အက်ဇ်ပီလီကွီတာ ကို တမင်လုပ်ခဲ့တာလို့ ဝန်ခံပြီး ဒါမျိုးထပ်လုပ်ဦးမှာပဲလို့ ဖွင့်ပြောလာတဲ့ ဇလာတန်

အေစီမီလန် နဲ့ ဆွီဒင် တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ်ချ် က သူ ဟာ ချဲလ်ဆီး နဲ့ စပိန် နောက်ခံလူ ဆီဇာ အက်ဇ်ပီလီကွီတာ ကို ရည်ရွယ်ချက် ရှိရှိ ပုခုံးနဲ့ တိုက်ခဲ့တာလို့ ထုတ်ဖော် ပြောဆို ခဲ့ပြီး ဒီလိုမျိုးတွေ နောက်ထပ် လုပ်ချင်လည်း လုပ်နိုင် သေးကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ဇလာတန် ဟာ စပိန် က ဆွီဒင် ကို ၁ – ၀ နဲ့ အနိုင် ရခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ရဲ့ အုပ်စု နောက်ဆုံး ပွဲစဉ် မှာ အက်ဇ်ပီလီကွီတာ ကို နောက်ဘက် ကနေ ပုခုံး နဲ့ တိုက်ခဲ့တာ ဖြစ်ပြီး ဒီလို ပြုလုပ် ခဲ့မှုကြောင့် ဆွီဒင် တိုက်စစ်မှူးကြီး ဟာ အဝါကတ် ပြသ ခံခဲ့ရပြီး Play-off ပထမ အကျော့ ကို လွဲချော် ဖို့ ဖြစ်လာခဲ့ ပါတယ် ။

ဇလာတန် ဟာ ထောင့်ကန်ဘော အတွက် ၂ ဘက် အသင်းသားတွေ စုရုံး ပြင်ဆင် နေချိန်မှာ ဒီလို ပြုလုပ် ခဲ့တာ ဖြစ်ပြီး ပွဲချိန် အစောပိုင်း က အက်ဇ်ပီလီကွီတာ ရဲ့ မလိုအပ်တဲ့ အမူအရာပိုမှုတွေ အတွက် အခုလို လုပ်ခဲ့တာ ဖြစ်တယ်လို့ The Guardian သတင်းစာ ကို ပြောပြ သွားခဲ့ ပါတယ် ။

“တကယ်လို့ နောက်တခါ သူ နဲ့ ထပ်တွေ့ ဦးမယ် ဆိုရင် ကျွန်တော် ဒီကောင့်ကို ( အက်ဇ်ပီလီကွီတာ ) ဆလိုက် ကျွေးဦး မှာပါ ။ တမင် ကို လုပ်ဦးမှာပါ ။

ဒီလို ထုတ်ပြောရတာကို ရှက်စရာလို့ မမြင်ပါဘူး ။ ဘာလို့လည်း ဆိုတော့ သူက ကျွန်တော့ ကစားသမားတွေ ကို အရေးမပါတဲ့ ကိစ္စတွေ လုပ်ခဲ့လို့ ပါပဲ ။ အမူအရာတွေ က ပိုလွန်း ပါတယ်”

 

“ဒီလို လူချတာက မိုက်မဲတဲ့ ကိစ္စပါ ၊ ဒါပေမယ့် ကျွန်တော် ကတော့ ထပ်ပြီး လုပ်ချင် လုပ်ဦး မှာပါပဲ ။ ဒီလိုကောင်တွေ နားမလည်သေး သရွေ့ပေါ့ ။ တခြားလူတွေ ကိုပဲ သွားလုပ်လို့ ရပါမယ် ။

ကျွန်တော့ကို ၊ ကျွန်တော့လူတွေကို လာလုပ်ရင်တော့ ဘာဖြစ်သွားမယ် ဆိုတာကို ကျွန်တော် ပြရမှာပါပဲ”

“ပွဲပြီးတော့ ဒီကောင် ကျွန်တော့နားကို ရောက်လာ ပါတယ် ၊ ကျွန်တော့ကိုတော့ ဒဲ့မပြောပါဘူး ၊ ကျွန်တော့ အသင်းဖော် တယောက်ကို လာပြောခဲ့တာပါ ။

သူကတော့ ဘာမှ ပြန်မပြောခဲ့ပါဘူး ၊ ဘာလို့လည်း ဆိုတော့ သူက သဘောကောင်းလို့ပါ ။

ကျွန်တော် ကတော့ သဘောမကောင်းပါဘူး ၊ ဒီလို လုပ်တာတွေက မကောင်းဘူးဆိုတာ သိပေမယ့် ကျွန်တော် ကတော့ လုပ်နေဦးမှာပဲ ၊ ဒါကို ထုတ်ပြောရလို့လည်း ရှက်မနေပါဘူး” လို့ ဇလာတန် က ပြောပြ သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး အဝါကတ်ကြောင့် Play-off ပထမအကျော့ ကို လွဲချော်မှု နဲ့ ပတ်သက်ပြီးလည်း “အခု ပြောနေတာက Play-off ကို ဝင် မကန်ရလို့ မဟုတ်ပါဘူး ၊ ဒီလိုကောင်တွေ ကို နားလည်အောင် လုပ်ပေးရမယ် ဆိုတဲ့ အကြောင်းကို ပြောနေတာပါ ။

ဘာမှ ပြင်းပြင်းထန်ထန် မဖြစ်ဘဲ မြေကြီးပေါ်မှာ လူးလှိမ့် နေတဲ့ ကောင်တွေကိုပေါ့ ။

စကားမပြောတဲ့ ခွေးတကောင်ကို သွားရိုက်လို့ ဘာအကျိုးရှိမှာလဲ ၊ တခုခု ပြန်လုပ် နိုင်မယ့်လူကိုပဲ ယောက်ျား ပီပီသသ ရွေးစမ်းပါ ။

ကျွန်တော့ အသင်းဖော်က အသက် ၂၀ ပဲ ရှိပါသေးတယ် ၊ သိပ်ပြီး စိတ်သဘောထားကောင်းတဲ့ ကောင်လေးပါ ။

ဒီလောက် ပြောနေရရင် ဒီကောင် ( အက်ဇ်ပီလီကွီတာ ) သဘောပေါက်သင့်ပါပြီ” လို့ တိုက်စစ်မှူးကြီး က ပြောဆို သွားခဲ့ ပါတယ် ။

 

 

ဆွီဒင် အသင်းဟာ စပိန် ရဲ့ နောက် အုပ်စု ဒုတိယ ရရှိ ခဲ့တာကြောင့် လာမယ့် မတ်လ ထဲမှာ Play-off ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင် ရဦးမှာ ဖြစ်ပါတယ် ။

ဘယ်အသင်းတွေနဲ့လဲ ဆိုတာကိုတော့ မဲနှိုက် မရွေးချယ်ရ သေးပါဘူး ။

ဆွီဒင် ဟာ ၂၀၁၈ ကမ္ဘာ့ဖလား ကို ပါဝင် ယှဉ်ပြိုင် ခဲ့ပြီး ကွာတားဖိုင်နယ် မှာ အင်္ဂလန် ကို ရှုံးနိမ့်ကာ ထွက်ခွာ ခဲ့ရ ပါတယ် ။

 

SPORTS MYANMAR