သူ့ရဲ့ စံချိန်တွေကို ချိုးဖျက်နေတဲ့ မိုဆာလားနဲ့ ပက်သက်ပြီး ချဲလ်ဆီးဂန္တဝင် ဒရော့ဘာရဲ့ တုန့်ပြန်မှု

ဒီဒီယာဒရော့ဘာက လီဗာပူး တိုက်စစ်မှုး တိုက်စစ်မှုး မိုဟာမက်ဆာလားရဲ့ အကောင်းဆုံး ပုံစံ ပြသနေမှုကြောင့် သူ တင်ထားခဲ့တဲ့ စံချိန်တွေ အားလုံး ကျိုးပျက် သွားမှာကို ကြောက်ရွံ့နေတယ်လို့ ဟာသလုပ်ကာ ပြောသွားခဲ့ပါတယ်။ ဆာလားဟာ ပြီးခဲ့တဲ့လက မန်ယူနိုက်တက်ကို အိုးထရပ်ဖို့ဒ်မှာ ၅-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့ပြီးနောက် ချဲလ်ဆီး ဂန္တဝင်ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုး စံချိန် (၁၀၄ ဂိုး) ကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး အာဖရိက ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဒရော့ဘာဟာ ၎င်းရဲ့ သွင်းဂိုး ၁၀၄ ဂိုး အတွက် ၂၅၄ ပွဲ လိုအပ်ခဲ့ပေမယ့် ဆာလားကတော့ ၁၆၇ ပွဲမှာတင် ဒီလို လုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ချဲလ်ဆီး ဂန္တဝင်ဟာ ချန်ပီယံလိဂ်မှာ သွင်းဂိုး အများဆုံး (၄၄ ဂိုး) အာဖရိက ကစားသမား အဖြစ် စံချိန်တင်ထားနိုင်ဆဲ ဖြစ်ကာ ဆာလားဟာ ဒီစံချိန်ကို လိုက်မှီရန် ၁၁ ဂိုး အကွာမှာ ရှိနေပါတယ်။ ဆာလားရဲ့ သွင်းဂိုး မှတ်တမ်းတွေကြောင့် ဒရော့ဘာက သူ့ရဲ့ စံချိန်တွေကို အီဂျစ်စတားက ချိုးဖျက်ရန် အချိန် သိပ်ကြာမှာ မဟုတ်ဘူးလို့ ဝန်ခံသွားပါတယ်။

ဒရော့ဘာက “အကယ်၍ သူဟာ ဒီပုံစံအတိုင်း ဆက်လက် ကစားနေမယ် ဆိုရင် သူဟာ ကျွန်တော့်ရဲ့ စံချိန်တွေ အာလုံးကို ချိုးဖျက်နိုင်တော့မှာ ဖြစ်ပါတယ်။ ကျွန်တော် ငိုချင်ပါတယ်။” လို့ ဟာသလုပ်ပြီး ပြောခဲ့ပါတယ်။

ဒရော့ဘာ နဲ့ ဆာလား တို့ဟာ လွန်ခဲ့တဲ့ ၂၀၁၄-၁၅ ဘောလုံးရာသီက ချဲလ်ဆီးမှာ အသင်းဖော်တွေ ခဏ ဖြစ်ခဲ့ပါတယ်။ နည်းပြ ဂျိုဆေးမော်ရင်ညိုရဲ့ လက်အောက်မှာ ပွဲကစားခွင့် ရရန် ရုန်းကန်ခဲ့ရပြီးနောက် ဆာလားဟာ ဇန်နဝါရီမှာ ဖီအိုရင်တီးနားကို အငှား ထွက်ကစားခဲ့ပါတယ်။

