သူ့ရဲ့ကစားသမားဘဝ တိုးတက်ကောင်းမွန်ရေးအတွက် အကြိုက်ဆုံး အရာတွေကို စွန့်လွှတ်ခဲ့တဲ့ စမစ်ရို

နိုဝင်ဘာလ ဒုတိယအပတ်ဟာ အာဆင်နယ် လူငယ် ကြယ်ပွင့် စမစ်ရို အတွက်တော့ မမေ့နိုင်စရာ ရက်သတ္တပတ် တစ်ခုပါပဲ ။ အာဆင်နယ် အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ စမစ်ရို ဟာ အင်္ဂလန် လက်ရွေးစင် အသင်းကြီးထံ ပထမဆုံး အကြိမ် ခေါ်ယူခံလိုက်ရပါတယ် ။

စမစ်ရို ဟာ မနေ့က အင်္ဂလန် အသင်း နဲ့ အတူ ပထမဆုံး အကြိမ် လေ့ကျင့်ခန်း စဆင်းနေပြီ ဖြစ်ပါတယ် ။ ဒီလို လက်ရွေးစင် အသင်းကြီးမှာ အရွေးချယ်ခံရဖို့ ၊ အာဆင်နယ် အသင်းမှာ ပုံမှန် ပွဲထွက် ကစားခွင့်ရဖို့ စမစ်ရို စွန့်လွှတ်ခဲ့ရတဲ့ အရာတစ်ခုကတော့ သူ အကြိုက်ဆုံး အစားအစာတွေပါ ။

အခု အချိန်အထိ မိခင် နဲ့ အတူ နေထိုင်နေသေးတဲ့ စမစ်ရို ဟာ ချောကလက် နဲ့ ကြက်အစပ်ဟင်း ကို အထူး ကြိုက်နှစ်သက်သူ ဖြစ်ပါတယ် ။ ဒါပေမယ့် စမစ်ရို ဟာ အစားအသောက် မဆင်ခြင်မှုကြောင့် ပွဲချိန်ပြည့် မကစားနိုင်တာမျိုး ဖြစ်လာခဲ့ပြီးနောက် သူ အကြိုက်ဆုံး အရာတွေကို စွန့်လွတ်ဖို့ စိတ်ပိုင်း ဖြတ်လိုက်ပါတယ် ။

အဲ့ဒီအကြောင်းတွေကို စမစ်ရို က ” အရိုးသားဆုံး ပြောရရင် ကျွန်တော် က အစားအသောက် ဆင်ခြင်လေ့ မရှိပါဘူး ၊ အဲ့ဒါကြောင့်လည်း ပွဲချိန်အတွင်း မိနစ် ၆၀ ကျော်လာရင် ဗိုက်အောင့်သလို ဖြစ်လာတော့တာပါပဲ ။ ”

” အသင်းရဲ့ လမ်းညွှန်ချက်အတိုင်း စားသောက်လေ့ မရှိတာကြောင့် ပွဲမကစားခင် အချိန်တွေမှာဆို ခန္ဓာကိုယ်မှာ ရေဓတ် ကုန်ခမ်း​နေသလိုမျိုးတွေ ဖြစ်ခဲ့ဖူးပါတယ် ။ ဒါကို ကျွန်တော် ကိုယ်တိုင်လည်း သတိထားမိခဲ့ပြီး ပြင်ဆင် နိုင်ဖို့ ကြိုးစား ခဲ့ပါတယ် ။ ”

” ကျွန်တော်က ချောကလက် နဲ့ Nundo’s ကို တအားကြိုက်သူပါ ၊ ဒါပေမယ့် ကျွန်တော် ချောကလက် ကို လက်နိုင်သလောက် မစားတော့ဖို့ ဆုံးဖြတ်ခဲ့ပြီး အိမ်မှာ ချက်တဲ့ အစားအစာတွေကိုပဲ စားတော့ဖို့ စိတ်ပိုင်း ဖြတ်လိုက်ပါတယ် ။ ”

အာဆင်နယ် အသင်းဟာ စမစ်ရို အစားအသောက် အဆင်ပြေစေရန် အတွက် သူ့အိမ်ကို စားဖိုမှုး တစ်ဦး လွှတ်ပေးခဲ့ပါတယ် ။ အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီးလည်း စမစ်ရို က ” သူ(စားဖိုမှူး) က ကျွန်တော်တို့ အတွက် ချက်ပြုတ်ပေးပါတယ် ။ ကျွန်တော်က အရင်တုန်းက ငါးစားရတာ မကြိုက်ပါဘူး ၊ ခုတော့ ဆယ်လ်မွန် နဲ့ တခြားငါးတွေကို စားရတာ သဘောကျနေပါပြီ ၊ ပုံမှန်ဆို အမေက ချက်လေ့ ရှိပေမယ့် ခုတော့ စားဖိုမှူး ရှိနေတာကြောင့် သူချက်စရာ မလိုတော့ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဆက်လက်ပြီး စမစ်ရို က ချဲလ်ဆီး အသင်းမှာ ခြေစွမ်း အစမ်းသပ် ခံခဲ့ဖူးကြောင်းလည်း ပြောကြား သွားခဲ့ပါတယ် ။ ” အဲ့ဒီအချိန်တုန်းက ကျွန်တော်က local team တစ်ခုမှာ ကစားနေတာပါ ၊ အဲ့အချိန်မှာ ကျွန်တော့် ဘော်ဒါ တစ်ယောက်က ချဲလ်ဆီး မှာ ကစားခွင့် ရသွားပါတယ်။ သူ့အမေက ကင်းထောက် တစ်ယောက်နဲ့ သိတော့ ကျနော် ကစားတာလည်း ကောင်းတယ် ၊ ကြည့်ကြည့်မလား လို့ ပြောပေးပါတယ် ။ ”

” အဲ့ဒါနဲ့ ကျွန်တော်လည်း ချဲလ်ဆီး မှာ သုံးလေးပတ်လောက် လေ့ကျင့် ကစားခွင့် ရခဲ့ပါတယ် ၊ ဒါပေမယ့် ကျွန်တော်က လူကောင်သေးပြီး ပိန်နေတော့ ဘောလုံး ရဖို့ကို မနည်း ကစားခဲ့ရပါတယ် ၊ ကျန်တဲ့သူတွေက ခန္ဓာကိုယ် တောင့်တောင့်တင်းတင်းတွေလေ ။ ”

” ကျွန်တော် ဘောလုံး သိပ်ထိခွင့်တောင် မရခဲ့ပါဘူး ၊ ဒါကြောင့်လည်း ကျွန်တော် ရွေးချယ် မခံခဲ့ရတာပါ ။ အဲ့ဒီနောက်ပိုင်း ကျွန်တော် အာဆင်နယ် ကို သွားခဲ့ပါတယ် ၊ အာဆင်နယ်က အပေးအယူ အချိတ်အဆက် နဲ့ ကစားတာဆိုတော့ ကျွန်တော့် ခန္ဓာကိုယ် ဖွဲ့စည်းပုံက သိပ်အရေးမကြီးခဲ့ပါဘူး ၊ ဒါပေမယ့် အသက်ကြီးလာလေလေ ကျွန်တော် ပိုသန်မာလာလေပါပဲ ။ ” လို့ ဆိုပါတယ် ။

SM