သူ နောင်တအရမိဆုံး ကစားသမား ရောင်းချမှု တစ်ခု အကြောင်း ထုတ်ပြောလာတဲ့ အာဆင်ဝင်းဂါး

အာဆင်နယ် အသင်းရဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး ဟာ မနေ့က ပြုလုပ်တဲ့ An Audience with Arsène Wenger OBE and David Dean MBE ပွဲမှာ ပရိသတ်တွေ သိလိုသမျှ မေးခွန်းတွေကို စိတ်ရှည်ရှည် နဲ့ ဖြေကြား ပေးသွားခဲ့ပါတယ် ။

အဆိုပါ ပွဲမှာ အာဆင်ဝင်းဂါး ဟာ အနယ်ကာ ထွက်ခွာသွားမှုဟာ သူ နောင်တအရမိဆုံး ကစားသမား ရောင်းချမှု ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။အာဆင်ဝင်းဂါး ဟာ အာဆင်နယ် နည်းပြ စဖြစ်ခါစနှစ်မှာ ပီအက်စ်ဂျီ အသင်းရဲ့ အသက် ၁၇ နှစ် အရွယ် လူငယ် တိုက်စစ်မှူး အနယ်ကာ ကို ပေါင် ၅ သိန်း နဲ့ ခေါ်ယူ ခဲ့ပါတယ် ။

အနယ်ကာဟာ စရောက်ခါစနှစ်မှာ ပွဲထွက် ကစားခွင့် သိပ်မရခဲ့ပေမယ့် အီယန်ရိုက် ဒဏ်ရာ ရသွားတဲ့ အချိန်မှာတော့ ပွဲထွက် ကစားခွင့် ပိုမို ရရှိလာခဲ့ပါတယ် ။အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ဖလား နှင့် အက်ဖ်အေ ဖလားတို့ကို တစ်ပြိုင်နက်တည်း ရရှိခဲ့တဲ့ ၁၉၉၇-၉၈ ရာသီမှာလည်း အနယ်လ်ကာ ဟာ အဓိက ကစားသမား တစ်ဦး ပါဝင်ခဲ့သူပါ ။

ဒါ့အပြင် ၁၉၉၈-၉၉ ရာသီမှာလည်း အနယ်ကာ ဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၇ ဂိုးနဲ့ ဂန်းနားတို့ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့်လည်း အဆိုပါနှစ်မှာ အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ဖလား နှင့် အက်ဖ်အေ ဖလား ချန်ပီယံဘွဲ့ကို ကာကွယ် နိုင်ခဲ့ခြင်း မရှိဘဲ ပရိသတ်တွေဟာလည်း အနယ်လ်ကာ ကို ‘အရယ်အပြုံး မရှိတဲ့သူ ‘ လို့ နာမည်ပြောင် ပေးခဲ့ကြပါတယ် ။

၁၉၉၉ ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အနယ်လ်ကာ ဟာ စပိန် လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၂.၃ သန်း နဲ့ ရောက်ရှိ သွားခဲ့ပါတယ် ။ အနယ်လ်ကာ ကို ခေါ်ယူစဉ်က ပေါင် ၅ သိန်း သာ ကုန်ချ ခဲ့တာကြောင့် ပြန်ရောင်းချစဉ်မှာ အာဆင်နယ် တို့ အမြတ်အစွန်း အမြောက်အများ ရရှိခဲ့တယ်လို့ ဆိုရမှာပါ ။

အာဆင်း ဟာ မနေ့ကပွဲမှာတော့ အနယ်ကာ ကို ရောင်းချခဲ့မိတဲ့ အတွက် နောင်တ အကြီးအကျယ် ရမိကြောင်း ဆိုသွားခဲ့ပါတယ် ။ ” ကျွန်တော်တို့ အနေနဲ့ ကစားသမား ခေါ်ယူရာမှာ အာဆင်ဝင်းဂါးကဒ် ကို အသုံးပြုလေ့ ရှိပါတယ် ၊ ကစားသမားတွေကလည်း သူတို့ အောင်မြင်မှု ရယူနိုင်မယ့် နေရာမှာပဲ ကစားချင်ကြတာလေ ။ ”

” ကျွန်တော် အကြီးအကျယ် နောင်တရမိတဲ့ အပြောင်းအရွှေ့ တစ်ခုက အနယ်ကာ ထွက်ခွာသွားတာပါပဲ ၊ သူ အသင်း ၁၃ သင်းမှာ ပြောင်းကစားမယ့် အစား ကျွန်တော်တို့ အသင်းရဲ့ ထူးရှယ် ကစားသမား ဖြစ်ခဲ့သင့်သူပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ပြင်သစ် တိုက်စစ်မှူး အနယ်လ်ကာ ဟာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ပွဲ ၉၀ ကစားပေးခဲ့ပြီး ၂၈ ဂိုး သွင်းယူ ပေးခဲ့ကာ ဂန်းနား တို့ရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမား ၅၀ စာရင်းမှာလည်း အဆင့် ၂၉ နေရာမှာ ရပ်တည် နေပါတယ် ။

အနယ်လ်ကာ ဟာ ကစားသမား ဘဝမှာ ဘောလုံး အသင်း ၁၃ သင်း အထိ ကစားခဲ့ဖူးပြီး ပီအက်စ်ဂျီ ၊ အာဆင်နယ် ၊ ရီးရဲလ်မက်ဒရစ် ၊ ချဲလ်ဆီး ၊ မန်စီးတီး ၊ လီဗာပူး ၊ ဂျူဗင်တပ်စ်တို့လို နာမည်ကြီး အသင်းတွေမှာ ကစားခဲ့ဖူးသူလည်းဖြစ်ပါတယ် ။

SPORTS MYANMAR