ဟာလန်း အတွက် အရစ်ကျဈေးနဲ့ ဝယ်ယူချင်တဲ့ အသင်းမျိုးကို စောင့်မျှော်လာတဲ့ ဒေါ့မွန်

ဒေါ့မွန် ဟာ ဟာလန်း ကို ရောင်းချတဲ့နေရာမှာ ဈေးပိုရဖို့ အတွက် အရစ်ကျနဲ့ ဝယ်ယူချင်တဲ့ အသင်းမျိုးကို မျှော်လင့်လျှက် ရှိနေပါတယ်။ လက်ရှိ စာချုပ်ပါ အချက်အလက်တွေ အရ 2022 ခုနှစ် ရောက်ရင် သတ်မှတ်ထားတဲ့ ပမာဏမျိုး နဲ့ စာချုပ်ဖျက်သိမ်းခွင့် ရှိနေပါတယ်။

သတင်းတွေ အရတော့ စာချုပ် ဖျက်သိမ်းခွင့် လျော်ကြေးဟာ ပေါင် 64 သန်းသာ ရှိနေတယ်လို့ သိရပြီး ၊ အဲဒီ ပမာဏ အတိုင်း ပေးချေမယ့် ကလပ်မျိုးသာ ပေါ်ထွက်လာမယ် ဆိုရင် ဒေါ့မွန် အနေနဲ့ ကစားသမား ရဲ့ ဆုံးဖြတ်ချက် အပေါ် တာဆီးပိတ်ပင်ခွင့် မရှိဘူးလို့ ဆိုပါတယ်။ သို့သော် အဲဒီ ပေါင် 64 သန်း ပမာဏ ကို လက်ငင်း ချက်ခြင်း ပေးချေရမှာ ဖြစ်ပါတယ်။

ဂျာမန် ကလပ် ဟာ လက်ရှိ ဥရောပ ရဲ့ အလားအလာအကောင်းဆုံး တိုက်စစ်မှုး တစ်ယောက် အတွက် အဲဒီ ပမာဏထက် ပိုပြီး များပြားတဲ့ ပြောင်းရွှေ့ကြေးမျိုး ရနိုင်တယ်လို့ ယုံကြည်တာကြောင့် ၊ ခေါ်ယူမယ့် အသင်းတွေ အနေနဲ့ လက်ငင်း စာချုပ် ဖျက်သိမ်းခွင့် ပမာဏ တန်းပေးတာမျိုး မဟုတ်ပဲ အရစ်ကျနဲ့ ခေါ်ယူချင်တဲ့ အသင်းမျိုး ထွက်ပေါ်လာဖို့ မျှော်လင့်လျှက် ရှိနေပါတယ်။

သို့သော် အရစ်ကျ ပေးချေမှု ပုံစံကြောင့် မူလ စာချုပ် ဖျက်သိမ်းခွင့် လျော်ကြေး ပေါင် 63 သန်း ထက် ပိုပေးရမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ အရစ်ကျ ပေးချေမှု ပုံစံကို နှစ် အကန့်သတ်မရှိ လက်ခံ ဆွေးနွေးပေးဖို့တောင် ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဟာလန်း ရဲ့ အနာဂတ် နဲ့ ပတ်သက်လာရင် ဒေါ့မွန် ရဲ့ စိုးရိမ်မှုတွေဟာ အေးဂျင့် ဖြစ်သူ ရွိုင်းအိုလာ နဲ့ ကစားသမား ရဲ့ ဖခင် ဖြစ်သူ Alf Inge တို့ကိုပါ။ သူတို့ နှစ်ယောက် စလုံးဟာ ကစားသမား ရဲ့ အနာဂတ် ရွေးချယ်မှု နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရာမှာ လွမ်းမိုးမှု ကြီးမားလွန်းသူတွေ ဖြစ်ပါတယ်။

ဒါကြောင့်လဲ ဟာလန်း ကို စာချုပ်သစ် ကိစ္စ အဆင်ပြေအောင် ညှိနှိုင်းကာ ၊ စာချူပ် ဖျက်သိမ်းခွင့် ပမာဏ သတ်မှတ်ထားတဲ့ အချက်ကို ပယ်ဖျက်ဖို့ ကြိုးစားလျှက် ရှိနေပါတယ်။ သို့သော် ချန်ပီယံလိဂ် ပြိုင်ပွဲကနေ နှုတ်ဆက်ရဖို့ သေချာသွားပြီ ဖြစ်တာကြောင့် အဲဒီ မျှော်လင့်ချက်ကလဲ အောင်မြင်လာဖွယ် မရှိပါဘူး။

ဒါကြောင့် ကစားသမားလေးဟာ သူ့ရဲ့ နောက်ထပ် ခြေလှမ်းတွေ နဲ့ ပတ်သက်လို့ ဘယ်လို ကလပ်အသင်းမျိုးတွေက လိုလိုချင်ချင်နဲ့ ချဉ်းကပ်လာလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ချက် ချမှတ်လာဖွယ် ရှိနေပါတယ်။ တစ်ချိန်တည်းမှာပဲ သူ တောင်းဆိုမယ့် မြင့်မားလွန်းတဲ့ လစာ ပမာဏမျိုး အထိ ပေးချေနိုင်မယ့် ကလပ်အသင်းတွေကလဲ အများကြီး မရှိဘူးလို့ ပြောဆိုနေကြပါတယ်။

ဘိုင်ယန် မြူးနစ် ဟာ လီဝန်ဒေါ့စကီး ရဲ့ နေရာကို အစားထိုးဖို့ ခေါ်ယူချင်တဲ့ အကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုထားသလို ၊ ရီးရဲ မက်ဒရစ် နဲ့ ဘာစီလိုနာ တု့ိကလဲ စိတ်ဝင်စားတဲ့ သတင်းတွေ လွှင့်နေပါတယ်။

ပီအက်စ်ဂျီ ဆိုရင် အေးဂျင့် ရွိုင်း အိုလာ နဲ့ ပုံမှန် ဆက်သွယ်မှုတွေ ရှိနေကာ မန်စီးတီး ၊ လီဗာပူး တို့ကလဲ စိတ်ဝင်စားတဲ့ လက္ခဏာတွေ ပြသထားပါတယ်။

ဒေါ့မွန် နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်း ကတော့ ဟာလန်း ဟာ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်လို့ ဒီနှစ် ဘောလုံးရာသီ ကုန်ဆုံးတဲ့ အထိ ဆုံးဖြတ်ချက် ချမှတ်တာမျိုးတွေ လုပ်ဆောင်သွားဦးမှာ မဟုတ်သေးဘူးလို့ အခိုင်အမာ ပြောဆိုထားပါတယ်။

SPORTS MYANMAR