လန်ဒန်ကလပ်မှာ အောင်မြင်မှု မရခဲ့ပေမယ့်လည်း ဒရော့ဘာက ဆာလားဟာ သူ ဘယ်လို ကစားသမားလဲ ဆိုတာကို သိပ်မကြာခင်မှာပဲ ကမ္ဘာကြီးကို ပြသခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ဒရော့ဘာက “လေ့ကျင့်ရေးကွင်းမှာ ကျွန်တော် သူ့ရဲ့ အရည်အသွေးတွေကို မြင်ခဲ့ရပါတယ်။ သူ့ရဲ့ အသင်းဖော်တွေ အားလုံးကလည်း ဆာလား ဆီမှာ ဘယ်လို အရည်အသွေးတွေ ရှိတယ်ဆိုတာ ပြောပြနိုင်မှာပါ။ ဆာလားဟာ သူ့ရဲ့ အရည်အသွေးကို ကွင်းထဲမှာ ပြသဖို့အတွက် အချိန်တစ်ခုပဲ လိုအပ်ခဲ့တာပါ။ အဲဒီအချိန်က ချဲလ်ဆီးရဲ့ လူစာရင်းကို ကြည့်လိုက်ပါ။ ဒီအသင်းမှာ ပုံမှန် ကစားခွင့် ရဖို့ မလွယ်ကူပါဘူး။

မိုဆာလားနဲ့ ပက်သက်ပြီး ကျွန်တော် သဘောကျတဲ့ အချက်ကတော့ သူဟာ တကယ့်ကို ကောင်းတဲ့ လူတစ်ဦး ဖြစ်တဲ့အပြင် အသင်းမှာ ကစားခွင့် မရတာတောင် တကယ့်ကို ယဉ်ကျေးပါတယ်။ သူဟာ အသင်းကို အကူအညီ မပေးခဲ့ရတာလို့ ဝမ်းနည်းနေခဲ့တာပါ။ ဒါပေမယ့် သူဟာ အမြဲတမ်း ကစားသမားကောင်း အဖြစ် ရှိနေဆဲပါ။ သူဟာ နည်းပြ ဒါမှမဟုတ် ကစားသမားတွေနဲ့ ပက်သက်ပြီး မကောင်းတဲ့ စကား တစ်လုံးမှ မပြောခဲ့ပါဘူး။ ဒီလိုမျိုး ထက်မြက်မှု ရှိတဲ့ ကစားသမား အနေနဲ့ အောင်မြင်မှု ရဖို့ အတွက် အချိန်အနည်းငယ်ပဲ လိုပါတယ်။

သူ ရိုးမားမှာ ရှိနေချိန်မှာ ကျွန်တော်တို့ စကား အနည်းငယ် ပြောဖြစ်ခဲ့ပါတယ်။ သူဟာ အဲဒီမှာ ဂိုးတွေ သွင်းယူနေတဲ့ အချိန်ပါ။ အဲဒီနောက် သူ ဂိုးမသွင်းနိုင်တဲ့ အခိုက်အတန့်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ သူ ကျွန်တော့်ဆီကို ဖုန်းဆက်ပြီး ‘ဒီလို အခြေအနေမျိုးတွေမှာ ခင်ဗျား ဘယ်လို ရင်ဆိုင် ဖြေရှင်းသလဲ?’ ဆိုပြီး မေးခဲ့ပါတယ်။

သူ့ကို ကျွန်တော့်ရဲ့ အတွေ့အကြုံ များစွာကို ပြောပြပြီး Share လုပ်ပေးခဲ့ကာ ဒါမျိုးဟာ ကျွန်တော် ကိုယ်တိုင်ကော တိုက်စစ်မှုးတွေ အကုန်လုံး ဖြစ်လေ့ ရှိတယ်ဆိုပြီး ပြောပြခဲ့ပါတယ်။ ဒါပေမယ့် အခြေခံကိုတော့ မင်း ပြန်သွားရလိမ့်မယ်လို့ အကြံပေးခဲ့ပါတယ်။ သူ ဒီလို လုပ်ပြီး သိပ်မကြာခင်မှာပဲ ဂိုးသွင်းခြေ ပြန်ရတော့တာပါပဲ။ သူဟာ ရပ်တန့်လို့ မရတဲ့သူပါ။ အခုထိလည်း ဒီအတိုင်းပါပဲ။” လို့ ဆိုလိုက်ပါတယ်။

 

အီဂျစ်စတားဟာ လက်ရှိအချိန်ထိ ပုံစံကောင်း ပျောက်ဆုံးသွားခြင်း မရှိဘဲ တောက်လျှောက် ခြေစွမ်းပြလျက် ရှိနေပြီး ဒီရာသီ လီဗာပူး အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၁၆ ဂိုးထိ သွင်းယူ ပေးထားခဲ့ပြီး ဖြစ်ပါတယ်။

SPORTS MYANMAR