဘောတူညီမှု ရယူနိုင်ခဲ့သည့်တိုင်အောင် ၊ အမ်မရီ နဲ့ အကြား ဆွေးနွေးမှုတွေမှာ အဆင်မပြေခဲ့ပြန်တာကြောင့် အရံ ပစ်မှတ်ဖြစ်တဲ့ အက်ဒီဟောင်းဆီ မြှားဦးလှည့်ခဲ့ရပြန်ပါတယ်။

သတင်းထောက် တချို့ ကတော့ နယူးကာဆယ် မှာ အသင်းတစ်သင်းကို ဘယ်လို တည်ဆောက်ရမယ် ဆိုတဲ့ တိကျခိုင်မာတဲ့ Project မျိုးတွေ မရှိတာကြောင့် ၊ နည်းပြသစ် ရာထူးကို လက်ခံရယူပေးဖို့ စိတ်ဝင်စားခြင်း မရှိတာ ဖြစ်တယ်လို့ မှတ်ချက် ပေးခဲ့ကြပါတယ်။

အက်ဒီဟောင်း ဟာ သူ့ရဲ့ ငယ်ဘ၀ ကလပ် ဘုန်းမောက် နဲ့ အတူ ပရီးမီးယားလိဂ် မှာ ကျင်လည်ခဲ့ဖူးပြီး ၊ အမြင့်ဆုံး အခိုက်အတန့်တွေ တုန်းကတော့ အင်္ဂလန် နည်းပြရာထူး ၊ အာဆင်နယ် နည်းပြ ရာထူးတွေကိုတောင် လက်ခံရယူဖို့ ရေပန်းစားခဲ့ဖူးပါတယ်။

တကယ်လို့ နယူူးကာဆယ် နည်းပြ တရားဝင် ဖြစ်လာပါက တချိန်က ဘုန်းမောက်မှာ လက်တွဲခဲ့ဖူးတဲ့ လက်နည်းအဖွဲ့ဝင်တွေ ကိုပါ ခေါ်ဆောင်လာဖွယ် ရှိနေတယ်လို့ မျှော်လင့်ရပါတယ်။

လက်ရှိမှာ အသင်းကို လက်ထောက်နည်းပြ ဂရေမီ ဂျုံး က တာဝန်ယူ ကိုင်တွယ်လျှက် ရှိနေပြီး ဒီတပတ် မှာ ကစားမယ့် ဘရိုတ်တန် နဲ့ ပွဲစဉ်ကို သူပဲ ဆက်လက် တာဝန်ယူဖွယ် ရှိနေပါတယ်။

အက်ဒီဟောင်း ကတော့ နိုင်ငံတကာ ပွဲစဉ်ကာလ အရောက်မှာ အသင်းကို စတင် လွှဲပြောင်း ရယူသွားမှာပါ။

နယူးကာဆယ် ဟာ လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပွဲစဉ် 10 ပွဲ ကစားထားပြီးသည့်တိုင်အောင် အခုထိ နိုင်ပွဲ လုံး၀ မရရှိသေးပဲ စုစုပေါင်းမှ ရမှတ် 4 မှတ်သာ ရရှိထားကာ အမှတ်ပေးဇယား ရဲ့ အဆင့် 19 နေရာမှာ ရပ်တည်လျှက် ရှိနေပါတယ်။

ဒါကြောင့် အက်ဒီဟောင်း ရဲ့ အဓိက တာဝန်ဟာ အသင်းကို တန်းမဆင်း ရအောင် ကြိုးစားရဖွယ် ရှိနေပြီး ၊ အဲဒီကနေမှ တဆင့် ဥရောပ ဝင်ခွင့်မျှော်လင့်ချက်တွေကို တည်ဆောက်လာဖွယ် ရှိနေပါတယ်။

ဘုန်းမောက်လို အသင်းငယ်လေး တသင်းကို ပရီးမီးယားလိဂ် လို နေရာမျိုး အထိ ဆွဲတင်ပြနိုင်ခဲ့တဲ့ အက်ဒီဟောင်း တစ်ယောက် ဒီတကြိမ်မှာလဲ နယူးကာဆယ် ကို ဥရောပ ဘောလုံး စင်မြင့်အထိ ဆွဲခေါ်ပြနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

SM