သူ့ Idol တွေဖြစ်တဲ့ ရိုနယ်ဒို ၊ ဇီဒန်း တို့တောင် မရဖူးတဲ့ ထူးရှယ်မှတ်တမ်းထဲကို ပါဝင်ခွင့် ရသွားခဲ့တဲ့ အမ်ဘာပေ

ပြင်သစ် လက်ရွေးစင် အသင်းရဲ့ တိုက်စစ်မှူးလေး ခီလီယံ အမ်ဘာပေ ဟာ စနေနေ့ ညတုန်းက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ အသင်းရဲ့ စူပါစတား ဖြစ်ခဲ့ ပါတယ် ။

ကာဇက်စတန် ကို ၈ ဂိုးပြတ် အနိုင်ရတဲ့ ပွဲမှာ ဘာပေ ဟာ တဦးတည်း ၄ ဂိုး သွင်းပေးခဲ့ တာပါ ။

ဒီနိုင်ပွဲကြောင့် ပြင်သစ် တို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို တိုက်ရိုက် အောင်မြင် သွားခဲ့ ပါတယ် ။

ဘာပေ ဟာလည်း ထူးခြားလှတဲ့ ဂုဏ်ပြူမှုနဲ့ ချီးမြှောက် ခံခဲ့ရ ပါတယ် ။

အဲ့ဒါကတော့ Perfect Rating 10 ( ၁၀ မှတ် မှာ ၁၀ မှတ် အပြည့်ရခြင်း ) ပါပဲ ။

ဒီ Rating ကို ဘောလုံးလောက ရဲ့ နာမည်ကျော် မဂ္ဂဇင်း တခု ဖြစ်တဲ့ L’Equipe က သတ်မှတ်ပေးအပ် တာပဲ ဖြစ်ပါတယ် ။

ရွှေဘောလုံး ( Ballon D’or ) ဆုကို ကမကထပြု ပေးအပ်တဲ့ L’Equipe က သတ်မှတ်တဲ့ ပြီးပြည့်စုံတဲ့ ၁၀ မှတ် ကစားသမား ဟာ သမိုင်းမှာ များများစားစား မရှိခဲ့ ပါဘူး ။

ဘာပေ မတိုင်ခင်တုန်းက ဒီလို ပြီးပြည့်စုံမှု ကို ကစားသမား ၁၁ ယောက်က ၁၂ ကြိမ်သာ ရခဲ့ဖူး ပါတယ် ။ ဘာပေ လေးစား အားကျ အတုယူခဲ့ရတဲ့ ခရစ္စတီယာနို ရိုနယ်ဒို တို့ ၊ ဇီနဒင် ဇီဒန်း တို့ ၊ ဘောလုံး မှော်ဆရာ လို့ တင်စားခေါ်ဝေါ် ကြတဲ့ ရော်နယ်ဒင်ညို တို့တောင် ဒီလို Rating သတ်မှတ် ဂုဏ်ပြုမှုမျိုးကို မရရှိခဲ့ ဖူးပါဘူး ။

ဒါကြောင့် ဘာပေ အတွက် ဒါဟာ ကြီးမားတဲ့ စွမ်းဆောင်နိုင်မှု တခုလို့ ဆိုရမှာ ဖြစ်ပါတယ် ။

အချို့ ကတော့ ကာဇက်စတန် လို အသင်းမျိုးကို ၄ ဂိုးသွင်းနိုင်ရုံနဲ့ အခုလို Perfect Rating ကို ပေးဖို့ မထုက်တန်ကြောင်း ဝေဖန်ခဲ့ကြ ပါတယ် ။ အချို့ ကတော့ ယူရို မှာ ပင်နယ်တီ မဝင်ဘဲ ပြင်သစ် ရဲ့ တရားခံ ဖြစ်ခဲ့သလို ဒီရာသီမှာလည်း PSG ပရိသတ်တွေနဲ့ အစေးသိပ်မကပ်တဲ့ ဘာပေ ကို စိတ်ဓါတ် မြှင့်တင်ဖို့ အတွက် ပြင်သစ် မဂ္ဂဇင်း L’Equipe က ဖန်တီးပေးခဲ့တာ ဖြစ်တယ်လို့လည်း သုံးသပ် ခဲ့ကြပါတယ် ။

