သူ့ရဲ့ ကစားသမားဘ၀ တစ်လျှောက် ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက်ကို ထုတ်ဖော်လိုက်တဲ့ အလက်ဇန်းဒါးအာနိုး

လီဗာပူး နောက်ခံလူ ထရန် အလက်ဇန်းဒါးအာနိုးက သူ့ရဲ့ ကစားသမား ဘ၀ တစ်လျှောက် ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက်ကို ထုတ်ဖော်သွားခဲ့ပြီး အဆိုပါ ကစားသမားဟာ မကြာသေးမီက လီဗာပူးနဲ့ အပြောင်းအရွေ့ သတင်း ထွက်ပေါ်ခဲ့သူလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ၀က်ဟမ်းကို ရှုံးကာ ထိပ်ဆုံးက ချဲလ်ဆီးနဲ့ ၄ မှတ်ထိ ကွာဟ သွားခဲ့တဲ့ လီဗာပူးဟာ title race မှာ ပြိုင်ဘက်တွေရဲ့နောက်မှာ ပြတ်မကျန်စေဖို့ အတွက် လာမည့် ဇန်နဝါရီ အပြောင်းအရွေ့မှာ ကစားသမား ဖြည့်တင်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

လီဗာပူးနဲ့ သတင်းထွက်ပေါ်နေတဲ့ ကစားသမားတွေ ထဲမှာ အီဒင်ဟာဇက်လည်း ပါ၀င်နေပြီး စပိန် outlet ဖြစ်တဲ့ El National က ယာဂန်ကလော့ဟာ ရီးရဲယ်မက်ဒရစ်က ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေတဲ့ ဘယ်ဂျီယံစတားကို ခေါ်ယူရန် စိတ်၀င်စားနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဟာဇက်ဟာ လွန်ခဲ့တဲံ ၂၀၁၉ ခုနှစ် နွေရာသီက ချဲလ်ဆီးမှ ရီးရဲယ်ကို ပြောင်းရွေ့ခဲ့သူ ဖြစ်ပြီး ဘာနေဗျူးမှာ ကြံ့ခိုင်မှု ပြသနာတွေနဲ့ အတူ ပုံစံကောင်း ပြသဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

Amazon Prime နဲ့ အင်တာဗျူးမှာ အလက်ဇန်းဒါးအာနိုးကို ကစားသမား ဘ၀ တစ်လျှောက် ရင်ဆိုင်ရ အခက်ခဲဆုံး ပြိုင်ဘက်က ဘယ်သူ ဖြစ်မလဲ ဆိုတာ မေးမြန်းခဲ့ပါတယ်။

အလက်ဇန်းဒါးအာနိုးက “အီဒင်ဟာဇက် ဆိုတာ အသေအချာ ပါပဲ။ သူဟာ ကျွန်တော် ပြိုင်ဘက် အဖြစ် ရင်ဆိုင် ကစားခဲ့ရတဲ့ သူတွေထဲမှာ အကောင်းဆုံး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကင်ဗင်ဒီဘရိုင်နား ကလည်း ဒီထဲမှာ ပါ၀င် နေပါတယ်။ ဒါပေမယ့် တိုက်ရိုက် ရင်ဆိုင် ကစားခဲ့ရတဲ့ ပြိုင်ဘက်ဆိုရင်တော့ အီဒင်ဟာဇက် ပါပဲ။ သူ့ရဲ့ ပြေးအား ၊ နေရာလွတ်တွေ မြင်နိုင်တဲ့ စွမ်းရည် ၊ နည်းစနစ်ပိုင်း ကျွမ်းကျင်မှု ၊ ဘောလုံးစွမ်းရည်တွေဟာ မယုံနိုင်စရာ ပါပဲ။” လို့ ဆိုသွားပါတယ်။

လီဗာပူးဟာ လာမည့် နိုင်ငံတကာ ပွဲစဉ် ကာလအပြီးမှာ ပရီးမီးယားလိဂ် အင်အားကြီး ကလပ် တစ်ခု ဖြစ်ပြီး လက်ရှိမှာ ပုံစံကောင်း ရနေတဲ့ အာဆင်နယ်ကို ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။ လီဗာပူး အနေနဲ့ title race မှာ ပြိုင်ဘက်တွေရဲ့ နောက်မှာ မကျန်စေဖို့ အတွက် အမှတ်တွေ သိပ်ပြီး မဆုံးရှုံးဖို့ လိုအပ်နေပြီး အလက်ဇန်းဒါးအာနိုးဟာ လန်ဒန်စတေဒီယမ်က သူတို့ရဲ့ ရှုံးပွဲ အပေါ် ဒေါသထွက်လျက် ရှိနေပါတယ်။

အလက်ဇန်းဒါးအာနိုးက “၀က်ဟမ်းနဲ့ ပွဲစဉ်မှာ အရာအားလုံးဟာ စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်အလိုရှိတဲ့ ပုံစံအတိုင်း ကစားနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ကိုယ့်ကိုကိုယ် တအား စ်ိတ်ပျက်ခဲ့ရပါတယ်။ ကျွန်တော်တို့ ဒီပွဲအတွက် Gameplan စီစဉ်ခဲ့ပေမယ့်လည်း တစ်ပွဲလုံး ဒါကို အသုံးမချ နိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ ဒီရှုံးပွဲကနေ သင်ခန်းစာ ယူသွားရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတကာ ပွဲစဉ်တွေ အပြီးမှာ အာဆင်နယ်နဲ့ ကစားရမယ့် ပွဲကြီးပွဲကောင်းက စောင့်ကြိုနေလို့ ပါပဲ။” လို့ ပြောလိုက်ပါတယ်။

SM