သူ့လက်ထက်မှာ တိုးတက်လာတဲ့ ရိုးမားကစားသမား ၂ ဦး ကို ပြောပြလာတဲ့ မော်ရင်ဟို


ရိုးမား အသင်းရဲ့ နည်းပြကြီး ဂျိုဆေး မော်ရင်ဟို က နီကိုလို ဇာနီယိုလို နဲ့ တမ်မီ အေဘရာဟမ် တို့ ဟာ တိုးတက်လာမှုတွေ ရှိနေတယ်လို့ ပြောဆိုခဲ့သလို လူငယ်လေး ၂ ဦး အနေနဲ့ သင်ယူစရာ များစွာ ကျန်ရှိ နေသေးတယ် လို့လည်း ပြောဆိုခဲ့ ပါတယ် ။

ရိုးမား ဟာ ယမန်နေ့ ညက ယူရိုပါ ကွန်းဖရန့်လိဂ် အုပ်စု ပွဲစဉ်မှာ ဇော်ယာ အသင်း ကို ၄-၀ နဲ့ ဂိုးပြတ် အနိုင် ကစားခဲ့ ပါတယ် ။

ဒီပွဲမှာ အေဘရာဟမ် က ရိုးမား အတွက် ၂ ဂိုး သွင်းယူပေးခဲ့ပြီး ဇာနီယိုလို က ၁ ဂိုး သွင်းယူခဲ့ ပါတယ် ။

ရိုးမား ဟာ အခု နိုင်ပွဲကြောင့် ရှုံးထွက် အဆင့်ကို တက်လှမ်းဖို့ လုံလောက်သွားစေခဲ့ ပါတယ် ။ ဒါပေမယ့် ဘိုဒို ဂလင့် က CKSA ဆိုဖီယာ ကို အနိုင် ကစားသွားခဲ့ တာကြောင့် ရိုးမား တို့ ဒုတိယ နေရာမှာသာ ဆက်လက် ရပ်တည်နေခဲ့ ပါတယ် ။

အကယ်၍ အုပ်စု နောက်ဆုံးပွဲမှာ ဘိုဒို ဂလင့် အမှတ်မလျော့ခဲ့ဘူး ဆိုရင်တော့ ရိုးမား ဟာ ယူရိုပါလိဂ် ကနေ အုပ်စု တတိယ ရပြီး ကွန်းဖရန့်လိဂ် ကို ဆင်းလာမယ့် အသင်းတွေနဲ့ Play-off ကစားရမှာ ဖြစ်ပါတယ် ။

“ဒီပွဲနဲ့ ပတ်သက်ပြီး အပေါင်း လက္ခဏာ အဆောင်ဆုံး အရာကတော့ နိုင်ဖို့ လိုအပ်တာကို အနိုင် ကစားပြီး နောက်တဆင့် ကို တက်လှမ်းခွင့် ရရှိ ခဲ့တာ ပါပဲ ။

ပွဲအစ မိနစ်တွေ ကတည်းက ကျွန်တော်တို့ ကစားပုံ ကောင်းခဲ့ပြီး ၆ ဂိုး ၇ ဂိုး လောက်တောင် ရသွား နိုင်ခဲ့တာပါ ။

ဇော်ယာ က ဒီနေ့ပွဲမှာ အကောင်းဆုံးပုံစံ မရခဲ့ ပါဘူး ၊ ဒါပေမယ့် ကစားပုံ ကြမ်းသလို တဦးတယောက်ချင်း ကောင်းသူတွေလည်း ရှိခဲ့ ပါတယ် ။

ကျွန်တော်တို့ ဘက်မှာလည်း တယောက်ချင်း ကစားပုံကောင်းတွေ ရှိသလို တိုးတက်လာမှုတွေ လည်းတွေ့ခဲ့ ရပါတယ်” လို့ ရိုးမား နည်းပြကြီး မော်ရင်ဟို က ပွဲနဲ့ ပတ်သက်ပြီး ပြောဆို သွားခဲ့ ပါတယ် ။

နီကိုလို ဇာနီယိုလို ဟာ ဒီပွဲမှာ တိုက်စစ်မှူးရဲ့ နောက်ကနေ လိုက်လံ ဖြည့်ဆည်းတဲ့ ပုံစံ နဲ့ ကစားခဲ့ပြီး ၁ ဂိုးသွင်းခဲ့သလို ဂိုးဖန်တီးမှုလည်း ပြုလုပ် နိုင်ခဲ့ ပါတယ် ။

မော်ရင်ဟို ကတော့ ဇာနီယိုလို နဲ့ တမ်မီ အေဘရာဟမ် တို့ ဘယ်နေရာမှာ တိုးတက်လာပြီ ဆိုတာကိုလည ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“ပွဲမတိုင်ခင် တုန်းက ဇာနီယိုလို ဒီလောက် ကောင်းကောင်း ကစားနိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့ ပါဘူး ။ သူ့ကို အသင်းရဲ့ အစိတ်အပိုင်း တခု အဖြစ်လောက် နဲ့ပဲ သူ့တာဝန်ကို သူ လုပ်သွားနိုင်ဖို့ လောက်ပဲ မျှော်လင့် ခဲ့တာပါ ။

အခု သူ ကစားသွားတဲ့ ပုံစံကို ကျွန်တော် သဘောကျ ပါတယ် ။ သူ့ရဲ့ စိတ်ဓါတ် နဲ့ ခံယူချက် ကလည်း နှစ်သက်ချင် စရာပါ”

“အေဘရာဟမ် က မတူညီတဲ့ ကစားပုံကို အသားကျအောင် ကြိုးစား ခဲ့ရသူပါ ။ အင်္ဂလန် မှာတုန်းက တိုက်စစ်မှူးရဲ့ တာဝန်က ဂိုးသွင်းဖို့ ပါပဲ ။ အီတလီ မှာကျတော့ အသင်းနဲ့ ဟန်ချက်ညီညီ ပါဝင်ဖို့ ကိုပါ သူ လေ့လာ ခဲ့ရ ပါတယ် ။

ပြိုင်ဘက် ခံစစ် ကို နေရာစုံ ကနေ ပုံစံမျိုးစံ နဲ့ ဖိအားပေးတဲ့ နေရာမှာ သူ ကောင်းကောင်း တိုးတက် လာပါပြီ ။

သူတို့ ၂ ယောက် ( ဇာနီယိုလို နဲ့ အေဘရာဟမ် ) ဟာ အလားအလာ ကောင်းတွေ ရှိတဲ့ သူတွေပါ ။

ဒါပေမယ့် လေ့လာ သင်ယူစရာတွေလည်း အများကြီး ကျန်နေ ပါသေးတယ်” လို့ မော်ရင်ဟို က ပြောဆို သွားခဲ့ ပါတယ် ။

ရိုးမား ဟာ ဒီတပတ် မှာတော့ တိုရီနို အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပြီး အဲ့ဒိ နောက်မှာတော့ ဘိုလော့ညာ နဲ့ အင်တာမီလန် တို့ကို ကွန်းဖရန့်လိဂ် အုပ်စု နောက်ဆုံး ပွဲစဉ် မတိုင်ခင် ဆက်လက် ယှဉ်ပြိုင် ကစား သွားရဦးမှာပဲ ဖြစ်ပါတယ် ။

 

SPORTS MYANMAR