“သူ့အကြောင်းကောင်းကောင်းသိတယ်” – အဆုံးအဖြတ်ပွဲမတိုင်ခင် ရိုနယ်ဒို ကို စိန်ခေါ်လိုက်တဲ့ မီလန်ကိုဗစ်

ဆားဘီးယား အသင်းရဲ့ ကွင်းလယ် ကစားသမား ဆာဂျ် မီလန်ကိုဗစ် ဆဗစ် ကတော့ လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ရင်ဆိုင် ဆုံတွေ့ ရမယ့် ခရစ္စတီယာနို ရိုနယ်ဒို ဦးဆောင် လာမယ့် ပေါ်တူဂီ အသင်း အပေါ် စိုးရိမ် ထိတ်လန့်မှု မရှိကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ဆားဘီးယား ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံး အုပ်စု ပွဲစဉ် အဖြစ် ပေါ်တူဂီ ကို အဝေးကွင်း မှာ သွားရောက် ယှဉ်ပြိုင် ရမှာ ဖြစ်ပြီး ရိုနယ်ဒို ဟာ ပြိုင်ဘက် အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်လာဖို့ သေချာ သလောက် ရှိနေပါတယ် ။

လာဇီယို ကွင်းလယ်လူ မီလန်ကိုဗစ် ဆဗစ် ကတော့ ၃၆ နှစ် အရွယ် တိုက်စစ်မှူးကြီး အကြောင်းကို ကောင်းကောင်း သိထားပြီး ဘယ်လို ထိန်းချုပ် ကစားရမယ် ဆိုတာကို သဘောပေါက် နားလည် ထားပါတယ် လို့ ပွဲမစတင် မှာ ပြောဆို စိန်ခေါ် သွားခဲ့ ပါတယ် ။

 

ဆားဘီးယား နဲ့ ပေါ်တူဂီ တို့ဟာ အုပ်စု အေ မှာ ရမှတ် ၁၇ မှတ် စီနဲ့ အထက်အောက် ရပ်တည် နေကြပါတယ် ။ ဒီကနေ့ ညမှာ ကစားမယ့် ပွဲမှာ ဆားဘီးယား အနေနဲ့ ပေါ်တူဂီ ကို အနိုင် ရမှသာ ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင် နိုင်မှာ ဖြစ်ပြီး ပေါ်တူဂီ ကတော့ သရေ အနိမ့်ဆုံး ကစားနိုင်ဖို့ လိုအပ် နေမှာ ဖြစ်ပါတယ် ။

“ရိုနယ်ဒို က ကမ္ဘာ့ အကောင်းဆုံး တွေထဲက တယောက်ပါ ။ သူ အီတလီ ကို လာ ကစားခဲ့တုန်းက သူနဲ့ ရင်ဆိုင် ဖူးတဲ့ အတွေ့ အကြုံတွေ ကျွန်တော့မှာ ရှိနေ ပါတယ် ။

ဒါကြောင့် သူ့ကို ဘယ်လို ထိန်းချုပ် ရမယ်ဆိုတာ သိထားပြီးပါပြီ ၊ ဒါက ကျွန်တော်တို့ အသင်းကို ကစားရ ပိုပြီး လွယ်ကူ စေမှာပါ ။

ဒီညပွဲမှာ ကျွန်တော့ ရဲ့ အတွေ့ အကြုံတွေက အကူအညီ ဖြစ်စေမယ် လို့ မျှော်လင့်ပါတယ်” လို့ မီလန်ကိုဗစ် ဆဗစ် က FIFA ကို ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး ဆားဘီးယား ကွင်းလယ်လူက ပေါ်တူဂီ ဟာ ကမ္ဘာ့ အကောင်းဆုံး အသင်းတွေ ထဲက တသင်း ဖြစ်ပေမယ့် သူတို့ ဆားဘီးယား ဟာ အကောင်းဆုံး ရလဒ် ကို ရယူဖို့ ယုံကြည်ချက် အပြည့် ရှိနေ ကြောင်းလည်း ပြောဆို သွားခဲ့ ပါတယ် ။

“သူတို့ ( ပေါ်တူဂီ ) ဟာ လက်ရွေးစင် အသင်းတွေ ထဲမှာ အကောင်းဆုံး တသင်းလို့ ပြောနိုင် ပါတယ် ။

ဒီအကြောင်းကို အများကြီး ဖွဲ့နွဲ့ ပြောနေစရာ မလိုပါဘူး ၊ အားလုံး သိပြီးသား ဖြစ်မှာပါ ။ ဒါပေမယ့် ကျွန်တော်တို့ ကလည်း ကိုယ့်အသင်းကို ယုံကြည်မှု အပြည့် ရှိပါတယ် ။

ပေါ်တူဂီ မှာ လိုချင်တဲ့ ရလဒ် ကို အရယူသွား မှာပါ ။ နောက်ဆုံး ကမ္ဘာ့ဖလား ဝင်ပြိုင်ခဲ့တဲ့ အသင်းထက် အခု အသင်းက ပိုကောင်းနေ ပါပြီ ။ ဒီပွဲ ကို ကျွန်တော် မစောင့် နေနိုင်တော့ ပါဘူး” လို့ ဆဗစ် က ပြောဆို သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ဒီ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပေါ်တူဂီ အတွက် ၆ ဂိုး သွင်းယူ ပေးထားခဲ့ ပါတယ် ။ ဒါပေမယ့် ပြီးခဲ့တဲ့ အိုင်ယာလန် နဲ့ ကစားခဲ့တဲ့ ပွဲမှာတော့ ဂိုးပေါက် ပျောက် ခဲ့ပြီး ပေါ်တူဂီ ဟာလည်း ဂိုးမရှိ သရေ ကျခဲ့ ပါတယ် ။

ပေါ်တူဂီ ဟာ ဆားဘီးယား ကို ဂိုးကွာခြားချက် အသာရရှိ ထားပြီး တိုက်ရိုက် ခြေစစ်ပွဲ အောင်ဖို့ ဒီညပွဲမှာ အနိမ့်ဆုံး သရေ ရလဒ် လိုအပ်မှာ ဖြစ်ပါတယ် ။

အကယ်၍ ရှုံးနိမ့် ခဲ့မယ် ဆိုရင်တော့ Play-off ပွဲစဉ်တွေ ထပ်မံ ကစားရဦး မှာပါ ။

 

SPORTS MYANMAR