ဘာပဲ ဖြစ်ဖြစ် ခီလီယံ အမ်ဘာပေ ကတော့ ထူးခြား ကောင်းမွန်တဲ့မှတ်တမ်း ကို ရယူ နိုင်တဲ့ ၁၂ ယောက်မြောက် ဘောလုံးသမား ဖြစ်လာခဲ့ ပါတယ် ။

သူ့ အရင် L’Equipe ရဲ့ Rating 10/10 ကို ရရှိခဲ့ ကြဖူးတဲ့ ကစားသမားတွေ ကတော့ –

၁ ။ ဖရန့် ဆူဇီ – ပြင်သစ် ယူ-၂၁ ( ၁၉၈၈ )

L’Equipe ရဲ့ ပထမဆုံး ၁၀ မှတ် အပြည့် ရရှိခဲ့သူ ကတော့ ပြင်သစ် ယူ-၂၁ ကစားသမားလေး ဖရန့် ဆူဇီ ပဲ ဖြစ်ပါတယ် ။ ၁၉၈၈ ခုနှစ် တုန်းက ဂရိစ် ယူ-၂၁ အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာ ဆူဇီ ဟာ ပြင်သစ် အတွက် ၂ ဂိုး သွင်းပေးခဲ့ ပါတယ် ။

သူ့ရဲ့ သွင်းဂိုးတွေ နဲ့ ပြင်သစ်တု့ိ ဂရိစ် ကို အနိုင်ရပြီး ယူ-၂၁ ဥရောပ ချန်ပီယံရှစ်မှာ ဗိုလ်စွဲ သွားနိုင်ခဲ့ပါတယ် ။

၂ ။ ဘရူနို မာတီနီ – ပြင်သစ် ယူ-၂၁ ( ၁၉၈၈ )

ဂရိစ် ကို အနိုင်ရခဲ့တဲ့ ၁၉၈၈ ယူ-၂၁ ဥရောပ ချန်ပီယံရှစ် ဗိုလ်လုပွဲမှာ ဆူဇီ တဦးတည်း Perfect 10 Rating ကို ရရှိခဲ့တာ မဟုတ်ပါဘူး ။ ဒီပွဲမှာ လက်စွမ်းပြပြီး ဂိုးလုံး၀ မပေးရအောင် စွမ်းဆောင် နိုင်တဲ့ ပြင်သစ် ယူ-၂၁ ဂိုးသမားလေး မာတီနီ ဟာလည်း ၁၀ မှတ် အပြည့် ရရှိခဲ့ ပါတယ် ။

ထူးဆန်းတာကတော့ အဆိုပါပွဲဟာ ဘရူနို မာတီနီ ရဲ့ ပရော်ဖက်ရှင်နယ် သက်တမ်း တလျောက်မှာ အဆိုပါ ပွဲ တပွဲတည်း ဂိုးမပေး ခဲ့ရတာပဲ ဖြစ်ပါတယ် ။

၃ ။ အိုလက် ဆာလန်ကို – ရုရှ ( ၁၉၉၄ )

၁၉၉၄ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ရုရှ တိုက်စစ်မှူး ဆာလန်ကို က ၆ ဂိုး နဲ့ ရွှေဖိနပ်ဆု ရရှိခဲ့ ပါတယ် ။ အဲ့ဒိ အထဲက ၄ ဂိုး ကတော့ ကင်မရွန်း အသင်းကို ၆-၁ နဲ့ အနိုင် ရရှိတဲ့ အုပ်စုပွဲမှာ သွင်းယူ ခဲ့တာပါ ။

၄ ။ လားစ် ဝင်းဖတ် – အာဟတ်စ် ( ၁၉၉၇ )

ဝင်းဖတ် ဟာ ထင်ရှားတဲ့ ကစားသမား တယောက် မဟုတ်ခဲ့ ပါဘူး ။ ဒိန်းမတ် လက်ရွေးစင် အသင်းရဲ့ ဂိုးသမား ဖြစ်ဖို့ အိပ်မက် မက်ခဲ့ဖူးတဲ့ ဝင်းဖတ် ဟာ ပီတာရှမိုက်ကယ် ရဲ့ လက်စွမ်းတွေကြောင့် အခွင့်အရေး ဆုံးရှုံး ခဲ့ရသူ ဖြစ်ပါတယ် ။

ဒါပေမယ့် သူဟာ ရှမိုက်ကယ် မရဖူးတဲ့ စွမ်းဆောင်ရည် မှတ်တမ်းကို ၁၉၉၇ ခုနှစ်မှာ ပိုင်ဆိုင် ခဲ့ ပါတယ် ။

နန့်တက်စ် အသင်းနဲ့ ကစားခဲ့တဲ့ ၁၉၉၇ UEFA Cup မှာ ဝင်းဖတ် ဟာ ပြောင်မြောက်တဲ့ လက်စွမ်းကို ပြသပြီး ၁၀ မှတ် အပြည့် ရရှိခဲ့ ပါတယ် ။

၅ ။ လီယွန်နယ် မက်ဆီ – ဘာစီလိုနာ ( ၂၀၁၀ )

ဆယ်စုနှစ် တခုကြာ ( ၁၃ နှစ် ) ပျောက်ဆုံး သွားခဲ့တဲ့ L’Equipe ရဲ့ ပြီးပြည့်စုံတဲ့ ၁၀ မှတ်ပြည့် ကစားသမား ဟာ ၂၀၁၀ မှာ ပြန်လည် ပေါ်ထွက် လာခဲ့ ပါတယ် ။ သူကတော့ လီယွန်နယ် မက်ဆီ ပါပဲ ။

အာဆင်နယ် အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာ မက်ဆီ ဟာ ဘာစီလိုနာ အတွက် တဦးတည်း ၄ ဂိုး သွင်းယူပြီး ဒီမှတ်တမ်းကောင်းကို ပိုင်ဆိုင် နိုင်ခဲ့တာပါ ။

ဒါပေမယ့် ဒါဟာ မက်ဆီ အတွက် နောက်ဆုံးအကြိမ် မဟုတ်ခဲ့ ပါဘူး ။

၆ ။ လီယွန်နယ် မက်ဆီ – ဘာစီလိုနာ ( ၂၀၁၂ )

အာဆင်နယ် နဲ့ ပွဲက တယောက်တည်း ၄ ဂိုးသွင်းပြီး ၁၀ မှတ်ပြည့် ရယူအပြီး ၂ နှစ် အကြာမှာ မက်ဆီ ဟာ နောက်ထပ် ပြီးပြည့်စုံတဲ့ ရမှတ် ၁၀ ကို နောက်တကြိမ် ရယူခဲ့ ပြန်ပါတယ် ။

ဒီတခါ မှာတော့ လေဗာကူဆင် အသင်းဘက်ကို တယောက်တည်း ၅ ဂိုး သွင်းယူ ခဲ့တာပါ ။

၇ ။ ရောဘတ် လီဝန်ဒေါ့စကီး – ဒေါ့မွန် ( ၂၀၁၃ )

ဘိုင်ယန်မြုးနစ် ရဲ့ ဂိုးသွင်းစက် ဖြစ်မလာခင် ကတည်းက လီဝန်ဒေါ့စကီး ဟာ ဒေါ့မွန် နဲ့ ကျော်ကြား နေပါပြီ ။ သူ့ရဲ့ အဝါရောင် ဂျာစီ နဲ့ အကောင်းဆုံး ပွဲကတော့ ရီးရဲ မက်ဒရစ် နဲ့ ကစားခဲ့တဲ့ ၂၀၁၃ ခုနှစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမ အကျော့ပါပဲ ။

ဒီပွဲမှာ လီဝန်ဒေါ့စကီး ဟာ ရီးရဲ ဘက်ကို တယောက်တည်း ၄ ဂိုးသွင်းခဲ့ ပါတယ် ။ ဒီဂိုးတွေကြောင့် ဒေါ့မွန် ဟာ ဒုတိယ အကျော့မှာ ရှုံးခဲ့ပေမယ့် ဗိုလ်လုပွဲကို တက်လှမ်း နိုင်ခဲ့တာပါ ။

၈ ။ ကားလိုစ့် အက်ဒွာဒို – နိုက်စ် ( ၂၀၁၄ )

၂၀၁၀ နောက်ပိုင်းမှာတော့ L’Equipe ရဲ့ ပြီးပြည့်စုံတဲ့ ၁၀ မှတ်ရှင်တွေဟာ တနှစ်ကို တယောက်နှုန်း နီးပါးနဲ့ ဆက်တိုက် ပေါ်ထွက်လာခဲ့ ပါတယ် ။ ၂၀၁၄ ခုနှစ် မှာတော့ နိုက်စ် ကစားသမား အက်ဒွာဒို ဟာ ဂူအင်ဂမ့် နဲ့ ကစားခဲ့တဲ့ ပွဲမှာ တယောက်တည်း ၅ ဂိုး သွင်းပြီး ၁၀ မှတ် ရယူခဲ့ ပါတယ် ။

၉ ။ နေမာ – ဘာစီလိုနာ ( ၂၀၁၈ )

နေမာ ဟာ ၂၀၁၈ တုန်းက ဒီဂျွန် အသင်းကို ၈-၀ နဲ့ အနိုင်ရတဲ့ ပွဲမှာ တယောက်တည်း ၄ ဂိုးသွင်းပြီး ဖန်တီးမှု တွေလည်း ပြုလုပ် ခဲ့တာ ဖြစ်ပါတယ် ။

 

၁၀ ။ ဒူဆန် တာဒစ် – အိုင်ယက်စ် ( ၂၀၁၉ )

ဆားဘီးယား တိုက်စစ်မှူး တာဒစ် ဟာ ၂၀၁၉ ခုနှစ် တုန်းက ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ်မှာ ဥရောပ ထိပ်သီး ရီးရဲ မက်ဒရစ် ကို အိုင်ယက်စ် တို့ ကျော်ဖြတ် နိုင်ဖို့ အတွက် အဓိက နေရာကနေ ပါဝင် ခဲ့ပြီး ကိုယ်တိုင် ဂိုးသွင်းသလို ဂိုးဖန်တီးမှုတွေ လည်း ပြုလုပ် ပေးသွားခဲ့ပါတယ် ။

၁၁ ။ လူးကပ်စ် မော်ရာ – တော့တင်ဟမ် ဟော့စပါး ( ၂၀၁၉ )

အိုင်ယက်စ် တို့ ၁၆ သင်းဆင့်မှာ ဒူဆန် တာဒစ် ရဲ့ 10/10 Rating ခြေစွမ်း နဲ့ ရီးရဲ တို့ကို ကျော်ဖြတ်လာ နိုင်ခဲ့ ပေမယ့် ဆီမီး ဖိုင်နယ် မှာတော့ 10/10 Rating ကစားသမား တဦးကြောင့် ပြိုင်ပွဲ ကနေ လက်ပြ နှုတ်ဆက် ခဲ့ရ ပါတယ် ။

အဲ့ဒိ ကစားသမား ကတော့ စပါး တောင်ပံ ကစားသမား လူးကပ်စ် မော်ရာ ဖြစ်ပြီး အိုင်ယက်စ် ကို ၃-၂ နဲ့ နိုင်တဲ့ ပွဲမှာ တယောက်တည်း ဟက်ထရစ် သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ် ။

၁၂ ။ ဆာ့ဂျ် ဂနာဘရီ – ဘိုင်ယန်မြုးနစ် ( ၂၀၁၉ )

၂၀၁၉ ခုနှစ် ဟာ Perfect Rating 10 တွေ အများဆုံး မြင်ရတဲ့ နှစ် ဖြစ်သလို အဆိုပါ အမှတ်ရတဲ့ အသင်းတွေ ဟာလည်း အခြားသော အမှတ်ပြည့်ရ ကစားသမားတွေ ကို ပြန်လည် ရင်ဆိုင်ခဲ့ရတဲ့ နှစ်လည်း ဖြစ်ခဲ့ ပါတယ် ။

စပါး ဟာ ချန်ပီယံလိဂ် ဆီမီး ဖိုင်နယ် မှာ Rating 10 ရလာဖူးတဲ့ တာဒစ် ရဲ့ အိုင်ယက်စ် ကို အနိုင် ကစားပြီး လူးကပ်စ် မော်ရာ က Rating 10 ပြန်ရခဲ့ ပါတယ် ။

နောက်ရာသီ ချန်ပီယံလိဂ် အုပ်စု အဆင့်မှာတော့ စပါး ဟာ ဘိုင်ယန် မြုးနစ် ရဲ့ ချေမှုန်းခြင်း ကို ခံခဲ့ရပြီး ဘိုင်ယန် တောင်ပံ ကစားသမား ဂနာဘရီ က ၄ ဂိုးသွင်းကာ Perfect Rating 10 ကို ရယူ သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR